spot_imgspot_imgspot_imgspot_img
Friday, April 19, 2024
spot_imgspot_imgspot_imgspot_img

အာဟာရဖြည့်စွက်စာ အနေနဲ့ အာဟာရမုန့်ကို စစ်ရှောင်ကိုယ်တိုင်ပြုလုပ်

Author

Date

Category

( ကန္တာရဝတီတိုင်း( မ် ))

ဒီးမော့ဆိုအနောက်ဖက်ခြမ်းရှိ စစ်ရှောင်စခန်းတစ်နေရာမှာ အာဟာရဖြည့်စွက်စာတစ်ခုအနေနဲ့ အာဟာရမုန့် တွေကို စစ်ရှောင်တွေကိုယ်တိုင် ပြုလုပ်ခဲ့ကြပါတယ်။ စစ်ရှောင်တစ်ချို့က အာဟာရဓာတ်ပြည့်အောင်မစားသောက်နိုင်တဲ့အတွက် အာဟာရမုန့်ကို အခုလို ကိုယ်တိုင်လက်လုပ်ဖျော်စပ်ပေးရခြင်းဖြစ်တယ်လို့ အာရမုန့်ပြုလုပ်နည်း ပို့ချပေးခဲ့တဲ့ မတင်းတင်းက အခုလိုပြောပါတယ်။

” ကျွန်မတို့အခုလောလောဆယ် စစ်ဘေးရှောင်တဲ့ကာလမှာ တော်တော်များများက မ၀ယ်သောက် မ၀ယ်စားနိုင်ကြဘူး။ အထူးသဖြင့် ကုန်စျေးနှုန်းတွေအရမ်းတက်လာတယ်။ ပြီးတော့ ဒုတိယချက်အနေနဲ့ခါကျတော့ ဒီမှာစစ်ရှောင်တဲ့လူတွေအားလုံးက အလုပ်အကိုင်မရှိကြဘူးဆိုတော့။ ဒီလို အရမ်းနဲ့ဖျားနာကြတဲ့အချိန်မှာ ဆေးတွေဘာတွေ ၀ယ်သောက်ရတာတွေရှိတယ်။ အားဆေးတွေဘာတွေပေါ့နော။ ဆိုတော့ ဒီဟာလုပ်တာကလည်း ဒါအားဆေးတစ်မျိုးပဲပေါ့နော။ ဒါအာဟာရမုန့်ဆိုတော့ ။ပြီးလို့ရှိရင် နောက်တစ်မျိုးအနေနဲ့ခါကျတော့ စစ်ဘေးရှောင်တဲ့ကာလမှာ ကျွန်မတို့က အစားအစာ ၃ အုပ်စုလုံး ပြည့်စုံအောင်မစားနိုင်တာ အရမ်းသေချာတယ်။ ဆိုတော့ ဒါအားဖြည့်အစားအစာအနေနဲ့ စျေးပေါပေါနဲ့လည်းရနိုင်အောင်ဆိုပြီးတော့လုပ်ဖြစ်သွားတာပါရှင့် ”

အာဟာရမုန့်ဖျော်စပ်ဖို့အတွက် ပထမဦးစွာ ပြောင်းဖူး၊ ဆန်၊ ပဲပုတ်စေ့ ကိုလှော်ပြီး အမှုန့်ကြိတ်ထားရပါတယ်။ ပြီးရင် ပဲမုန့်၊ သကြား၊ နို့မှုန့် နဲ့ စပ်တူရောပြီးမွှေပေးရပါတယ်။ ဟင်းစားဇွန်း နှစ်ဇွန်းကို ရေနွေးတစ်ခွက်စာ ရောပြီး သုံးဆောင်လို့ရပြီဖြစ်တယ်လို့ သူက ဆက်ပြောပြပါတယ်။

အခုလို အာဟာရမုန့်ကိုယ်တိုင် ဖျော်စပ်ခြင်းက ကုန်ကျသက်သာစေတဲ့အပြင် နည်းလမ်းလည်း လွယ်ကူတာဖြစ်လို့ လူတိုင်းကလုပ်နိုင်တယ်လို့ဆိုပါတယ်။

ကိုယ်တိုင်ဖျော်စပ်ထားတဲ့အာဟာရမုန့်က ” ငွေကုန်ကြေးကျသက်သာတယ်။ ဈေးထဲကဟာမျိုး ဈေးကြီးကြီးမားမားနဲ့ ၀ယ်စာမလိုတော့ဘူး။ ဒီကိုယ်ပိုင်ဖော်စပ်နည်းဟာ ပိုပြီးတော့မှလည်း အာဟာရပြည့်၀တယ်။ အသားဓာတ်တွေ ပရိုတင်းဓာတ်တွေ အပြည့်အ၀ပါတယ်။ ကျွန်တော်တို့အတွက် အကျိုးအမြတ်ပိုရှိတယ်။ ကျန်းမာရေးနဲ့ထိခိုက်တဲ့အရာတွေလည်းမပါဘူးပေါ့ ” လို့ စစ်ရှောင်တစ်ဦးဖြစ်တဲ့ ဦးဂျော်နီကပြောပါတယ်။

လက်ရှိမှာတော့ (ဘတ်ဂျက်)ငွေ မလုံလောက်တာကြောင့် စစ်ရှောင် အယောက် ၁၃၀ စာအတွက်ပဲ ပြုလုပ်နိုင်ခဲ့ပြီး အဆင်ပြေရင် ပိုတိုးလုပ်သွားမယ်လို့ မတင်းတင်းက ဆိုပါတယ်။

စစ်ဘေးရှောင်ကာလအတွင်း အသုံးစရိတ်လျော့ချနိုင်ဖို့ အတွက် ဆပ်ပြာဖျော်စပ်နည်းကိုလည်း သင်ကြားပေးခဲ့ပြီး နောက်ထပ်မုန့်လုပ်ငန်း၊ အိမ်သုံးပစ္စည်းလုပ်ငန်း ကိုလည်း ဆက်လုပ်သွားဖို့ရှိတယ်လို့ ဆိုပါတယ်။

စစ်ဘေးရှောင်ကာလအတွင်း အသုံးစရိတ်သက်သာရန် ရည်ရွည်ပြီး အခုလို အိမ်တွင်းအသေးစားလုပ်ငန်းတွေကို သင်ကြားပေးနေတာရှိပေမဲ့ စစ်ရှောင်စခန်းတိုင်းအတွက်တော့ ပြုလုပ်သင်ကြားပေးနိုင်ခြင်းမရှိသေးပါဘူး။

spot_img
spot_img

Recent posts