spot_imgspot_imgspot_imgspot_img
Tuesday, March 19, 2024
spot_imgspot_imgspot_imgspot_img

“အမျိုးသမီးများကို ‌ချောက်ချားစေတဲ့ စစ်ကောင်စီတပ်ရဲ့ ထိတ်လန့်ဖွယ်ရာ စစ်ဆေးရေးဂိတ်များ”

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

“ဒီလိုအရွယ်အစားနဲ့ဆို ဒီညစာအဖို့ လုံလောက်ပြီ” “ကွက်တိပဲ”

စတဲ့…စတဲ့ …. ချောက်ချားစရာကောင်းလှတဲ့ စကားလုံးထိုးနှက်ချက်တွေ…….

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ပြင် တနေရာက စစ်ကောင်စီစစ်ဆေးရေးဂိတ်တစ်ခုမှာ စစ်ဝတ်စုံဝတ်ထားတဲ့ စစ်ကောင်စီ တပ်သား ခြောက်ယောက် ခုနစ်ယောက်လောက်က ဆိုင်ကယ်နဲ့ ဂိတ်ဖြတ်လာတဲ့ အမျိုးသမီး လေးဦးကို တားပြီး စစ်ဆေးနေတဲ့အချိန်မှာ၊ အဆိုပါ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ကို ချောက်ချားစရာကောင်းလောက်အောင် ကြည့်ပြီး မကြားဝံ့၊ မနာသာတဲ့ ရွံရှာစက်ဆုပ်ဖွယ် စကားလုံးတွေကို ပါးစပ်အရသာခံ ပြောဆိုနေကြပါတယ်။

ဂိတ်ဖြတ်လာတဲ့ အမျိုးသမီးလေးဦးထဲက အသက် ၂၅ နှစ်အရွယ် မော်စိုးမြာ (အမည်လွှဲ) ကတော့ စစ်ကောင်စီတပ်သား ခြောက်ယောက် ခုနစ်ယောက်လောက် ဝိုင်းပြီး ညစ်ညမ်းတဲ့အပြောအဆိုတွေနဲ့ ဒီလိုစစ်ဆေးခံရတဲ့အခါ ကြောက်စိတ်နဲ့အတူ ထိတ်လန့် ရွံရှာနေရတာပါ။

“စစ်သား ခြောက်ယောက် ခုနစ်ယောက်လောက်က ကျမတို့ကို တားပြီး ဆိုင်ကယ်တူးဘောက်တွေဖွင့်၊ ဖုန်းတွေစစ်ပြီး အဲလိုညစ်ညမ်းတာပြောတော့ တအားကြောက်တယ်။ ပြီးတော့ သူတို့က ညစ်ပတ်နံစော်နေပြီး အဲ့တိုင်းကြည့်ရင်တောင် ကြောက်နေပါတယ်ဆို။ ညစ်ညမ်းတဲ့ စကား ထပ်ပြောတော့ တအားကို ရွံရှာမုန်းတီးမိတယ် ” လို့ မော်စိုးမြာ (အမည်လွှဲ) က သူမ စစ်ဆေးခံရတာကို ပြန်ပြောင်းပြောပြနေတာပါ။

မော်စိုးမြာတို့ အစစ်ဆေးခံရတဲ့နေ့မှာ သူမနဲ့အတူ တခြားအမျိုးသမီး နှစ်ဦးကို စစ်ကောင်စီတပ်သားတွေက သူတို့ရဲ့ ဗိုလ် အဆင့်ရှိတဲ့သူနဲ့ လွှဲပြောင်း စစ်ဆေးခဲ့ပြီး၊ စစ်ဆေးချိန်တစ်နာရီနီးပါး ကြာမြင့်ခဲ့ပါတယ်။ ကျန်တဲ့အမျိုးသမီးတစ်ဦးကိုလည်း သူမဖုန်းထဲမှာ သူတို့အတွက် ( စစ်ကောင်စီတပ်သား) မသင်္ကာစရာတွေ့တယ်လို့ ထင်ရတဲ့အတွက်၊ အခြား တနေရာမှာ ခေါ်ယူစစ်ဆေးပြီး မော်စိုးမြာတို့ကို ပြန်လွတ်ပေးပြီးတဲ့အချိန်မှသာ သူမကိုလည်း ပြန်လွတ်ပေးလိုက်တယ်လို့ ဆိုပါတယ်။

လွိုင်ကော်မြို့ပြင်က စစ်ဆေးရေးဂိတ်တွေကို ဖြတ်တဲ့နေရာမှာပဲ မလုံခြုံမှုတွေ၊ ခြိမ်းခြောက်မှုတွေနဲ့ တွေ့ရတာ မဟုတ်ပါဘူး။ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ လွိုင်ကော်မြို့တွင်းမှာလည်း အလားတူ ခြိမ်းခြောက်မှုတွေ၊ လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းပြောဆိုမှုတွေ ၊စနှောက်မှုတွေကို ပြုလုပ်လေ့ရှိပါတယ်။ ဒီလိုအချင်းအရာတွေကိုအမျိုးသမီး အများစုက ပိုမို ကြုံတွေ့နေရတာပါ။

လွိုင်ကော်မြို့ဒေသခံ မော်မိုး (အမည်လွှဲ) ကတော့ စစ်အာဏာသိမ်းပြီးနောက် မြို့ပေါ်နဲ့ မြို့ပြင်ဂိတ်တွေမှာ ၁၀ ကြိမ် ထက်မနည်း စစ်ဆေးခံ ဖူးတယ်လို့ ဆိုပါတယ်။ သူမကတော့ ယခင်က ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်ခဲ့ပြီး ဝန်ထမ်းကဒ်ပြပြီးသွားလာတာကြောင့် တခြားအမျိုးသမီးတွေလို ကြမ်းတမ်းတဲ့ အပြောအဆို ၊ အပြုအမူတွေနဲ့ စစ်ဆေးတာတွေ မကြုံခဲ့ဖူးပေမယ့်၊ စစ်ကောင်စီတပ်သားတွေရဲ့ စနှောက်ခြင်းကို ခံခဲ့ဖူးတယ်လို့ ဆိုပါတယ်။

“ဘယ်လိုပြောရမလဲ သူတို့က မိန်းကလေးတွေကိုစစ်ရင် ဘာမှမတွေ့ရင်တောင်မှ အကြောင်းမရှိ အကြောင်းရှာပြီး ဖုန်းတွေကြည့်သလိုနဲ့ ‘ဘယ်သွားမှာလဲ ဘာလုပ်မှာလဲ’ သိတယ်မို့လား။ အဲလို ပါးစပ်အရသာခံပြီး ဘာအကြောင်းပြချက်မှ မရှိဘဲနဲ့ အဲလိုမျိုး အချိန်အကြာကြီး ခေါ်ထားပြီးတော့မှ စောနက ညီမပြောသလိုမျိုး ပါးစပ်အရသာခံပြီး စစ်တာပေါ့” လို့ မော်မိုး က ပြောပါတယ်။

လူ တစ်ဦးတစ်ယောက်ရဲ့ Personal (ကိုယ်ရေးကိုယ်တာ) ကို စစ်ကောင်စီတပ်သားတွေက မေးမြန်းခြင်း၊ ဖုန်းစစ်ဆေးခြင်းတွေဟာ အတင်းအဓမ္မလုပ်ဆောင်တာဖြစ်သလို၊ လူတစ်ဦးရဲ့ privacy (အတွင်းကိစ္စ) ကို ချိုးဖောက်တာဖြစ်ပြီး၊ မည်သူကမျှ လက်ခံနိုင်စရာအကြောင်းမရှိဘူးလို့ မော်မိုးက ဆိုပါတယ်။ သို့ပေမယ့် ဒါတွေဟာ စစ်အာဏာသိမ်းပြီး နိုင်ငံတဝှမ်းမှာ ကြုံတွေ့နေရတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေပါ။

စစ်ကောင်စီတပ်ဟာ လွိုင်ကော်မြို့အထွက်မှာရှိတဲ့ ပြည်သူပိုင်အိမ်ကို သူတို့တပ်စခန်းလို သဘောထားပြီး၊ ကိုယ်ပိုင်သော့နဲ့ နေ့ခင်းဘက်မှာ အထိုင်ဂိတ် ပုံစံနဲ့ လမ်းသွားလမ်းလာ ပြည်သူတွေကို နေ့စဉ်နဲ့အမျှ စောင့်ကြည့် စစ်ဆေးနေတာပါ။ လူပြတ်တဲ့အချိန်မျိုးမှာဆိုရင် အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကိုပါ ကျူးလွန်နေတယ်လို့ ဂိတ်ဖြတ် စစ်ဆေးခံရဖူးသူတွေက ပြောဆိုကြပါတယ်။

“ကျမတို့ ရပ်ကွက်ထဲမှာဆို သူတို့အထိုင်ဂိတ်တွေနေရာဆို ကလေးတွေကို သူတို့ ဗီဒီယိုခိုးရိုက်တာတွေ ကလေးမလေးတွေကိုပေါ့နော် ၁၃၊ ၁၄ အရွယ်တွေကို မတော်မရော်တာတွေ အဲဒါလုပ်တာတွေလည်း ရှိတယ်။ ပြီးတော့ စစ်တဲ့နေရာမှာဆိုရင် ကြားတာပေါ့နော် ရွာသားတွေဆိုတော့ သူတို့ကြောက်တော့ မပြောရဲကြဘူးပေါ့နော်။” လို့ မော်မိုး က ပြောပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်ကနေ နိုင်ငံတဝှမ်းမှာရှိတဲ့ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ကျုးလွန်တာဟာ ပိုစိပ်လာတဲ့အတွက် အပြင်သွားဖို့ ကိုယ်သွားရမယ့် လမ်းကြောင်းကို အရင်စဉ်းစားပြီးမှ၊ စစ်ကောင်စီတပ်တွေ ရှိနိုင်တဲ့ နေရာတွေကို ရှောင်သွားနေရတယ်လို့ မော်မိုး က သူမရဲ့ လုံခြုံရေးကို ကြိုတင်တာကွယ်ဖြစ်ပုံကို ပြောပြပါတယ်။

စစ်ကောင်စီတပ်ရဲ့ အစစ်ဆေးခံခဲ့ရဖူးတဲ့ လွိုင်ကော်မြို့ပေါ် က ဒေသခံအမျိုးသမီး တချို့ဟာ ညအချိန်မှာ သူတို့ကို စစ်ဆေးခဲ့တဲ့ စစ်ကောင်စီတပ်သားတွေက ဖုန်းဆက်ပြီး စကားအားဖြင့် နှောင့်ယှက်မှုတွေ၊ ခေတ်စကားအရ “အီစီကလီ” လုပ်တာတွေနဲ့ ကြုံတွေ့နေရတယ်လို့ ကိုယ်တိုင်တွေ့ကြုံနေရသူတွေဆီကနေ သိရပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ သူတို့စစ်ဆေးခဲ့တဲ့ အမျိုးသမီးတွေရဲ့ ဖုန်းနံပါတ်တွေကို သိမ်းယူပြီး လုံခြုံရေးအရ စစ်ဆေးတာမဟုတ်ဘဲ သူတို့ရဲ့ ကိုယ်ပိုင်အခွင့်အရေးအတွက် အသုံးချနေတာပါ။

စစ်ကောင်စီတပ်တွေရဲ့ အမျိုးသမီးတွေအပေါ်မှာ လိင်ပိုင်းဆိုင်ရာကျူးလွန်တာတွေဟာ
လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက စနစ်တကျနဲ့ လုပ်ဆောင်လာတဲ့ ကိစ္စလိုမျိုးဖြစ်နေတယ် ဆိုပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဆက်တိုက်ဆိုသလို ပိုလုပ်လာတာတွေ့ရတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ BWU ရဲ့ တွဲဖက်အတွင်းရေးမှူး ၁ မဇူးပဒုမ္မာ က ပြောပါတယ်။

သို့ပေမယ့် စစ်ကောင်စီတပ်တွေဟာ အမျိုးသမီးတွေအပေါ် လူ့အခွင့်အရေးကျူးလွန်ခွင့်ကို တရားဝင်လိုင်စင် ပုံစံလိုမျိုး ပေးထားတာဖြစ်တဲ့အတွက်၊ ကျူးလွန်တဲ့ သူတို့တပ်သားတွေကို ထိထိရောက်ရောက် အပြစ်ပေး အရေးယူဆောင်ရွက်တာမျိုး ရှိမှာမဟုတ်ဘူးလို့ မြန်မာ့အမျိုးသမီးသမဂ္ဂ BWU ရဲ့ တွဲဖက်အတွင်းရေးမှူး ၁ မဇူးပဒုမ္မာ က ဆက် ပြောပါတယ်။

“ဒီအာဏာမသိမ်းခင်ကတည်း မုဒိန်းမှုတို့လိုမျိုး လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်သလိုမျိုး ကြုံရတာ တောင်မှ ဒီလို ကြီးလေးတဲ့အမှုမျိုးတောင်မှ အပြစ်ဒဏ် ကောင်းကောင်းမွန်မွန်ချပေးနိုင်ဖို့ ၊ ပြီးလို့ရှိရင် ကောင်းမွန်ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုမျိုးတွေတောင် မလုပ်နိုင်တဲ့ အခင်းအကျင်းမျိုးမှာတောင်၊ ဒီလို နှုတ်အားဖြင့် စနှောက်ပြောဆိုပြီးတော့ အကြမ်းဖက်တဲ့ဟာမျိုးကို ကျမတို့ တိုင်လို့ရလား ဆိုတဲ့ဟာမျိုးကျတော့၊ ကျမထင်တယ် မလွယ်ကူလောက်ဘူး၊ ဒီဟာက အမှုတည်ဆောက်ပုံအရ မဖြစ်နိုင်ဘူးပေါ့နော်။ တကယ်လို့ ဖြစ်သွားရင်တောင်မှ အကြမ်းဖက်စစ်တပ်အောက်က ဒီ တရားရုံး၊ တရားခုံရုံးတွေက ဘယ်လောက်မျှတမှုရှိလဲဆိုတာ မေးခွန်းထုတ်စရာဖြစ်တယ်ပေါ့နော်။” လို့ မဇူးပဒုမ္မာ က လက်ရှိ အမျိုးသမီးတွေ ရင်ဆိုင်နေရတဲ့ နှုတ်ဖြင့် အကြမ်းဖက်ခံရမှုတွေနဲ့ ပတ်သက်ပြီး ပြောပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိတည်ဆဲဥပဒေအရ မည်သူမဆို အမျိုးသမီးတစ်ဦးရဲ့ ကာယအိန္ဒြေ ပျက်စီးအောင် ကိုယ်ထိလက်ရောက်ဖြစ်စေ၊ ပြစ်မှုမကင်းတဲ့ အနိုင်ထက်ပြုမှုကိုဖြစ်စေ ၊ ကျူးလွန်ရင် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၅၄ အရ ထောင်ဒဏ် နှစ် နှစ်ဖြစ်စေ၊ ထောင်ဒဏ်ရော ငွေဒဏ်နှစ်ရပ်လုံးပါ ဖြစ်စေချမှတ်နိုင်တယ်လို့ ပြဌာန်းထားတာ ရှိပါတယ် ။

မြန်မာနိုင်ငံဟာ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးမှ လူသားတိုင်းရသင့်ရထိုက်တဲ့ လူ့အခွင့်အရေးကြေညာ စာတမ်းပါ အချက် (၃၀) မှာ သဘောတူလက်မှတ်ရေးထိုးထားပါတယ်။ လူ့အခွင့်အရေးကြေညာ စာတမ်းပါ အချက် နံပါတ် (၁၃) အချက်ဖြစ်တဲ့ “လူတိုင်းမိမိတိုင်းပြည်အတွင်း လွတ်လပ်စွာ သွားလာခွင့်ရှိသည်” လို့ ပြဌာန်းပါရှိပါတယ်။

ဥပဒေတွေ၊ အမိန့်စာတွေ၊ လူ့အခွင့်အရေးကြေညာစာတမ်းတွေ ရှိနေပေမည့် လူ့အခွင့်အရေးတွေကို ကိုယ်တိုင်ချိုးဖောက်နေတဲ့ စစ်အာဏာရှင်တွေ အမြစ်မပြတ်မချင်း မော်စိုးမြာ နဲ့ မော်မိုးတို့ အပါအဝင် အမျိုးသမီးတွေအားလုံးဟာ မလုံခြုံမှုတွေထဲက မိမိကိုယ် မိမိ အတတ်နိုင်ဆုံး စစ်ကောင်စီနဲ့ ထိပ်တိုက်မတွေ့အောင် ရှောင်ရှားသွားလာနေရဦးမှာပါ။

သို့ပေမယ့် ဒီလိုရှောင်ရှားနိုင်ဖို့ဆိုတာကလည်း ကံတရားအပေါ်မှာ မူတည်နေပါသေးတယ်။ အခြေအနေအရ ကိုယ်မဖြစ်မနေသွားလာရမည့် နေရာတွေမှာ စစ်ဆေးရေးဂိတ်တွေ ရှိနေတယ်ဆိုရင်တော့ လွန်ဆန်မရပဲ ရင်ဆိုင်ဖြတ်ကျော်နေရအုံးမှာပါပဲ……..

မော်မိုးကတော့ “ သူတို့ ( စစ်ကောင်စီ ) ကို မမြင်ရရင်လေ ကောင်းလေပါပဲ။ ဒါက မိန်းကလေးတစ်ယောက် အနေနဲ့ ပြောတာပေါ့နော် သူတို့တွေက ဒီကနေ ပျောက်ကွယ်သွားလေ ကောင်းလေပါပဲ” လို့ သူမရဲ့ ဆန္ဒကို ပြောပြသွားပါတယ်။

 

spot_img
spot_img

Recent posts