အာဟာရလုံလောက်စွာ မစားသုံးနိုင်တဲ့ ကရင်နီစစ်ရှောင်များ

0
4762

ကန္တာရဝတီတိုင်း( မ် )

စစ်ရှောင်လာတာ တစ်နှစ်ကျော် ရှိနေပြီဖြစ်တဲ့ ကရင်နီပြည်က စစ်ဘေးရှောင်စခန်းတချို့တွေမှာ ကိုယ်ပိုင်ဝင်ငွေမရှိတဲ့အတွက် အာဟာရလုံလောက်စွာ မစားသုံးနိုင်ဘူးလို့ စစ်ရှောင်တွေက ပြောပါတယ်။

“ဒီမှာ အများအားဖြင့် သူတို့ စားနပ်ရိက္ခာတွေ မလုံလောက်လို့ အဲ့လိုမျိုးပေါ့နော။ အဲ့လိုမျိုး အလှူရှင်တွေလာတဲ့ အချိန်ကျရင် ကျမလူတွေ လိုက်ခေါ်တဲ့အချိန်ကျရင် လူတွေ ဝမ်းမြောက်ဝမ်းသာစွာနဲ့ သူတို့ လာလှူပေးတယ်ဆိုပြီးတော့ သူတို့ ဝမ်းမြောက်ဝမ်းသာစွာနဲ့ စားကြတယ်။” လို့ ဒီးမော့ဆိုအနောက်ဖက်ခြမ်းက စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၉ ရက်နေ့မှာ ဒီးမော့ဆိုအနောက်ဘက်ခြမ်းက စစ်ရှောင်ကလေးနဲ့ သက်ကြီးရွယ်အို လူဦးရေ ၁၅၀ ဦးအတွက် ကရင်နီလူသားချင်းစာနာမှုအဖွဲ့ ( KHT ) မှ အသားဟင်းနဲ့ ထမင်းတစ်နပ် သွားရောက်ကျွေးမွေးခဲ့တယ်လို့ သိရပါတယ်။

KHT အသင်းဝင်တစ်ဦးက “ ဘာကြောင့်ဒီလိုစီစဉ်ဖြစ်တာလဲဆိုတော့ စစ်ဘေးရှောင်အများစုက တချို့လူတွေဆိုရင် သုံးစရာ ပိုက်ဆံလည်း မရှိဘူး။ အဲ့ဒါကြောင့်မလို့ ကလေးတွေအတွက် အာဟာရဖြစ်စေမယ့် အစားအစာတွေကို သွားဝယ်မကျွေးနိုင်ဘူးလေ။ အဲ့တာကြောင့်မလို့ ကျနော်တို့ စီစဉ်နေတာပါ။ ပြီးတော့မှ ကလေးရော သက်ကြီးရွယ်အိုရော အကုန်လုံးစီစဉ်ဖြစ်ပါတယ်ဗျ ” လို့ ပြောပါတယ်။

အခုလို စစ်ရှောင်စခန်းတွေမှာ သက်ကြီးရွယ်အို၊ ကလေးသူငယ်တွေ အာဟာရပြည့်ဝစွာစားသုံးနိုင်ဖို့အတွက် သုံးလတစ်ခါ လာရောက်လှူဒါန်းပေးမှုကို စစ်ရှောင်ကူညီသူတွေက လုပ်ဆောင်လျက်ရှိကြပါတယ်။

ကရင်နီပြည်မှာ စစ်ရှောင်တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာပြီး ပြည်တွင်းပြည်ပ အလှူရှင်နည်းပါးလာတယ်လို့ စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

စစ်ရှောင်အရေးကူညီသူတစ်ဦးကလည်း လက်ရှိနိုင်ငံရေးအခြေအနေကြားမှာ စီးပွားရေးလည်း ကြပ်တည်းလာတဲ့အတွက် စစ်ရှောင်တွေကို ကူညီပေးမှု နည်းပါးလာတယ်လို့ ဆိုပါတယ်။

“စစ်ရှောင်ကာလ ကြာလာတာနဲ့အမျှ ကူညီနိုင်တဲ့ အတိုင်းအတာပိုနည်းလာတာ တွေ့ရတယ်။ အထူးသဖြင့် စစ်ရှောင်လက်ခံနေတဲ့ ကျေးရွာတွေမှာဆိုရင် အရင်တုန်းက အများကြီးကူညီနိုင်တယ်ဆိုပေမယ့် ဒီလိုကာလ ကြာရှည်လာတာနဲ့အမျှသူတို့ သူတို့ ကိုယ်၌ကလည်း ရုန်းကန်နေရတဲ့ အနေအထားဖြစ်တဲ့အတွက် စစ်ရှောင်ကူညီနေရတဲ့ အနေအထားက အရင်ကထက်စာရင် ပိုပြီးတော့ လျော့နည်းလာတာတွေ တွေ့ရတယ်။”လို့ စစ်ရှောင်ကူညီပေးသူ အမျိုးသားတစ်ဦးက ပြောပါတယ်။

ကရင်နီပြည်မှာ လက်ရှိအချိန်အထိ စစ်ဘေးရှောင် နှစ်သိန်းနှစ်ထောင်ကျော်ရှိနေတယ်လို့ ကရင်နီလူမှုအသင်းအဖွဲ့များကွန်ယက် ( KCSN ) က ဇူလိုင်လ ၆ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဓာတ်ပုံ-ဒီးမော့ဆိုအနောက်ဘက်ခြမ်းစစ်ရှောင်စခန်းတစ်နေရာမှာ ကလေးနဲ့ သက်ကြီးရွယ်အိုအတွက် အာဟာရထမင်းတစ်နပ်ကိုအလှူရှင်တွေလာရောက်လှူဒါန်းခဲ့။