spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

အာဏာသိမ်းပြီးနောက် အမျိုးသမီးတွေအပေါ် အကြမ်းဖက်ခံရမှုတွေပိုများလာ

ကန္တာရဝတီတိုင်း(မ်)

အာဏာသိမ်းပြီးနောက်ပိုင်း အမျိုးသမီးတွေအပေါ် အိမ်တွင်း အကြမ်းဖက်မှု ၊ ခြိမ်းခြောက်ခံရမှု၊ မလုံခြုံမှုတွေ တွေ ပိုများလာနေတယ်လို့ အမျိုးသမီးအရေး ဆောင်ရွက်နေသူ လူးမူဖိုး က ပြောပါတယ်။

“ အာဏာသိမ်းမှုနောက်ပိုင်းမှာတော့ ဘာတွေဖြစ်လာလဲဆိုတော့ ကျမတို့ လူမသိ သူမသိ အသတ်ခံလိုက်ရတဲ့ အမျိုးသမီးတွေ အများကြီးရှိလာတယ်ပေါ့နော။ တနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင် မုဒိန်းကျင့်ခံရတာတွေ ဒါမျိုးတွေ ကျမတို့ တွေ့ရတယ်ပေါ့နော။ နောက်တစ်ခု ဘာတွေခံရသေးလဲဆိုရင် မတရားဖမ်းဆီးခံရတာတွေ အများကြီး ဖြစ်ပေါ်လာတယ်ပေါ့နော။ အဲ့ဒီအပြင် ကျမတို့အရင်ကလည်း အမြဲတမ်းကြုံတွေ့နေရတဲ့ အိမ်တွင်းအကြမ်းဖက်မှုတွေ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ဥပမာ Rape cause တွေအများကြီးရှိတယ်ပေါ့။” လို့ အမျိုးသမီးအရေး ဆောင်ရွက်သူ လူးမူဖိုးက ပြောပါတယ်။

စစ်ရှောင်နေကြရတာကြောင့် စိတ်ဖိစီးမှုကတွေကနေ ဖြစ်ပေါ်လာတဲ့ မိသားစုပြဿနာတွေကြောင့် အိမ်တွင်းအကြမ်းဖက်မှုတွေတိုးလာသလို၊ သက်ငယ်အမျိုးသမီးတွေကို အဓမ္မပြုကျင့်တဲ့ ကိစ္စတွေလည်း ရှိနေတယ်လို့ လူးမူဖိုးက ပြောပါတယ်။

“ကလေးငယ်တွေက အစ Rape case တွေဖြစ်လာတယ်။ တချို့ဆိုရင်လည်း အိမ်တွင်းအကြမ်းဖက်မှုကစ ဖြစ်တယ်ပေါ့နော။ စစ်ရှောင်စခန်းတွေမှာလည်းရှိတယ်။ နောက် ကျမတို့ရောက်နေတဲ့ နေရာတွေမှာလည်းရှိတယ်” လို့ လူးမူဖိုးကပြောပါတယ်။

ကရင်နီပြည်မှာ စစ်ကောင်စီနဲ့ ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားတာ တစ်နှစ်နီးပါးရှိသွားပြီဖြစ်ပြီး စစ်ဘေးရှောင်လည်း နှစ်သိန်းနီးပါးရှိနေပါတယ်။ စစ်ဘေးရှောင်တစ်ဝက်ကျော်ဟာ အမျိုးသမီး၊ ကလေး နဲ့ သက်ကြီးရွယ်အိုတွေ ဖြစ်ကြပါတယ်။

စစ်ရှောင်ရတဲ့အတွက် ဝင်ရှာဖို့ အခက်အခဲတွေရှိလာတာကြောင့် မိသားစုအတွင်းမှာ ပြဿနာတွေဖြစ်ကြတဲ့ မိသားစုတွေလည်း ရှိတယ်လို့ ကရင်နီဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“ တချို့ဆိုလို့ရှိရင်တော့ စိတ်လုံခြုံမှုမရှိဘူးပေါ့နော။ ဘာဖြစ်လို့လဲဆိုတော့ အခြေအနေကတော့ သိတဲ့ အတိုင်းပဲပေါ့နော။ လေယာဉ်နဲ့ လာပစ်ခတ်မှာကိုလည်း ကြောက်ကြတယ်ပေါ့နော။ သက်ကြီးရွယ်အိုတွေဆိုရင် စိတ်ပိုင်း စိတ်ထိခိုက်မှုတွေ ပိုများတယ်ပေါ့နော။ အခုဆိုလို့ရှိရင် ငွေကြေးအခက်အခဲကြောင့် တချို့ဆို ပြဿနာဖြစ်တာတွေတော့ရှိတယ်။ ဒါပေမယ့် ပြန်ပြီးတော့ ပြေလည်ကြတယ်ပေါ့နော။ မိသားစု တချို့တွေမှာ တွေ့ရတယ်ပေါ့နော။ “ လို့ ကရင်နီဒေသခံ စစ်ရှောင်အမျိုးသမီး တစ်ဦးက ပြောပါတယ်။

အာဏာသိမ်းပြီးနောက် ဧပြီလ ၄ရက်နေ့အထိ စစ်ကောင်စီ လက်ချက်ကြောင့် သေဆုံးသွားတဲ့ ၁၈နှစ်အောက် ကလေးငယ် ၁၃၂ဦး အထိရှိနေတယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ ( NUG ) က ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းပြီးတဲ့ တစ်နှစ်နဲ့တစ်လကျော်အတွင်း တစ်နိုင်ငံလုံးအတိုင်းအတာအရ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ လက်ချက်နဲ့သေဆုံးသွားတဲ့ အမျိုးသမီး ၁၅၀ ခန့် ရှိတယ်လို့ NUG ရဲ့ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနရဲ့ အဆိုအရ သိရပါတယ်။

spot_img
spot_img