spot_imgspot_imgspot_imgspot_img
Friday, April 19, 2024
spot_imgspot_imgspot_imgspot_img

“အသက်ရှင်သန်ခွင့်နဲ့ အမျိုးသမီးတွေရဲ့ ဘဝ မလုံခြုံမှု သောက”

Author

Date

Category

မော်ဦးမြာ ( ကန္တာရဝတီတိုင်း (မ်) )

“ကျမတို့လက်ရှိ တဲထဲမှာနေရင်လည်း အိပ်နေစဉ်မှာတောင်မှ လုံခြုံမှုဆိုတဲ့စိတ် လုံးဝမရှိဘူးလို့ ခံစားရတယ်ပေါ့နော။ ဘာဖြစ်လို့လဲဆို ကျမတို့ကလည်း ဖြစ်သလိုပဲ တဲဆောက်နိုင်တဲ့အတွက်ကြောင့် အကယ်၍ ပျဉ်ထောင်လေးနဲ့ အုတ်လေးနဲ့ဆို နည်းနည်းတော်သေးတယ်လေ။ အခုလိုမျိုးဆို စိတ်မကောင်းဖြစ်မိတယ်ပေါ့နော။ လုံခြုံမှုက မရှိဘူးပေါ့။”

ဒီစကားကို ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းက စစ်ရှောင်စခန်းတစ်နေရာမှာ စစ်ဘေးရှောင်နေရတဲ့ အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦးက ပြောလိုက်တာပါ။

၆ ပေ ပတ်လည် မိုးကာ၊ ဝါး တွေနဲ့ တည်ဆောက်ထားတဲ့ တဲအိမ်တွေဟာ ကရင်နီပြည်က စစ်ရှောင်လူထုတွေအတွက်တော့ အကောင်းဆုံးသော ခိုလှုံရာ အိမ်လေးပါ။ အာဏာရှင်လူတစ်စုကြောင့် ဒီလိုစစ်ဘေးဒုက္ခရောက်နေကြချိန်မှာ ခန္ဓာ၊ စိတ် လုံခြုံမှုကို ပေးနိုင်မယ့် ခိုင်ခံ့တဲ့ နေအိမ်မှာ နေထိုင်နိုင်ဖို့ဟာ ကရင်နီလူထုတွေအတွက် အင်မတန် ခဲယှဉ်းလှပါတယ်။

နှစ်သိန်းခွဲသော လူထုတွေဟာ တောထဲတောင်ထဲ တိမ်းရှောင်နေကြရတာဖြစ်လို့ ခိုင်ခံ့တဲ့နေအိမ်ကို မဆိုထားတဲ့ တဲအိမ်ကလေးဆောက်ဖို့အတွက် လိုအပ်တဲ့ မိုးကာနဲ့ ဝါးတွေကို ရရှိနိုင်ဖို့တောင် ခက်ခဲနေကြတာကြောင့်ပါ။

လက်ရှိ ကရင်နီပြည်တွင်းမှာ စစ်ရေးပြင်းထန်နေတာကြောင့် စစ်ကောင်စီတပ်တွေဟာ နေရာမရွေး အချိန်မရွေး လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်လေ့ရှိပါတယ်။ ဒီလို စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုတွေကို စစ်ဘေးဒုက္ခသည်စခန်းက ပြည်သူတွေရဲ့ ဝါးတဲတွေဟာ အကာအကွယ်မပေးနိုင်ပါဘူး။

ဒီလိုပစ်ခတ်မှုကြောင့် ကရင်နီပြည်မှာ အရပ်သားထိခိုက် ဒဏ်ရာရတာတွေရှိနေပြီး စာရင်းအရ အတိအကျမသိရပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်းမှာ အကြောင်းအမျိုးမျိုးကြောင့် အရပ်သားသေဆုံးသူဦးရေ ဟာ ၃၁၃ ဦးအထိရှိနေပြီလို့ တိုးတက်သော ကရင်နီပြည်သူ့ အင်အားစု PKPF ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

တဖက်က ကြည့်ပြန်ရင်လည်း အဲ့ဒီလို ဒုက္ခရောက်နေတဲ့ စစ်ဘေးဒုက္ခသည်တွေထဲမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေက အများဆုံး ပါဝင်နေတာပါ။

ဒီလိုမလုံခြုံတဲ့ တဲအိမ်တွေမှာ နေထိုင်နေကြရတဲ့ စစ်ရှောင်တွေချင်းအတူတူ အမျိုးသမီးနဲ့ အမျိုးသား ဖြစ်ခြင်းတွေအပေါ် ကွဲပြားတဲ့ စိတ်မလုံခြုံမှုတွေလည်း ရှိနေပါသေးတယ်။

“ကျမတို့ အမျိုးသမီးပိုင်းမှာ စိုးရိမ်ပူပန်မှုဆိုရင် ကျမတို့ ကြောက်ရတာက အခုလက်ရှိပေါ့နော၊ ကျမတို့ အခုလက်ရှိပေါ့နော၊ စစ်ရှောင်တွေနေတဲ့ တဲကိုမှ လုံခြုံမှု မရှိဘူးလေ။ တခါတလေ ပြောမတတ်ဘူးလေ။ ဘာဖြစ်လို့လဲဆိုရင် မိုးကာနဲ့နေရတဲ့အတွက်ကြောင့် လုံခြုံမှုက အားနည်းနေတယ်။ ပြီးတော့ ဘဝအပြင်ထွက်လိုက်ရင် လုံခြုံမှုတွေ၊ ယုံကြည်မှုတွေ မရှိတော့ဘူး။ ဘယ်လိုပြောရမလဲ သူများ တစ်ခုခု ကိုယ့်ကို လုပ်သွားမလား၊ အများအားဖြင့် အာဏာသိမ်းလိုက်တဲ့အချိန်မှာ အမျိုးသမီးတွေရဲ့ ဘဝဆိုတာ အဖမ်းခံလိုက်ရတဲ့အချိန်မျိုးကို ကြည့်ကြည့်လိုက် လုံခြုံမှုဆို အမျိုးသားနဲ့ကို ကွာဟပြီးသားပဲနော။” လို့ အဆိုပါ စစ်ရှောင်အမျိုးသမီးက ဆက်ပြောပါတယ်။

အမျိုးသမီးတွေဟာ စစ်ကြောင့် သူတို့ရဲ့ ဘဝလုံခြုံမှုကို ဆုံးရှုံးလိုက်ရသလို လက်ရှိ သူတို့ ခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည်စခန်းတွင်းက တဲအိမ်လေးတွေဟာလည်း သူတို့အတွက် လုံခြုံမှုကို မပေးဆောင်နိုင်ဘူးလို့ ဆိုပါတယ်။

မိသားစုအတွက်၊ မိမိကိုယ်၌အတွက် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းအသုံးပြုပြီး စစ်ရှောင်စခန်းတွေကို ပစ်မှတ်ထားတိုက်ခိုက်လာတဲ့ ဗုံးကြဲမှုတွေကြောင့် အသက်အန္တာရာယ် လုံခြုံမှုမရှိတော့ခြင်း၊ မိုးကာနဲ့ ထံရံကာထားတဲ့ တဲအိမ်တွေဟာ အချိန်ကြာလာတာနဲ့အမျှ ဆွေးမြေ့ပြီး ပါးလာတာကြောင့် တဲအိမ်ထဲ နေထိုင်ရတဲ့ အမျိုးသမီးတွေအတွက် လုံခြုံမှုမရှိခြင်း၊ ဝါးတွေနဲ့ ကာရံထားတဲ့ တဲအိမ်လေးတွေဟာလည်း ဝါးထံရံတွေဟာ ပိုးထိုးပြီး ဆွေးရင်း ကျိုးကုန်တာကြောင့် အပေါက်တွေအဖြစ် ကျန်ခဲ့ရင်း အမျိုးသမီးတွေရဲ့ စိတ်၊ ခန္ဓာ လုံခြုံမှု မရှိခြင်း စတဲ့……စတဲ့ ထိတ်လန့်ဖွယ်ရာ မလုံခြုံမှုတွေကို နေ့စဉ် တွေးတောရှင်သန်နေရတယ်လို့ စစ်ရှောင်အမျိုးသမီးတွေက ရင်ဖွင့်ပြောဆိုလာကြပါတယ်။

အထူးသဖြင့် သမီးမိန်းကလေးတွေကို ပိုင်ဆိုင်ထားတဲ့ မိခင်တွေမှာတော့ မလုံခြုံမှုသောကတွေကို ပိုပြီး ကြုံတွေ့နေကြရတာပါ။ အသက်မသေရုံတမယ် ရှင်သန်နေရတဲ့ ကရင်နီပြည်က အမျိုးသမီးအများစုကတော့ ခန္ဓာ၊ စိတ် လုံခြုံမှုကိုလည်း လုံးဝ လက်လွှတ်ဆုံးရှုံးလိုက်ကြရတာပါပဲ။

အမျိုးသမီးများနဲ့ ကလေးငယ်တွေဟာ ငြိမ်းချမ်းရေးနဲ့ အထိုက်တန်ဆုံးသော လူတွေ ဖြစ်နေပေမယ့် ဒီကနေ့ခေတ်မှာတော့ သူတို့တတွေဟာ အသက်မသေရုံတမယ် မျိုးစုံသော မလုံခြုံမှုတွေကြား ရှင်သန်ရုန်းကန်နေကြရတာပါ။

မလုံခြုံမှုသောကတွေကို ကျေးလက်နေအမျိုးသမီးတွေဟာ ပိုမိုခံစားရလေ့ရှိကြတယ်လို့ အာဏာမသိမ်းခင်က သိရှိခဲ့ရပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ စစ်ဒဏ်ကြုံရတဲ့ ဒေသက မြို့ပြရော၊ကျေးလက်ပါ အကူအညီတွေ ပေးနေတဲ့ အမျိုးသမီးအဖွဲ့အစည်းတွေကိုယ်တိုင် လုံခြုံရေး စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်လာနေရပါတယ်။

“စစ်ရှောင်အမျိုးသမီးတွေရဲ့ လုံခြုံရေးပေါ့နော။ အဲ့လိုမျိုးတွေနဲ့ ပတ်သက်ရင် ကျမတို့ အမျိုးသမီးအစုအဖွဲ့တွေ အနေနဲ့က သူတို့ကို အကာအကွယ်ဖြစ်နိုင်မဲ့ အသက်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး ကာကွယ်ပေးနိုင်ဖို့အတွက်ကတော့ ကျမတို့ဆီမှာ လုပ်နိုင်တဲ့အင်အား အရမ်းနည်းတယ်ပေါ့နော။ ဒါပေမယ့် အစားအစာ၊ လုံခြုံရေးနဲ့သော်လည်းကောင်း နောက်ပြီးလို့ရှိရင် ဒီနေရေးထိုင်ရေးပေါ့နော။ လုံခြုံတဲ့အိမ်ရရှိဖို့ လုံခြုံတဲ့ ယာယီအဆောက်အဦး ရရှိဖို့အတွက်ကိုတော့ ကျမတို့ ကူညီနိုင်တဲ့ နည်းလမ်းမျိုးနဲ့ ဒီ Humanitarians aid တွေကိုတော့ ဆောင်ရွက်ပေးတာမျိုး ရှိတယ်ပေါ့နော။ ဒါပေမယ့် သူတို့ရဲ့ အသက်ပိုင်းဆိုင်ရာပေါ့နော အကာအကွယ် လုပ်ပေးနိုင်ဖို့ကတော့ ကျမတို့လိုမျိုး အစုအဖွဲ့မှာက စိန်ခေါ်မှုတွေ များစွာရှိတယ်ပေါ့လေ။” လို့ မြန်မာ့အမျိုးများ သမဂ္ဂ BWU ရဲ့ တွဲဖက်အတွင်းရေးမှူး – ၁ မဇူးပဒုမ္မာ က ပြောပြလာပါတယ်။

မြေပြင်မှာ အမျိုးသမီးအရေး ဆောင်ရွက်သူတွေအနေနဲ့ လုံခြုံရေးစိန်ခေါ်မှုကို သွားလာရေးအပိုင်းမှာ အများဆုံး ကြုံတွေ့ရတယ်လို့ မဇူးပဒုမ္မာက ဆက်ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ သူတို့ ထိန်းချုပ်ထားနိုင်တဲ့ မြို့တွေမှာ စစ်ဆေးရေးဂိတ်တွေကို နေရာစိပ်စိပ် ထားရှိသလို လမ်းသွားလမ်းလာ လူထုတွေကို အမြဲလိုလို ရှောင်တခင် စစ်ဆေးလေ့ရှိပြီး သူတို့အတွက် မင်္သာသူအဖြစ် သတ်မှတ်ခံရပြီဆိုတာနဲ့ ဖမ်းဆီးထိန်းသိမ်းတတ်ပါတယ်။

စစ်ဘေးဒုက္ခသည် စခန်းတွေမှာတော့ အမျိုးသမီးတွေရဲ့ လုံခြုံရေးနဲ့ သက်ဆိုင်တဲ့ သီးသန့် စည်းကမ်းချက်၊ ဆောင်ရွက်ချက်တွေကို လုပ်ဆောင်ပေးနိုင်တာမျိုး မရှိသေးပဲ အမျိုးသမီးအဖွဲ့အစည်း၊ ကလေးသူငယ်အဖွဲ့အစည်းတွေကနေ လာရောက် ပညာပေးမှုတွေအပြင် အဲ့ဒီအဖွဲ့အစည်းတွေကနေ ဟောပြောချပြခဲ့တဲ့ အချက်အလက်တွေအတိုင်း လိုက်နာဆောင်ရွက်ပြီး နေထိုင်ကြဖို့ကိုပဲ ထပ်လောင်း တိုက်တွန်းတာမျိုးတွေ လုပ်ဆောင်နိုင်တယ်လို့ လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းရှိ စစ်ရှောင်စခန်းတစ်နေရာက စခန်းတာဝန်ရှိသူ အမျိုးသားတစ်ဦးက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်မှာ အမျိုးသမီးတွေရဲ့ လုံခြုံမှုပြသနာက စိန်ခေါ်မှုတွေ ပိုမိုကြီးမားလာသလို အမျိုးသမီးတွေအပေါ်ကျူးလွန်တဲ့ အမှုတွဲ တွေဟာလည်း ယခင်ကထက် ပိုမိုများပြားလာပြီး အိမ်တွင်းအကြမ်းဖက်မှုနဲ့ သက်ငယ်မုဒိန်း စတဲ့ အမှုတွဲ တွေက အများဆုံး ဖြစ်တယ်လို့ ကယန်းအမျိုးသမီးအစည်းအရုံး KYWO မှ တာဝန်ရှိသူတစ်ဦးကလည်း ပြောပါတယ်။

လတ်တလော ကရင်နီပြည်မှာ ဖြစ်ပွားနေတဲ့ အမျိုးသမီးများရဲ့ လုံခြုံရေး၊ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုတွေ အပြင် ကျား၊မခြေပြုအကြမ်းဖက်မှုတွေကို လျော့ချပေးနိုင်ဖို့အတွက် လက်ရှိကရင်နီပြည်ရဲ့ ကြားကာလ အစိုးရလိုဖြစ်နေတဲ့ ကရင်နီအတိုင်ပင်ခံကောင်စီ KSCC ကနေ စီမံချက်ချတစ်ခုချမှတ်ပြီး အမြန်ဆုံးအကောင်ထည်ဖော်ဆောင်ရွက်ပေးဖို့ လိုအပ်ပြီဖြစ်တယ်လို့ ကရင်နီအမျိုးသမီးအစည်းအရုံး KNWO ရဲ့ အတွင်းရေးမှုး – ၂ ဖြစ်သူ မော်ဖရေမြာကတော့ ကန္တာရဝတီတိုင်း(မ်) နဲ့ တွေ့ဆုံစဉ်မှာ ပြောဆိုသွားပါတယ်။

“KSCC လိုမျိုးဆိုရင် တကယ့် ပြည်နယ်၊ ပြည်ပတွေက တကယ့်ကို အတုယူစရာ လေးစားစရာဖြစ်တဲ့ အစိုးရတစ်ဖွဲ့လိုမျိုး မြင်ကြတယ်ပေါ့နော။ အဲ့ဒီအပေါ်မှာဆိုလို့ရှိရင်တော့ KSCC အနေနဲ့ကတော့ အထူးသဖြင့် GBV အကြမ်းဖက်မှု လျော့ချဖို့ဆိုလို့ရှိရင်တော့ အရေးတကြီးပေါ့ လုပ်လည်းလုပ်ပေးဖို့ လိုတာပေါ့။ အဲ့ဒါတွေ လုပ်နိုင်ဖို့အတွက်ဆိုရင်တော့ စီမံချက်တစ်ခုခုလိုမျိုး ဒီကာလမှာက အမြန်အကောင်အထည်ဖော်ပေးဖို့လိုအပ်တယ်ဆိုတာကိုလည်း တောင်းဆိုချင်တယ်။”

spot_img
spot_img

Recent posts