spot_imgspot_imgspot_imgspot_img
Thursday, April 25, 2024
spot_imgspot_imgspot_imgspot_img

“ အနာဂါတ်ခေါင်းဆောင် လူငယ်တွေကို နေရာပေးဖို့ အချိန်တန်ပြီ ”

Author

Date

Category

အရပ် ၆ ပေခန့် အသားဖြူဖြူ လူငယ်ပီပီ သွက်လက်ချက်ခြာပြီး ကား၊ ဆိုင်ကယ်လမ်းမပေါက်ရောက်တဲ့ သူ့ရဲ့ ဒေသတွေမှာ စည်းရုံးဆင်းပြီး လူထုအတွက် အားသက်သရော လွှတ်တော်မှာ မေးခွန်း၊ အဆိုတွေကို တင်သွင်းပေးချင်နေသူက အသက် ၂၆ နှစ်အရွယ် ရှားတောမြို့နယ် ဒေသခံ ခူးမိုက်ကယ်ဘိုးရယ်ပဲ ဖြစ်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ထောင်ကျော် အနိုင်ရခဲ့ကြပြီး ခူးမိုက်ကယ်ဘိုးရယ်ကလည်း တစ်ယောက် အပါအဝင်ဖြစ်ပါတယ်။ သူဟာ ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီတစ်ခုဖြစ်တဲ့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီကနေ ရှားတောမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် ၁ နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရရှိခဲ့သူ ဖြစ်ပါတယ်။

သူနေထိုင်တဲ့ ရှားတောမြို့နယ်ဟာ အစိုးရက အညိုရောင်နယ်မြေအဖြစ် သတ်မှတ်ထားဆဲ မြို့နယ်ဖြစ်တဲ့အပြင် ကယားပြည်နယ်အတွင်း ဖွံ့ဖြိုးမှု နောက်ကျဆုံး မြို့နယ်တစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် ဖြတ်လေးဖြတ်ကာလကို အဆိုးဆုံး ရင်ဆိုင်ခဲ့ရတဲ့ မြို့နယ်လည်း ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်းမှာ ဖွဲ့စည်းမဲ့ ပြည်နယ်လွှတ်တော်မှာ သူဟာ ရှားတောမြို့နယ်အတွက် ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ဆောင်ရွက်သွားရတော့မှာ ဖြစ်ပါတယ်။

လွှတ်တော်အတွင်းမှာတော့ ရှားတောမြို့နယ်က လူထုတွေရဲ့ အခြေခံ လိုအပ်ချက်ဖြစ်တဲ့ ရေရရှိရေးကို ဦးစားပေးပြီး ဆောင်ရွက်သွားမယ်လို့ သူက ပြောပါတယ်။

“ ပထဆုံးအနေနဲ့ ဒီမြို့နယ်အတွက်ကတော့ ကျနော်မေးခွန်းမေးမဲ့ အရာက ဒီမြို့နယ်ရဲ့ လက်ရှိရေသွယ်တန်းမှု စနစ်ကို ကျနော်က မေးဖို့ စိတ်ကူးထားတာပေါ့။ ဘာဖြစ်လို့လဲဆို ဒီရေ အသုံးပြုမှုပေါ့။ သောက်သုံးရေဖြစ်ဖြစ်၊ စိုက်ပျိုးရေဖြစ်ဖြစ် ဒါတွေက သူတို့ရဲ့ စားဝတ်နေရေးကို တိုက်ရိုက်အချိုးကျတယ်။ အရမ်းအရေးပါတယ်ဆိုတဲ့ အချက်တွေကြောင့် ကျနော် ဒီမြို့နယ်ရဲ့ ရေအသုံးပြုမှု ကိစ္စကို အရင်ဆုံးမေးဖို့ ကျနော် စိတ်ကူးထားတာ ရှိပါတယ်။ ” လို့ မိုင်ကယ်က ပြောပါတယ်။

ရှားတောမြို့နယ်မှာ ရှိတဲ့ လူထုအများစုဟာ တောင်ပေါ်ဒေသမှာ နေထိုင်ကြတဲ့အတွက် ရေရရှိဖို့ အခက်အခဲရှိတယ်လို့ သိရပါတယ်။ ဒါကြောင့် ရှားတောမြို့နယ် ရေရရှိရေးအတွက်ကို ဦးစားပေးအနေနဲ့ ဆောင်ရွက်သွားချင်တယ်လို့ သူက ပြောပါတယ်။

သူဟာ မွေးချင်း ခြောက်ယောက်ထဲမှာ အငယ်ဆုံးဖြစ်ပြီး အသက် ၂၆ နှစ်သာ ရှိသေးတာ ဖြစ်ပါတယ်။ သူကိုယ်တိုင် ဖြတ်လေးဖြတ်ကာလကို ရင်ဆိုင်ဖြတ်သန်းခဲ့ရသူပါ။ ဖြတ်လေးဖြတ်မှာ သူ ငယ်သေးတယ်ဆိုပေမယ့်လည်း လူကြီးမိဘတွေရဲ့ ပြန်ပြောင်းပြောဆိုမှုတွေကြောင့် ရှားတောဒေသခံတွေ ရင်ဆိုင်ကျော်ဖြတ်ခဲ့ရတဲ့ ကာလတွေကို ပိုမိုသိရှိခဲ့ရတယ်လို့ ဆိုပါတယ်။

၂၀၂၁ ခုနှစ် ပြည်နယ်လွှတ်တော်မှာ နေရာယူသွားမဲ့ လွှတ်တော်ကိုယ်စားလှယ်တွေထဲမှာ သူဟာ အသက်အငယ်ဆုံး လွှတ်တော် ကိုယ်စားလှယ်တစ်ယောက် ဖြစ်ပါတယ်။

သူဟာ BA ( ပထဝီ) ဘွဲ့နဲ့ ကျောင်းပြီးခဲ့သူဖြစ်ပြီး ရှားတောမြို့နယ် မီးသတ်ဦးစီးဌာနမှာ အလုပ်လုပ်ရင်း ၂၀၂၀ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ဖို့ အလုပ်ထွက်ခဲ့တာ ဖြစ်ပါတယ်။

သူ့အနေနဲ့ လွှတ်တော်အတွင်းကနေ ဆောင်ရွက်ရမဲ့ ဥပဒေနဲ့ ညီတဲ့ ကိစ္စရပ်တွေကို ကြိုးစားဆောင်ရွက်သွားမဲ့အပြင် လွှတ်တော်ပြင်ပကနေလည်း ဒေသခံ လူထုတွေအတွက် အထောက်အကူပြုစေမဲ့ လုပ်ငန်းရပ်တွေကို ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြည်နယ်အရေးဆောင်ရွက်သွားရမဲ့ အသက်အငယ်ဆုံး လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ စိန်ခေါ်မှု နှစ်ရပ်ရှိတယ်လို့ သူက ပြောပါတယ်။ ဒီကနေ့ခေတ်မှာ လူကြီးတွေက လူငယ်တွေကို နေရာပေးတဲ့နေရာမှာ အားနည်းနေသေးတဲ့အတွက် လူငယ်ကိုယ်စားလှယ်တစ်ယောက်ဖြစ်တဲ့ သူ့အနေနဲ့ ရုန်းကန်သွားဖို့က အဓိက စိန်ခေါ်ချက်ဖြစ်တယ်လို့ ဆိုပါတယ်။

“ ဒီကယားပြည်နယ်မှာဖြစ်ဖြစ်၊ အမျိုးသားနိုင်ငံရေး ဒီတိုင်းရင်းသားလူငယ်တွေမှာပဲဖြစ်ဖြစ်၊ အဲ့လိုကိစ္စမှာဆို လူငယ်ပါဝင်မှု အခန်းကဏ္ဍက အရမ်းနည်းနေသေးတယ်ပေါ့။ ဆိုတော့ အဓိကပြောချင်တာက ဒီလူကြီးတွေက လူငယ်တွေကို တကယ့်ဆုံးဖြတ်ချက်ချမဲ့ နေရာမျိုးတွေမှာ ထားဖို့ကျတော့ လူငယ်တွေကို မယုံကြည်တဲ့စိတ်နဲ့ နေရာမပေးချင်တာကလည်း အဲ့ဒါက ဒုတိယ စိန်ခေါ်မှုပေ့ါ။ ” လို့ သူက ဆက်ပြောပါတယ်။

လူဦးရေ ၇ ထောင်ဝန်းကျင်ကျော် နေထိုင်ပြီး ဖွံ့ဖြိုးမှု နောက်ကျနေသေးတဲ့ သူ့ရဲ့ မြို့လေးကို ဒီထက်မက ဖွံ့ဖြိုးတိုးတက်ဈေချင်ပြီး အညိုရောင်နယ်မြေအဖြစ် သတ်မှတ်ခြင်းကို ပယ်ဖျောက်ပေးဖို့ထက် သက်ဆိုင်ရာ အစိုးရ၊ လွှတ်တော်က မြို့နယ်အပေါ် စေတနာနဲ့သာ ဆောင်ရွက်သွားရင် ဖွံ့ဖြိုးတိုးတက်မှုက အညိုရောင် ဖြစ်ခြင်း၊ မဖြစ်ခြင်းနဲ့ သက်ဆိုင်မှု မရှိဘူးလို့ သူက သုံးသပ်ထားပါတယ်။

“ ကိုယ်ကြမ္မာကို ဖန်တီးခွင့်ရဖို့ ကျနော်က ဒီအညိုရောင်နယ်မြေက လူထုတွေ၊ ပြီးတော့မှ ကျနော်တို့ ဒေသခံတွေပေါ့ တိုင်ပင်ဆွေးနွေးပြီးတော့မှ ဒီကိစ္စကို သက်ဆိုင်ရာ နှစ်ဖက်အဖွဲ့အစည်းပေါ့နော။ ကျနော်တို့ ဥပဒေလမ်းကြောင်းအရ သွားမဲ့လမ်းကြောင်းကနေ နှစ်ဖက်အဖွဲ့အစည်းကို ကျနော်တို့ တွေ့ပြီးတော့မှ နောက်ကျရင် ကျနော်တစ်ဦးတစ်ယောက် အနေနဲ့ပဲဖြစ်ဖြစ် ကျနော်တို့ ဒီမြို့နယ်ပဲဖြစ်ဖြစ်၊ ကျနော်တို့ ပါတီရဲ့ ဗဟိုကော်မတီအနေနဲ့ဖြစ်ဖြစ် ကျနော်တို့ ပါတီရဲ့ မူဝါဒတွေနဲ့အညီ ကျနော်တို့ ရှားတောမြို့နယ်အတွက် အညိုရောင်နယ်မြေ ကိစ္စအတွက် ကျနော်တို့ ဆက်လက်လုပ်ဆောင်သွားဖို့လည်း ရှိပါတယ်။”လို့ သူက အညိုရောင်နယ်မြေ ဖြစ်နေဆဲ သူ့မွေးရပ်မြေ မြို့နယ်လေးနဲ့ ပတ်သက်ပြီး ပြောပါတယ်။

အသက် ၅၀ အရွယ် မိခင်ဖြစ်သူ က သူ ရွယ်ငယ်စဉ်ကတည်းကပင် ဒေသအကျိုး၊ ရပ်ရွာအကျိုးကို အားသက်သရော ဆောင်ရွက်နေတာ ယနေ့အထိပါပဲ။ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲ စည်းရုံးကာလမှာလည်း သားဖြစ်သူအတွက်ရော၊ သားဖြစ်သူနဲ့အတူ တစ်ပါတီတည်း ဝင်ရောက်ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်းတွေအတွက်ပါ နေ့မအား၊ ညမနား စည်းရုံးရေးဆောင်ရွက်ပေးခဲ့ပါတယ်။ သာမာန်မိသားစုမှာ ကျင်လည်နေပြီး အိမ်ဆိုင်ကလေးဖွင့်ကာ သား၊သမီးစားဝတ်နေရေးကို ဖြေရှင်းပေးနေတာ ဖြစ်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေထဲမှာ လူငယ် လွှတ်တော်ကိုယ်စားလှယ်တွေ ယခင်ကထက် ဝင်ရောက်ယှဉ်ပြိုင်မှု များလာပြီး အနိုင်ရလာတဲ့ လူငယ်လွှတ်တော်လွှတ်တော် ကိုယ်စားလှယ်တွေလည်း ပိုများလာတာကို တွေ့ရပါတယ်။

တိုင်းရင်းသားးဒေသ အခြေစိုက်နိုင်ငံရေးပါတီတွေမှာတော့ လူငယ်အများစု နေရာရရှိလာကြပါပြီ။ သို့ပေမယ့် အာဏာရဆဲနိုင်ငံရေးပါတီကြီးနဲ့ နိုင်ငံရေးပါတီအကြီးတွေမှာတော့ လူငယ်တွေအတွက် စတင်နေရာပေးနေပေမယ့် နည်းပါးနေပါသေးတယ်။

ခူးမိုက်ကယ်ဘိုးရယ် ပြောသလိုပါပဲ ယနေ့ လူကြီးတွေဟာ တိုင်းပြည်ရဲ့ အနာဂါတ်ခေါင်းဆောင်ဖြစ်တဲ့ လူငယ်တွေကို နေရာပေးမဲ့ အချိန်ရောက်ပါပြီ။ ယခုအချိန်မှာ နေရာပေးမှသာ တိုင်းပြည်ရဲ့ အနာဂါတ်ကို ဆောင်ရွက်ဖို့ သူတို့တတွေ သင်ယူဆင်ခြင်သွားနိုင်မှာ ဖြစ်ပါတယ်။

spot_img
spot_img

Recent posts