spot_imgspot_imgspot_imgspot_img
Thursday, March 28, 2024
spot_imgspot_imgspot_imgspot_img

အနာဂတ်နိုင်ငံတော် တိုးတက်စေဖို့ အကျိုးပြုတေးသီးချင်းများနှင့် ပံ့ပိုးနေသူ

Author

Date

Category

ဦးမြာ

″ နှစ်ပေါင်းများစွာ အာဏာရှင်စနစ်အောက်မှာ နေလာကြတဲ့ ပြည်သူလူထုတွေက ခေတ်စနစ်ကို ငြီးငွေ့တယ်ပေါ့နော မနှစ်သက်တာလည်း ပါတယ်ပေါ့နော ရွံမုန်းတာလည်းပါတယ်ပေါ့ ခံစားချက်တွေ အများကြီးပေါ့လေ ″ ဟုဆိုပြီး ပြောင်းလဲလိုသောစိတ်နဲ့ နိုင်ငံရေးလောကမှာ အနုပညာ အခန်းကဏ္ဍဖြင့် နိုင်ငံအကျိုးပြုသည့်အပိုင်းမှာ ပါဝင်နေသူကတော့ အသက် ၅ဝ အရွယ်ရှိ တေးရေးဆရာ သစ်လွင်အောင်(လွိုင်ကော်) ပဲ ဖြစ်ပါတယ်။

သစ်လွင်အောင်(လွိုင်ကော်)ဟာ ငယ်ငယ်လေးကတည်းက သီချင်းရေးတာကို ဝါသနာပါပြီး ၈၈ အရေးအခင်းကစ နိုင်ငံရေးလောကထဲ ပါဝင်လှုပ်ရှားနေသူတစ်ဦး ဖြစ်ပါတယ်။

စတိတ်ရှိူးတွေမှာလည်း သီဆိုခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာတော့ ဘာသာရေးသီချင်းတွေ ရေးသားလာခဲ့တာကို တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ″ NLD ကို မဲပေးမည် ″ ဆိုတဲ့ သီချင်းကို ဒေါ်အောင်ဆန်းစုကြည် ကယားပြည်နယ်ကို ပထမဆုံးအကြိမ် မဲဆွယ်စည်းရုံးရေးလာတဲ့အချိန်မှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။

″ NLD ကို မဲပေးမည် ″ ဆိုတဲ့ သီချင်းကို စတင်ရေးသားခဲ့တဲ့ အချိန်မှာ ခေတ်တစ်ခု စနစ်တစ်ခုကို အပြောင်းအလဲ လိုချင်ကြတဲ့နှင့်အတူ တိုင်းရင်းသားပါတီတွေကို အားပေးလိုစိတ်ရှိပေမဲ့ အပြောင်းအလဲ တစ်ခုအတွက် အစိုးရဖွဲ့နိုင်ရန် အင်အားကြီး ပါတီဖြစ်တဲ့ NLD ပါတီကို အနိုင်ရစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ရေးသားခဲ့တာ ဖြစ်တယ်လို့ သူက ပြောပြပါတယ်။

နှစ်ပေါင်းများစွာ အာဏာရှင်စနစ်အောက်မှာ နေထိုင်လာခဲ့ကြတဲ့အတွက် ၎င်းခေတ်စနစ်ကို မနှစ်သက်တော့တဲ့အတွက် အပြောင်းအလဲ တစ်ခုကို လိုချင်တဲ့ ရည်ရွယ်ချက်နဲ့ ရေးသားခဲ့ကြောင်းကိုလည်း သူက ပြောပါတယ်။

သူဟာ ရှမ်း+အင်းသား လူမျိုးဖြစ်ပြီး လက်ရှိမှာတော့ ကယားပြည်နယ် လွိုင်ကော်မြို့မှာ နေထိုင်နေတာ ဖြစ်ပါတယ်။ ယနေ့အချိန်ထိ သီချင်းပုဒ်ရေပေါင်း (၇၀) ကျော်ကို ရေးသားခဲ့ပြီးဖြစ်ပြီး ရေးသားခဲ့သမျှ သီချင်းတွေထဲမှာ အချစ်နဲ့ သက်ဆိုင်တဲ့ သီချင်းတွေကို ရေးသားခဲ့ခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။

″ ရေးခဲ့သမျှ သီချင်းတွေက အချစ်သီချင်းတွေ မပါဘူး။ ဒီဗုဒ္ဓဘာသာ ဓမ္မတေးနဲ့ ပတ်သက်ပြီးတော့ ရေးဖြစ်တယ်။ ပြီးတော့ အကျိုးပြု သီချင်းတွေရေးဖြစ်တယ်။ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ သီချင်း ငြိမ်းချမ်းရေး သီချင်းတွေပေါ့။ အဲ့ဒါတွေပဲ ရေးဖြစ်တာပေါ့ ″ ဟုဆိုပြီး ရေးသားခဲ့ဖူးတဲ့ သီချင်းတွေနဲ့ ပတ်သက်ပြီး ရှင်းပြခဲ့ပါတယ်။

ငယ်စဉ်ကတည်းက လွိုင်ကော်မှာ စတိတ်ရှိူးစတင်သီဆိုရာက စပြီး နာမည်ကျော် အဆိုတော်တွေနဲ့ ရင်းနှီးကာ လက်ရှိရေးနေတဲ့ သီချင်းတွေကို နာမည်ကျော် အဆိုတော်များ ဖြစ်ကြတဲ့ စည်သူလွင်၊ စောဖိုးခွား၊ ထက်အောင်၊ ချမ်းချမ်းတို့က သီဆိုမှုတွေမှာ ပါဝင်ပေးထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆မှာ နေပြည်တော်မှာ ပြုလုပ်တဲ့ ၂၁ရာစု ပင်လုံညီလာခံမတိုင်ခင်မှာလည်း ညီလာခံနဲ့ပတ်သက်ပြီး ″ ပင်လုံစိတ်ထား ″ ဆိုတဲ့ သီချင်းကို ကိုရေးသားခဲ့ပါတယ်။

ဒါ့အပြင် “ငြိမ်းချမ်းခွင့်” သီချင်းကိုတော့ ကယားပြည်နယ်ထဲမှ အဆိုတော်များနှင့် ဂီတအနုပညာရှင်များက ပူးပေါင်းပါဝင်ပြီး သီချင်းခွေအဖြစ် ထုတ်ဖြစ်ခဲ့ပါတယ်။

၂၁ရာစု ပင်လုံညီလာခံနဲ့ ပတ်သက်တဲ့ “ပင်လုံစိတ်ထား” ဆိုတဲ့ သီချင်းကို ပြန်ကြားရေးဝန်ကြီးက သက်ဆိုင်ရာပုံရိပ်တွေကို ထည့်ပြီး MRTV မှာထုတ်လွှင်ေ့ပေးခဲ့တယ်လို့ သိရပါတယ်။

၈၈ အရေးအခင်းမှာ သစ်လွင်အောင်နဲ့အတူ အရေးအခင်းမှာ ပါဝင်လုပ်ရှားနေတဲ့ ကျောင်းသားတချို့က တောထဲရောက်ရှိသွားပြီး သစ်လွင်အောင်ကတော့ ထောင်ထဲရောက်သွားခဲ့တာ ဖြစ်ပါတယ်။

ယခုအချိန်ထိ နိုင်ငံရေးလောကထဲ ပါဝင်လုပ်ရှားနေတဲ့ သစ်လွင်အောင်ကတော့ တချိန်က ထောင်ထဲကို နှစ်ကြိမ်ရောက်ဖူးခဲ့သူပါ။ ပထမအကြိမ်မှာ မြင်းခြံထောင်မှာ ရောက်ရှိသွားပြီး ၂၂ နှစ်အရွယ်သာ ရှိသေးတယ်လို့ ဆိုပါတယ်။ ဒုတိယအကြိမ်ကတော့ အင်စိန်ထောင်မှာ ဝင်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အရေးအခင်းကာလမှာ ကယားပြည်နယ်အနေဖြင့် ပါဝင်လုပ်ရှားခဲ့တဲ့ သူဖြစ်ပါတယ်။

″ အကုန်လုံးက ကျောင်းသားဘဝ အရွယ်မှာ ခေတ်စနစ်တစ်ခုရဲ့ အပြောင်းအလဲမှာပေါ့ အချိုးအကွေ့မှာပေါ့ ဒီလှိုင်းတံပိုးကြီးမှာ အားလုံးက ပါဝင်ပတ်သက်ခဲ့ကြပြီးပေါ့ တောထဲရောက်တဲ့လူလည်းရောက် ထောင်ကျတဲ့လူတွေလည်းကျ ″ ဟု ဆိုပြီး သူ့ရဲ့ အတွေ့အကြုံကို ပြောပြပါတယ်။

သူဟာ ထောင်ကျခဲ့သော်ငြားလည်း စိတ်ဓာတ်ကျပြီး အရာရာကို အရှူံးပေးလိုစိတ်မရှိသလို သူ့ရဲ့ ဝါသနာကို မစွန့်လွတ်ဘဲ ထောင်ထဲမှာနေရင်း သီချင်းလည်းရေးဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

သို့သော်လည်း ထောင်ထဲမှာ ရေးခဲ့တဲ့ သီချင်းကိုတော့ အပြင်လောကမှာ ဆိုခွင့်မရှိဘူးလို့ သိရပါတယ်။

သစ်လွင်အောင်(လွိုင်ကော်) ဟာ သူသီချင်းရေးစပ် သီဆိုထောက်ပံ့ခဲ့တဲ့ အင်အားကြီး ပါတီက အနိုင်ရရှိပြီး အစိုးရဖွဲ့နိုင်ခဲ့ပေမဲ့ ကယား( ကရင်နီ) ပြည်နယ်အတွက် မျှော်လင့်ထားသည့်အတိုင်း ဖြစ်မလာခဲ့မှုအပေါ် စိတ်မကောာင်းကြောင်းကိုလည်း အခုလို ပြောပြပါတယ်။

″ တကယ့်လက်တွေ့မှာတော့ ထင်ထားသလို ဖြစ်မလာဘူးပေါ့နော အဲ့တော့ အဲ့ဒီအတွက်လည်း အားလုံးက စိတ်မကောင်းကြပါဘူး။ ဘာပဲဖြစ်ဖြစ် စိတ်ရှည်ရမှာပေါ့နော ″ လို့ ပြောသွားပါတယ်။

အစိုးရအပေါ် အကြံပြုချက်ကို အခုလို ပြောပြသွားပါတယ်။ ″ အဲ့တော့ အစိုးရလည်း ကောင်းရာမွန်ရာ ဦးဆောင်ပေးမှ ပြည်သူလူထုတွေကလည်း ကောင်းကောင်းမွန်မွန် နောက်လိုက်ပြီးတော့မှ စည်းကမ်းရှိရှိနဲ့ ဝိုင်းလုပ်နိုင်မှ အဲ့ဒါမှပဲ နည်းနည်းလေး ထိန်းနိုင်မဲ့ အနေအထားမျိုးပါ ″ လို့ ပြောသွားပါတယ်။

NLD အစိုးရအပေါ် မျှော်လင့်ချက်တွေ ထားပေမဲ့ ၎င်းတို့လက်ထက်မှာ တိုင်းပြည်ကြီး တိုးတက်မှု၊ ကျဆင်းမှုက မသိနိုင်တဲ့အတွက် ပြည်သူများရဲ့ မျှော်လင့်ချက်ကို မပျက်ပြားစေဘဲ အစိုးရအဖွဲ့ခေါင်းဆောင်များက စည်းလုံးညီညွတ်စွာ နေထိုင်ကြပြီး ပြည်သူများရှေ့မှာ စံပြဖြစ်ရန် လိုအပ်တယ်လို့ သူက လက်ရှိ ကယားပြည်နယ် အစိုးရအပေါ်ကို သုံးသပ်ပြောဆိုထားပါတယ်။

သစ်လွင်အောင်(လွိုင်ကော်) ကဲ့သို့ နိုင်ငံရေးလောကမှာ နောက်ကွယ်ကနေ ကူညီပံ့ပိုးပြီး မျှော်လင့်ချက်ကြီးမားသူတွေ များစွာ ရှိနေပေမဲ့ လက်ရှိအခြေအနေအရ တိုးတက်ပြောင်းလဲလာခြင်း မရှိသေးတဲ့အပေါ် ဝမ်းနည်းကြောင်းကိုလည်း သူက ပြောသွားပါသေးတယ်။

သစ်လွင်အောင်(လွိုင်ကော်)ဟာ အနာဂတ်အတွက် နိုင်ငံတိုးတက်စေဖို့ သီချင်းများ နှင့်အတူ နောက်ကွယ်က ပံ့ပိုးဆောင်ရွက်မှုတွေ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

spot_img
spot_img

Recent posts