spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

အာဏာသိမ်းပြီး တစ်နှစ်ကာလအတွင်း ကရင်နီပြည်နယ် အခြေအနေ အကျဉ်းချုပ်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

မြန်မာနိုင်ငံမှာ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့ မှာဆိုရင် စစ်အာဏာသိမ်းတာ တစ်နှစ်ပြည့်သွားပြီဖြစ်ပါတယ်။ စစ်အာဏာသိမ်းတစ်နှစ်အတွင်းမှာတော့ ကရင်နီပြည်နယ်မှာ တိုက်ပွဲတွေကြောင့် ဒေသခံတစ်သိန်းခုနှစ်သောင်းကျော်ဟာ အိုးအိမ်စွန့်ခွာပြီး စစ်ဘေးဒဏ်ကို ခံနေကြရပါတယ်။

စစ်ကောင်စီက ၂၀၂၀ရွေးကောက်ပွဲအပြီး မဲစာရင်း မသာမာမှုရှိခဲ့တယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ အာဏာသိမ်းလိုက်တာ အခု တစ်နှစ်ကနေ နောက်ထပ် အာဏာသိမ်းကာလ ၆လ သက်တမ်းတိုးမယ်လို့ ထုတ်ပြန်ထားပြန်ပါတယ်။

စစ်ကောင်စီက အာဏာစသိမ်းချိန်

မြန်မာနိုင်ငံမှာ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ရက်( တနင်္လာနေ့ ) နံနက် ၄နာရီအချိန်မှာ မြန်မာနိုင်ငံကို စစ်ကောင်စီက အာဏာသိမ်းယူခဲ့ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်အပါအဝင် အခြားသောပါတီဝင်တွေကိုလည်း ဖမ်းဆီးခဲ့ပါတယ်။

နံနက်အစောပိုင်းကတည်းက ကယားပြည်နယ် အစိုးရရုံး၊ လွှတ်တော်ရုံး၊ မြို့အဝင်အထွက်ဂိတ်အားလုံးကို ရဲတပ်ဖွဲ့နဲ့ တပ်မတော်ကနေ လက်နက်အပြည့်အစုံနဲ့ စောင့်ကြည့်ထားပြီး ဖြတ်သန်းသွားလာခွင့် ပိတ်ထားခဲ့ပါတယ်။

ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေကိုလည်း နေ့လည် ၁၂နာရီအထိ ဖြတ်တောက်ခဲ့ပြီး လွိုင်ကော်မြို့တွင်းကို လက်နက်အပြည့်အစုံနဲ့ စစ်ကားတွေ၊ တင့်ကားတွေနဲ့ လှည့်ပတ်ခဲ့ပါတယ်။

စစ်ကောင်စီက ၂၀၂၀ရွေးကောက်ပွဲမှာ မဲမသာမာမှုရှိခဲ့ပြီး ဖြေရှင်းနိုင်ဖို့ နိုင်ငံတော်ကို တစ်နှစ်ထိန်းသိမ်းမယ်လို့ စစ်တပ်ပိုင် မြဝတီသတင်းဌာနမှာ ကြေညာခဲ့ပါတယ်။

စစ်ကောင်စီက အာဏာသိမ်းပြီး နောက်တစ်ရက်မှာ ဦးခင်မောင်ဦး(ခ) ဘူးရယ်ကို ကယားပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီ ဉက္ကဌအဖြစ် ခန့်အပ်တာဝန်ပေးအပ်လိုက်ပါတယ်။

ဦးခင်မောင်ဦး(ခ)ဘူးရယ်ဟာ တပ်မတော် “လေ” တွင် တိုက် လေယာဉ် မှူး တာဝန်ဖြင့် ဒုတိယ ဗိုလ်မှူးကြီး အဆင့် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၂၀၁၀-၂၀၁၅ခုနှစ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) လက်ထက် မှာ ကယားပြည်နယ် ဝန်ကြီးချုပ်ဖြစ်ခဲ့သူ တစ်ဦးဖြစ်ပါတယ်။

အာဏာသိမ်းပြီး တစ်နှစ်ပြည့်တော့မည့်တစ်ရက်အလို ၂၀၂၂ ဇန်နဝါရီလ ၃၁ ရက်နေ့မှာပဲ စစ်ကောင်စီက ဦးခင်မောင်ဦး(ခ)ဘူးရယ်ကို အနားပေးလိုက်တယ်ဆိုတဲ့ အမိန့်ကို ထုတ်ပြန်လိုက်ပါတယ်။

အစိုးရဝန်ထမ်းများ CDM ပြုလုပ်လာကြ

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂ရက်နေ့ကစပြီး အာဏာသိမ်းတာကို ရှုတ်ချကြောင်း အဖွဲ့အစည်း အသီးသီးက စာထုတ်ပြန်ခဲ့ကြပါတယ်။

အဲဒီနောက် ဖေဖော်ဝါရီလ ၃ရက်နေ့မှာပဲ လွိုင်ကော်ပြည်သူ့ဆေးရုံကြီးက အထူးကုဆရာဝန်၊ လက်ထောက်ဆရာဝန်၊ သူနာပြု၊ ကျန်းမာရေးဝန်ထမ်း စုစုပေါင်း ၂၀၀ ဝန်းကျင် စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ ဖဲကြိုးနီကမ်ပိန်းပြုလုပ်ပြီး ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၅ရက်နေ့မှာလွိုင်ကော် နည်းပညာတက္ကသိုလ်၊ လွိုင်ကော် ပညာရေးကောလိပ် ၊ ပြည်နယ်ကုသရေးဦးစီးဌာနမှူးရုံး ၊ ဒီးမော့ဆို စိုက်ပျိုးရေး သိပ္ပံကျောင်း စတဲ့ အစိုးရဌာနဆိုင်ရာအသီးသီးက တို့ပါဝင်လာပြီး ဖဲကြိုးနီလှုပ်ရှားမှု ပိုမိုအားကောင်းလာခဲ့ပါတယ်။

ကရင်နီပြည်နယ်မှာ စစ်အာဏာသိမ်းပြီး ဖေဖော်ဝါရီလ ၄ရက်နေ့မှာတော့ လွိုင်ကော် နည်းပညာတက္ကသိုလ်လည်း CDM လှုပ်ရှားမှုကို စတင်ပြုလုပ်ခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၈ရက်နေ့မှာ ကရင်နီပြည်နယ်က ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ ဝန်ထမ်း ၂၀ ကျော်ဟာလည်း Civil Disobedience movement ( CDM) မှာ ပါဝင်လာခဲ့ကြပါတယ်။

ဖေဖော်ဝါရီလ ၁၀ရက်နေ့မှာ ပြည်သူ့ရဲတပ်ဖွဲ့ ၄၀ကျော်က ပြည်သူနဲ့ပူးပေါင်းပြီး သပိတ်မှာ CDM ပါဝင်လာခဲ့ကြပါတယ်။ လက်ရှိ ကရင်နီပြည်နယ်မှာ CDM ပြုလုပ်ထားတဲ့ ရဲဝန်ထမ်း (၃၂၀)ကနေ စုပေါင်းပြီး ကရင်နီအတိုင်ပင်ခံကောင်စီ (KSCC) ရဲ့လက်အောက်ကနေ ကရင်နီပြည်ရဲဌာန (KSP) ကို တရားဝင်ဖွဲ့စည်းထားနေပါပြီ။

သပိတ်စချိန်

ဖေဖော်ဝါရီလ ၇ရက်နေ့မနက်ပိုင်းမှာ ရှမ်း-ကယားနယ်စပ် ဖယ်ခုံမြို့နယ်မှာ လူအင်အားထောင်ချီပါဝင်တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု သပိတ်စတင်ခဲ့ပါတယ်။

လွိုင်ကော်မြို့မှာဆိုရင်လည်း ကားတွေ၊ ဆိုင်ကယ်တွေနဲ့ လူအင်အားထောင်ချီပါဝင်တဲ့ ညအချိန် သပိတ်စတင်လာခဲ့ပါတယ်။ နောက်တစ်နေ့ကစပြီး ကရင်နီပြည် လွိုင်ကော်မြို့မှာ လူထုသပိတ်စတင် လုပ်ရှားလာခဲ့ပါတယ်။

သပိတ်ဟာလည်း နေ့စဉ်ရက်ဆက် ပိုမိုအားကောင်းလာခဲ့ပါတယ်။ သပိတ်အတွင်းမှာ ဌာနဆိုင်ရာအသီးသီးက CDM ဝန်ထမ်းအများအပြားက ပူးပေါင်းပါဝင်ခဲ့သလို ပြည်သူလူထုကလည်း အားဖြည့်ပါဝင်ခဲ့ကြပါတယ်။

သပိတ်ကာလတစ်လျှောက်လုံး အစိုးရဌာနဆိုင်ရာကလည်း လူထုလှုပ်ရှားမှု သပိတ်မှာ ပါဝင်မှု ပိုမိုအားကောင်းလာခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၁၂ရက်နေ့မှာ ထွေအုပ်ဝန်ထမ်း နှစ်ဦးကို CDM ပြုလုပ်တဲ့အတွက် တာဝန်ကနေ ရပ်ဆိုင်းကြောင်း စစ်ကောင်စီက စာထုတ်ပြန်ခဲ့ပါတယ်။ CDM လှုပ်ရှားမှုဟာ အားမလျော့သွားဘဲ ဆက်လက်အားကောင်းနေခဲ့ပါတယ်။ စစ်ကောင်စီကလည်း CDM ပြုလုပ်တဲ့ ဝန်ထမ်းတွေကို တာဝန်ကနေ ရပ်ဆိုင်းကြောင်းစာ ဆက်တိုက်ထုတ်ပြန်ခဲ့ပါတယ်။

မတ်လ ၁ရက်နေ့ကစပြီး ကရင်နီပြည်နယ်က ကျေးရွာဒေသတစ်ချို့တွေမှာလည်း ယာယီကိုယ်ပိုင်အုပ်ချုပ်မှုတွေ စတင်ပြုလုပ်ကြပြီး မိမိတို့ရွာတွေကို ညကင်းလှည့်တာတွေ ပြုလုပ်ခဲ့ကြပါတယ်။

လူထုသပိတ် ဖြိုခွင်းခံရ

အာဏာသိမ်းပြီး တစ်လကျော်အထိ လူထုသပိတ်တွေ အရှိန်ကောင်းနေသေးတဲ့ ကရင်နီပြည်နယ်မှာ စစ်ကောင်စီတပ်က မတ်လ ၇ရက်နေ့ကစပြီး မျက်ရေယိုဗုံးတွေ၊ ရာဘာကျည်တွေ အသုံးပြုပြီး သပိတ်ဖြိုခွင်းမှု ပြုလုပ်လာပါတယ်။

လူထုသပိတ်ဟာ အရှိန်မပျက်သွားဘဲ မတ်လ ၁၉ရက်နေ့မှာ လွိုင်ကော်မြို့နယ် မိုင်းလုံးရပ်ကွက်အနီး သပိတ်ကို စစ်ကောင်စီတပ်က ကျည်အစစ်သုံးပြီး ဖြိုခွင်းမှုကြောင့် သပိတ်မှာ ပါဝင်သူ နှစ်ဦး ကျည်ထိမှန်ခဲ့ပါတယ်။

ကျည်ထိမှန်သူထဲက မိုင်းလုံး ဒေသခံ ဦးကြံအောင်(ခ) ရှမ်းပုဟာ ကျဆုံးသွားခဲ့ပြီး လူပေါင်းထောင်ချီနဲ့ သင်္ဂြိုလ်ခဲ့ပါတယ်။

ဧပြီလ ၂၀ရက်နေ့မှာ ဖရူဆိုမြို့နယ်က သပိတ်မှာ ပါဝင်သူတွေရဲ့ နေအိမ်သုံးအိမ်ကို စစ်တပ်အင်အား၆၀လောက်သုံးပြီး ဝင်ရောက်ရှာဖွေမှုပြုလုပ်ခဲ့ပါတယ်။

မေလ ၁၂ရက်နေ့မှာလည်း စစ်တပ်က လွိုင်ကော်မြို့နယ် နာနတ်တောမှာ ပြုလုပ်တဲ့ သပိတ်ဖြိုခွင်းအပြီး သပိတ်မှာ ပါဝင်ခဲ့တဲ့ အသက်၁၃နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအပါအဝင် ၁၃ဦးကို ဖမ်းဆီးတာတွေ ပြုလုပ်ခဲ့ပါတယ်။

မေလ ၂၀ရက် နေ့မှာလည်း ဒီးမော့ဆိုမြို့နယ် စံပြ ၆မိုင်က ဒေသခံလူငယ် ၆ဦးကိုလည်း နေအိမ်ထဲထိ ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။ စစ်ကောင်စီတပ်က စာသင်ကျောင်းတွေကိုလည်း တပ်စွဲထားတာတွေ ပြုလုပ်လာပါတယ်။

ကရင်နီပြည်နယ်မှာ တိုက်ပွဲစတင်ဖြစ်ပွား

မေလ ၂၁ရက်နေ့ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးလမ်းခွမှာ စစ်ကောင်စီက ဆိုင်ကယ်မောင်းနှင်လာတဲ့ လူငယ်နှစ်ဦးကို ခေါ်ရပ်တာ မရပ်ဘဲ မောင်းနှင်သွားတဲ့အတွက် ကျည်အစစ်နဲ့ ပစ်ခတ်ခဲ့ပြီး တစ်ဦးသေဆုံး တစ်ဦးဒဏ်ရာရခဲ့ပါတယ်။ အဲဒီနေ့မှာပဲ စစ်ကောင်စီတပ်နဲ့ သပိတ်တွေမှာ လုံခြုံရေးလိုက်ယူနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ ထိပ်တိုက်စတင်တွေ့ဆုံခဲ့ကြပါတော့တယ်။

မေလ ၂၁ရက်နေ့မှာစစ်ကောင်စီနဲ့ ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တို့ ဒီးမော့ဆိုမြို့နယ်မှာ တိုက်ပွဲအပြင်းအထန်ဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးတွေ စတင်ပစ်ခတ်တိုက်ခိုက်လာပါတော့တယ်။

တနေ့တည်းမှာပဲ ဒီးမော့ဆိုမြို့နယ် စံပြ၆မိုင် အနီးမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အကျအဆုံးရှိခဲ့ပါတယ်။

စစ်ကောင်စီနဲ့ တိုက်ပွဲတွေဟာ အရှိန်မလျော့သွားဘဲ စစ်ကောင်စီကို တော်လှန်တဲ့ တိုက်ပွဲတွေနဲ့အတူ လက်နက်ကိုင်တပ်ဖွဲ့ငယ် အများအပြား ပေါ်ပေါက်လာခဲ့ပါတယ်။

ကရင်နီတပ်မတော် ( KA ) ၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် ( KNDF ) ၊ ကရင်နီ ဒီမိုကရက်တစ်တပ်ဦး ( KDF ) ၊ ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆို ( DMO- PDF) ၊ ပြည်သူ့ကာကွယ်ရေးတပ် လွိုင်ကော် ( PDF Loikaw) ၊ ပြည်သူ့ကာကွယ်ရေးတပ် ဖယ်ခုံ ( PDF Pekhon ) ၊ ပြည်သူ့ကာကွယ်ရေးတပ် မိုးဗြဲ ( Mobye PDF) ၊ ပြည်သူ့ကာကွယ်ရေးတပ် ဖရူဆို ( Huproso PDF )၊KGZ ၊GZ-21 ၊ JPDF တို့ဟာ ကန္တာရဝတီတိုင်း(မ်) က လက်လှမ်းမှီတဲ့ စာရင်းအရ ကရင်နီပြည်နယ်မှာ အာဏာသိမ်းစစ်ကောင်စီကို တော်လှန်နေတဲ့ တပ်ဖွဲ့ ဖြစ်ပါတယ်။

၂၀၂၁ခုနှစ် ဇွန်လ ၁၅ ရက်နေ့မှာ နှစ်ဖက် အပစ်ရပ်စဲရေးယူကြပါတယ်။ အပစ်ရပ်စဲကာလအတွင်း စစ်ကောင်စီက တပ်ဖြန့်ကျဲ့ တာတွေ ပိုမိုပြုလုပ်လာတယ်လို့ ကရင်နီလူမှုအသင်းအဖွဲ့များ ကွန်ယက်မှာ ကောက်ယူတဲ့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။

ဇူလိုင်လ ၂၃ရက်နေ့မှာ တိုက်ပွဲအချိန်မရွေးဖြစ်ပေါ်နိုင်တယ်လို့ KNDF က ပြန်လည်ထုတ်ပြန်ခဲ့ပါတယ်။ ၂၀၂၂ခုနှစ် ဇန်နဝါရီလ ၃၁ရက်နေ့အထိ ကရင်နီပြည်နယ်မှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဖက်က လေကြောင်းကိုပါ အသုံးပြုပြီး တိုက်ခိုက်နေပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့ ကရင်နီပြည်နယ်မှာ စစ်ကောင်စီရဲ့

လူ့အခွင့်အရေးအဆိုးဆုံးချိုးဖောက်ခံလာရ

လက်ရှိအချိန်ထိ ကရင်နီပြည်နယ်မှာဆိုရင် ဇန်နဝါရီလ(၂၀)ရက်နေ့အထိ ကရင်နီလူမှုအသင်းအဖွဲ့များ ကွန်ယက်မှ ကောက်ယူထားတဲ့ စစ်တမ်းအရ အရပ်သားပြည်သူ သတ်ဖြတ်ခံရမှု(၁၉၈)ဦး ရှိနေတယ်လို့ ဖော်ပြထားပါတယ်။

၂၀၂၁ခုနစ် ဒီဇင်ဘာလ ၂၄ရက်နေ့မှာလည်း စစ်ကောင်စီရဲ့ တပ်မ (၆၆)လက်အောက်ခံ ခမရ အမှတ်(၁၀၈)မှ ဖရူဆိုမြို့နယ် မိုဆိုကျေးရွာအနီးမှာ ပြည်သူ ၄၀ကျော်ကို အစုအလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်မှုတွေပြုလုပ်ခဲ့ပါတယ်။

၂၀၂၂ခုနှစ် ဇန်နဝါရီလ ၁၆ရက်နေ့ညမှာ စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားမှုမရှိတဲ့ ဒီးမော့ဆိုအနောက်ဘက်ခြမ်း နန်းမယ်ခုံ စစ်ရှောင်စခန်းကို လက်နက်ကြီးတွေ၊ လေယာဉ်တွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။ အသက်မပြည့်သေးတဲ့ ကျောင်းသားအရွယ် ပရဟိတ လူငယ် ၃ဦး သေဆုံးခဲ့ရပါတယ်။

၂၀၂၂ခုနှစ် ဇန်နဝါရီလ ၁၇ရက်နေ့ မနက်၁နာရီအချိန်မှာလည်း ဖရူဆိုမြို့နယ် ရီခီးဘူး စစ်ရှောင်စခန်းကို လေကြောင်းအသုံးပြုပြီး ဗုံးကြဲခဲ့ပါတယ်။ ဗုံးကြဲခဲ့တဲ့အတွက် အသက်မပြည့်သေးတဲ့ စစ်ဘေးရှောင်ကလေးငယ် နှစ်ဦးနဲ့ အသက်၅၀ကျော်အရွယ် အမျိုးသားတစ်ီဥး သေဆုံးခဲ့ပါတယ်။

စစ်ကောင်စီဟာဆိုရင် သမိုင်းမှာ အဆိုးဝါးဆုံး လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေတာဖြစ်တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က သုံးသပ်ပြောဆိုထားပါတယ်။

ကရင်နီပြည်နယ်မှာ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နိုင်ငံတကာခုံရုံး ICC မှာ တရားစွဲဆိုသွားမယ်လို့ ကရင်နီပြည် ရဲဌာနက ဆိုပါတယ်။

ထိခိုက်ပျက်စီးမှုများ

ကရင်နီပြည်နယ်မှာ အာဏာသိမ်းပြီး တိုက်ပွဲတွေကြောင့် လူနေအဆောင်အုံ ၄၇၅လုံး ထိခိုက်ပျက်စီးသွားတယ်လို့ ကရင်နီလူမှု အသင်းအဖွဲ့များ ကွန်ယက် ( KCSN ) ထုတ်ပြန်ထားပါတယ်။

ကရင်နီပြည်နယ်မှာ စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တဲ့အတွက် ဘာသာရေးအဆောက်အုံး ၈လုံးထိခိုက်ပျက်စီးသွားပါတယ်။

အရပ်သား ၁၅၇ဦးဟာလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ KCSN ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက ထောင်ထားတဲ့ မြေမြုပ်မိုင်းကြောင့် ဒေသခံမိုင်းနင်းမိသူ ၁၀ဦးနဲ့ အထက်ရှိနေပြီဖြစ်ပါတယ်။

စစ်ကောင်စီကိုတရားစွဲဆိုနိုင်ရန် ကြိုးပမ်းအားထုတ်မှု

ကရင်နီပြည်နယ်အပါအဝင် မြန်မာတစ်နိုင်ငံလုံးမှာ စစ်ကောင်စီကျူးလွန်ချိုးဖောက်နေတဲ့ကိစ္စကို ကရင်နီအတိုင်ပင်ခံကောင်စီ(KSCC) ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ကရင်နီအဖွဲ့အစည်းအသီးသီး၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC) တို့ ပူးပေါင်းဆောင်ရွက်ပြီး အာဏာသိမ်း စစ်ကောင်စီအနေနဲ့ ဂျီနီဗာသဘောတူညီချက် (Geneva Convention)အပါအဝင် နိုင်ငံတကာလူ့အခွင့်အရေးဥပဒေများကို ချိုးဖောက်လျက် အပြစ်မဲ့ပြည်သူတွေကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ ရည်ရွယ်ချက်ရှိရှိ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှုများ၊ လူသားမျိုးနွယ်စုများအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုများ (Crimes Against Humanity) စစ်ရာဇဝတ်မှု ( War Crimes) ကျူးလွန်မှုများ၊ လူမျိုးတုံး သတ်ဖြတ်မှုများ ( Genocides) စတဲ့ ကျူးလွန်နေမှု မှန်သမျှကို ပြည်သူ့ညီလာခံကြီးက ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချပြီး စစ်ကောင်စီကို ကမ္ဘာ့ ကုလသမဂ္ဂလုံခြုံရေး ကောင်စီမှတစ်ဆင့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး ( International Criminal Court ) ၌ အရေးယူဆောင်ရွက်နိုင်ရေး ကြိုးပမ်း နေပါတယ်။

spot_img
spot_img

Recent posts