spot_imgspot_imgspot_imgspot_img
Thursday, April 18, 2024
spot_imgspot_imgspot_imgspot_img

အရေးတော်ပုံမအောင်မချင်း ကရင်နီတပ်မတော် ဦးဆောင်လမ်းညွှန်မှုနဲ့ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ KNDF ဆို

ကန္တာရဝတီတိုင်း(မ်)

ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) အနေနဲ့ အာဏာရှင်စနစ်ဖြုတ်ချရေး၊ အမျိုးသားတန်းတူရေး ကိုယ်ပိုင်ပြဌာန်းခွင့် နှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်ရေးတို့အတွက် အရေးတော်ပုံမအောင်မချင်း ကရင်နီတပ်မတော်ရဲ့ ဦးဆောင်လမ်းညွှန်မှုနဲ့ ဆက်လက်တိုက်ပွဲဝင်သွားမှာ ဖြစ်တယ်လို့ ယနေ့ ဩဂုတ်လ (၁၇)ရက်နေ့မှာ ကျရောက်တဲ့ (၇၃)နှစ်မြောက် ကရင်နီတပ်မတော်နေ့မှာ ပေးပို့တဲ့ သဝဏ်လွှာမှာ ထည့်သွင်းရေးသားထားပါတယ်။

“နှစ်ပေါင်း ၇၀ကျော် စစ်ရေးအရမှာကော နိုင်ငံရေးအရမှာကော ကျတော်တို့ထက် အစစအရာရာ သာလွန်တာလည်းသိတယ်။ ဆိုတော့ အရေးတော်ပုံကာလမှာက ကျတော်တို့က အတွေ့အကြုံ မရှိတဲ့သူလို့ပဲပြောပြော လူငယ်ကနေပဲ ကိုယ့်အချင်းချင်းဦးဆောင်ပြီးတော့မှ ဒီလမ်းကြောင်းကို သွားမယ်ဆိုလို့ရှိရင် ဘယ်လိုမှ မအောင်မြင်နိုင်ဘူးဆိုတာ နားလည်တယ် သိတယ်။ အဲ့ဒီအတွက်ကြောင့်မလို့ ကျတော်တို့ကို စီမံဦးဆောင်ပြီး လမ်းညွှန်ပြပေးမယ့် တဖွဲ့ဖွဲ့တော့ လိုတာပေါ့လေ။ ဆိုတော့ အဲ့ဒီအချိန်မှာ အားလုံးသဘောထားကျတာက KA ပဲပေါ့လေ။ စစ်ရေးစစ်ရာဖက်မှာ ကရင်နီတပ်မတော်ကပဲ ဦးဆောင်ပေးနိုင်လိမ့်မယ်။ လမ်းညွှန်မှုပေးနိုင်လိမ့်မယ်ဆိုတာ ယုံကြည်ထားတဲ့အတွက်ကြောင့်မလို့ KA ကို KNDF အနေနဲ့ မဟာမိတ်ထက်ပေါ့လေ တကယ့်မိခင်တော်လှန်ရေးအဖွဲ့က လမ်းပြပေးတယ်၊ ကူညီပေးတယ်ဆိုတဲ့အဆင့် အဲဒီအနေအထားမှာရှိတယ်လို့ပြောချင်တယ်။ ရှေ့လျှောက်မှာလည်းပဲ အရေးတော်ပုံမအောင်မချင်း ကျတော်တို့ KNDFအနေနဲ့ KAရဲ့ ဦးဆောင်မှု လမ်းညွှန်ပေးမှုအောက်မှာပဲ တစ်စိုက်မတ်မတ်လုပ်ဆောင်သွားမယ်ဆိုတဲ့ဟာ ဆုံးဖြတ်ချက်တွေ သံဓိာန်ဌာန်တွေ ချထားတယ်။”လို့ KNDFပြောဆိုခွင့်ရတစ်ဦးက ပြောပါတယ်။

ပြည်နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအများအပြားရှိတဲ့အနက် နှစ်ပေါင်း ၇၀ ကျော် စစ်အာဏာရှင်ပြုတ်ကျရေးသော်လည်းကောင်း၊ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးသော်လည်းကောင်း လက်နက်ကိုင်တော်လှန်ရေးလုပ်လာခဲ့တဲ့ ကရင်နီတပ်မတော်တစ်ခုသာရှိပြီး KNPP ရှိလို့သာ KNDFဖြစ်လာတယ်လို့ သူက ဆက်ပြောပါတယ်။

စစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်း လူထုတစ်ရပ်လုံးမှ တန်းတူအခွင့်အရေးရရှိဖို့ စစ်အာဏာရှင်စနစ်ပျက်သုန်းပြီး ဖက်ဒရယ်နိုင်ငံထူထောင်ဖို့ စတဲ့ရည်ရွယ်ချက်တွေနဲ့ နွေဦးတော်လှန်ရေး ပေါ်ပေါက်လာသလို KNPP ရဲ့ မူလရည်ရွယ်အချက်အတိုင်း အာဏာရှင်စနစ်ကို ပြုတ်ကျစေပြီး ဖက်ဒရယ်နိုင်ငံတည်ထောင်သွားမယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)အတွင်းရေးမှူး-၁ ခူးဒယ်နီယာယ်က ဆိုပါတယ်။

“နောက်ဆုံး အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ လူထုတစ်ရပ်လုံးက ဘဝလွတ်မြောက်ဖို့ တန်းတူအခွင့်အရေးရဖို့ ဖက်ဒရယ်နိုင်ငံထူထောင်ဖို့ စသဖြင့် ရည်ရွယ်ချက်အမျိုးမျိုးနဲ့ နွေဦးတော်လှန်ရေးဆိုတာ ပေါ်ပေါက်လာတာဖြစ်တယ်။ နောက်ဆုံး စစ်အာဏာသိမ်းတဲ့ စစ်အာဏာရှင်တွေကို ဖြုတ်ချဖို့ တိုက်ထုတ်ဖို့ သူတို့လုပ်နေတာဖြစ်တယ်။ ဘယ်လိုပဲဖြစ်စေ ကျတော်တို့ နဂိုရည်ရွယ်ချက်ကတော့ အာဏာရှင်စနစ် ပြုတ်ကျပြီးတော့မှ ဖက်ဒရယ်နိုင်ငံ တည်ထောင်မယ်ဆိုတဲ့ ရည်ရွယ်ချက်အတိုင်းပဲပေါ့လေ။” လို့ခူးဒယ်နီယာယ်က ပြောပါတယ်။

လက်ရှိ စစ်အာဏာရှင်ကိုတော်လှန်နေကြတဲ့ ပြည်သူ့ကာကွယ်ရေးတပ်သာမက အနယ်နယ်အရပ်ရပ်မှာရှိတဲ့ အာဏာရှင်တော်လှန်နေသူတိုင်းနဲ့ ချိတ်ဆက်ပူးပေါင်းဆောင်ရွက်ရမှာဖြစ်ပြီး CRPH ၊ NUG အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မှု လုပ်ရမယ်လို့ ခူးဒယ်နီယာယ်က ဆိုပါတယ်။

“ကျတော်တို့ကရင်နီကတော့ ခုနကပြောသလိုမျိုးပဲ နှစ်ပေါင်း ၇၀ ကျော်တိုက်ပွဲဝင်လာခဲ့ပြီးဖြစ်တယ်။ ကျတော်တို့တော်လှန်ရေးနဲ့ နောက်ပိုင်းပေါ်လာတဲ့ နွေဦးတော်လှန်ရေးကတော့ အခြေအနေချင်းတော့ မတူဘူး။ နောက်ပိုင်းတော်လှန်တဲ့ လူထုတစ်ရပ်လုံးကတော့ ကျတော်တို့ပူးပေါင်းဆောင်ရွက်မှု လုပ်ရမှာပဲ။ အခု လက်ရှိတော်လှန်နေတဲ့ PDFသာမက အနယ်နယ်အရပ်ရပ်မှာရှိတဲ့ ဒီအာဏာရှင်ကို တော်လှန်နေတဲ့ လူတိုင်းနဲ့ ချိတ်ဆက်ရမယ်။ ပူးပေါင်းဆောင်ရွက်မှုလုပ်ရမယ်။ အဲဒါကတော့ တိုက်ခိုက်ရေးအပိုင်းပေါ့နော။ နိုင်ငံရေးအပိုင်းမှာတော့ အခုလက်ရှိ CRPH ပဲပြောပြော NUG ပဲပြောပြော ရှေ့ဆက်နိုင်ငံရေးဘယ်လိုသွားမလဲ အစိုးရဘယ်လိုဖွဲ့စည်းမလဲ နိုင်ငံတော်ဘယ်လိုထူထောင်မလဲဆိုတဲ့ အဖွဲ့အစည်းမှန်သမျှကတော့ ကျတော်တို့ ပူးပေါင်းဆောင်ရွက်မှုလုပ်ရမှာပဲ။”လို့ ခူးဒယ်နီယာယ်က ဆိုပါတယ်။

စစ်တပ်မှ လက်နက်အားကိုးနဲ့ နိုင်ငံတော်ကိုသိမ်းယူပြီးနောက်ပိုင်း ကရင်နီပြည်တွင်း တွန်းလှန်တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲတွေမှာ ကရင်နီတပ်မတော်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့အတူ ရှေ့တန်းမှ ပါဝင်တိုက်ခိုက်ခဲ့ပြီး လူငယ်မောင်မယ်တွေကိုလည်း စစ်အာဏာရှင်စနစ်ကို တွန်းလှန်ရေးအတွက် အခြေခံစစ်ပညာများကို သင်ကြားပေးခဲ့တဲ့အပြင် ကရင်နီပြည်တွင်းရှိ ဒေသအသီးသီးမှ ပြည်သူ့ကာကွယ်ရေးတပ်များနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများရဲ့ ညီညွတ်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုများကို အခြေခံပြီး အာဏာသိမ်းစစ်ကောင်စီကို ဦးဆောင် တော်လှန်လျက်ရှိတယ်လို့ KNDFမှ ကရင်နီတပ်မတော်နေ့သို့ ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

spot_img
spot_img