spot_imgspot_imgspot_imgspot_img
Friday, April 19, 2024
spot_imgspot_imgspot_imgspot_img

အိမ်ပြန်ကြည့်ဖို့ အခွင့်အရေးနဲ့ ကြုံလာခဲ့ပေမယ့် အိမ်မြင်ခွင့် မရှိတော့တဲ့ ဒီးမော့ဆိုဒေသခံများ

ကေးဒူ ( ကန္တာရဝတီ တိုင်း(မ်))

ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းဟာ ပြီးခဲ့တဲ့ မတ်လ (၉) ရက်နေ့ကတည်းက စစ်ကောင်စီတပ်ရဲ့ အလုံးအရင်းသော စစ်ကြောင်းဝင်ရောက်လာပြီး ဒေသခံ ကာကွယ်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာ ဒီကနေ့ထိပါပဲ။

“KNDF တပ်ရင်းတွေဆိုရင် တစ်ရင်းမှ မနားရဘူး။ ကျနော်တို့ ခုခံစစ်တွေ ဆင်နွဲနေရတယ်။ မတ်လကနေ စပြီးတော့ စစ်ကောင်စီက စစ်ဆင်ရေးကြီးကြီးမားမား လုပ်နေတယ်။ ဒီစစ်ဆင်ရေးကို ကျနော်တို့ ကြာလ အတန်ကြာပေါ့နော်။ တစ်လကျော်ပြီ ကျနော်တို့ ခုခံထားရတယ်။ ခုချိန်ထိ ရလဒ်ကောင်းတွေ ရထားတယ်”လို့ ကရင်နီ အမျိုးသားကာကွယ်ရေးတပ် ( KNDF ) သတင်းနှင့် ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ကျေးရွာအတွင်း တပ်စွဲထားတဲ့အချိန်တွေမှာ လူနေအိမ်ကို မီးရှု့ဖျက်ဆီးတာတွေ အပြင် ဒေသခံတွေရဲ့ နေအိမ်မှာ ကျန်ရှိနေခဲ့တဲ့ ကား၊ ဆိုင်ကယ်၊ စက်တွေအပြင် ပစ္စည်းတွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ဆိုင်ကယ်တွေကို စုပုံပြီး မီးတွေ ရှို့ကုန်တယ်။ ကားတွေလည်း ရှို့ကုန်တယ်။ စက်တွေလည်း ရှို့ကုန်တယ်”

စစ်ကောင်စီတပ်ဟာ ကျေးရွာကနေ ပြန်လည်မဆုတ်ခွာခင်မှာ မီးရှို့ ဖျက်ဆီးခဲ့တာပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီတပ်ဟာ ဒေါညေးခူကျေးရွာကနေ ဆုတ်ခွာပြီး တောင်ပေါ်တစ်ကျောတွေမှာ ပြန်လည်တပ်စွဲထားတယ်လို့ တော်လှန်ရေးအင်အားစုတွေဆီကနေ သိရပါတယ်။

စစ်ကောင်စီတပ် ပြန်လည်ဆုတ်ခွာပြီး တိုက်ပွဲခဏတာ ငြိမ်နေတဲ့ အချိန်မှာတော့ အိမ်ပြန်ကြည့်ဖို့ အခွင့်အရေးကြုံလာတဲ့ ဒေသခံံတချို့ရှိနေပေမယ့် နေအိမ်မီးရှို့ဖျက်ဆီးလိုက်ခံရသူတွေအဖို့ကတော့ ရင်နှင့်ဖွယ်ရာပါပဲ။

“ဒီက အဖွဲ့အစည်းတွေက ပေးပြန်မှပဲ ကျနော်တို့ ပြန်လို့ရတာပေါ။ အခွင့်အရေးက တစ်ခါပဲရတယ်။ ဒါတောင်မှ အချိန်နဲ့ပဲ သတ်မှတ်ထားတယ်။ အိမ်ကျန်သေးတဲလူတွေကတော ပြန်ယူလို့ ရသေးတယ်။ အိမ်မရှိတော့တဲ့လူတွေကတော ဘာမှ ယူလို့မရတောဘူး”

ဒါကတော့ အိမ်ပြန်ကြည့်ခွင့်ရပေမယ့် အိမ်မြင်ခွင့်မရှိတော့တဲ့ ဒေါတမကြီး ကျေးရွာက ဒေသခံ တစ်ဦးရဲ့ ပြောစကားပါ။

စစ်ကောင်စီတပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ဒေါတမကြီး ကျေးရွာက လူနေအိမ် (၁၀၀) ဝန်းကျင် မီးလောင်ပျက်ဆီးခဲ့တဲ့အပြင် တိုက်နယ်ဆေးရုံလည်း ပျက်စီးသွားခဲ့တာ ဖြစ်ပါတယ်။

“နိုင်ငံရေး ကောင်းတုန်းကဆို ကျနော်တို့ ကျေးရွာပေါင်း (၇) ရွာလောက်က အစိက အားထားရတဲ့ ဆေးရုံကြီးပါ” လို့ လေယာဉ်ကြောင့် ပျက်စီးသွားခဲ့ရတဲ့ ဆေးရုံနဲ့ ပတ်သက်ပြီး ဒေသခံတစ်ဦးက ပြောပြလာတာ ဖြစ်ပါတယ်။

spot_img
spot_img