spot_imgspot_imgspot_imgspot_img
Thursday, March 28, 2024
spot_imgspot_imgspot_imgspot_img

အန္တာရာယ်ကြားက ဝမ်းရေးအတွက် ခြံငှားရမ်းပြီး တောင်ယာလုပ်ကိုင်ကြရတဲ့ စစ်ဘေးဒုက္ခသည်များ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အတွင်းက စစ်ဘေးဒုက္ခသည်တွေဟာ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ၊ လေတပ်ရဲ့ ဗုံးကျဲတိုက်ခိုက်မှုတွေကြားက ဝမ်းရေးအတွက် ၎င်းတို့ခိုလှုံနေထိုင်ကြတဲ့ ကျေးရွာတွေရဲ့ မြေလွတ်၊ ခြံလွတ်တွေကို ငှားရမ်းပြီး စပါး၊ ပြောင်း၊ မြေပဲစိုက်ပျိုးပြီး ဝမ်းရေးဖြေရှင်းနေကြရပါတယ်။

ခြံရှင်းပြီး စိုက်ပျိုးနေတဲ့အချိန်တွေမှာ လက်နက်ကြီးအသံ၊ လေယာဉ်အသံကြားပြီဆိုရင် သစ်ပင်အောက်၊ ခြုံအောက်၊ အရိပ်များတဲ့ နေရာတွေမှာ ပုန်းအောင်းနေရတယ်လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးဖြစ်တဲ့ ဒေါ်လားဖိုး က ပြောပါတယ်။

” ကျွန်မတို့လာစိုက်တဲ့အချိန်ဆို တော်တော်ကြောက်ရတယ်ပေါ့နော်။ ဘာဖြစ်လဲဆို ကိုယ်ကစိုက်တဲ့အချိန်ဆိုတော့ သူတို့က လျှောက်ထုတာ။ တစ်ခါတစ်လေ လေယာဉ်လဲ ဝဲတယ်ဆို‌တော့ ကျွန်မတို့က ထုတဲ့အချိန်တော့ ပုန်းတဲ့နေရာ လုံခြုံတဲ့နေရာ လျှောက်ပြေးတယ်ပေါ့။ ကိုယ်မပုန်းတတ်လဲ အဲ့ဒီသစ်ပင် ခြုံတို့နားမှာ သစ်ပင်ကြီးတို့မှာ သွားပုန်းရတယ် အဲ့မျိုးပေါ့” လို့ ဒေါ်လားဖိုးက ပြောပါတယ်။

စစ်ရှောင်တွေအဖို့ လက်နက်ကြီးပစ်ခတ်မှုအသံကြားကနေ စိုးရိမ်ထိတ်လန့်စွာ စိုက်ပျိုးနေကြရပြီး မျိုးစေ့၊ လယ်ထွန်စက်ခ၊ မြေဩဇာဖိုးတွေလည်း မတတ်နိုင်တဲ့ကြားက ဝယ်ယူအသုံးပြုနေရတယ်လို့ ဒေါ်လားဖိုးက ရှင်းပြပါတယ်။

လက်ရှိမှာ မြေဩဇာတစ်အိတ်ကို ရှစ်သောင်းကျပ်၊ စက်ကြီးနဲ့ လယ်ထွန်ခကို တစ်နာရီ သုံးသောင်းကျပ်၊ ကိုင်းရှည်အသေးကို တစ်နာရီ တစ်သောင်းငါးထောင်ကျပ် ပေးရပြီး လယ်ခြံကို ထွန်ယက်စိုက်ပျိုးနေကြရပါတယ်။

အိုးအိမ်စွန့်ခွာကာ ထွက်ပြေးတိမ်းရှောင်ရပြီး စစ်ရှောင်ကာလကြာမြှင့်လာတာနဲ့အမျှ အခြေခံစားနပ်ရိက္ခာ ရရှိမှုကလည်း နည်းပါးလာတဲ့အတွက် စစ်ရှောင်တွေအနေနဲ့ လိုအပ်ချက်တွေ ကြုံတွေ့နေရတယ်လို့ ပြောဆိုကြပါတယ်။

“လိုအပ်ချက်တွေရှိတယ်ပေါ့နော်။ ဘာဖြစ်လဲဆိုတော့ ဝင်ငွေလဲမရှိဘူးပေါ့နော်။ နောက်အဲ့ဒီစက်ခတွေလဲ ဈေးကြီးတယ်။ ပြောင်းဖူးဝယ်ရတာလဲဈေးကြီးတယ်။ မြေဩဇာလဲ ဝယ်ရတာလဲဈေးကြီးတယ်။ နောက်ကိုယ်က ဘားမရှိဘူး အလှူရှင်လဲ မလာတော့ အဲ့လိုမျိုးပေါ့နော်” လို့ ဒေါ်လားဖိုးက ဆက်ပြောပါတယ်။

ကရင်နီပြည်တွင်းမှာ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ နဲ့ စစ်ကောင်စီတပ်တို့ နေ့စဉ်ရက်ဆက် တိုက်ပွဲဖြစ်ပွားနေပြီး လေယာဉ်နဲ့ ဗုံးကျဲတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အရပ်သားထိခိုက် သေဆုံးမှုလည်း ရှိနေပါတယ်။

spot_img
spot_img

Recent posts