spot_imgspot_imgspot_imgspot_img
Saturday, April 20, 2024
spot_imgspot_imgspot_imgspot_img

အိုမီခရွန် နဲ့ လက္ခဏာဆင်တူတဲ့ အဖျားရောဂါ ဖရူဆိုမြို့နယ်မှာ စစ်ဘေးရှောင်တွေအဖြစ်များ၊ စစ်ဆေးမှုမလုပ်နိုင်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

Covid 19 မျိုးကွဲ အိုမီခရွန် နဲ့ ရောဂါလက္ခဏာဆင်တူတဲ့ အဖျားရောဂါတွေ ဖရူဆိုမြို့နယ် က စစ်ဘေးရှောင် တွေမှာ အဖြစ်များနေပြီး၊ ဆေးဝါး၊ကိရိယာတွေအလုံအလောက် မရှိတာကြောင့် စစ်ဆေးမှု မလုပ်နိုင်ဘူးလို့ ဖရူဆိုဘက်မှာ ဆေးဝါးကုသမှုပေးနေတဲ့ ပရဟိတ ဆေးဆရာမတစ်ဦးက ပြောပါတယ်။

“စစ်မနေတော့ဘူးလေ။ ဘာဖြစ်လို့လဲဆိုတော့ ဥပမာ တစ်အိမ်တစ်ယောက်ဆိုရင် အကုန်လုံးဖြစ်ကြတယ်။ ဖြစ်တဲ့လက္ခာဏာက အကုန်လုံးဆင်တူတယ်။ ကျမကိုယ်တိုင်ကလည်းဖြစ်တယ်။” လို့ ပရဟိတ ဆေးဆရာမတစ်ဦးက ပြောပါတယ်။

မိသားစုအလိုက် ဖျားနာမှုတွေရှိနေပြီး လည်ချောင်းနာ၊ အဖျားတက်၊ ကိုက်ခဲ၊ ချောင်းဆိုး စတဲ့ ရောဂါလက္ခာဏာတွေကို ခံစားနေကြရတယ်လို့ သူက ဆက်ပြောပါတယ်။

လက်ရှိမှာတော့ ရောဂါလက္ခာဏာအလျောက် ဆေးဝါးတွေပေးပြီး ကုသပေးနေပေမယ့် ၊ ဆေးဝါး တွေမလုံလောက်ဘူးလို့ ပရဟိတ ဆေးဆရာမက ပြောပါတယ်။

ဓါတ်ပုံ – ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းစစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကော်မတီ

“ ကိုက်ခဲဆေးဆို ကိုက်ခဲဆေးအလျောက် ကျမတို့ ပေးတယ်။ ချောင်းဆိုးတယ်။ အကယ်၍ ချောင်းတအားဆိုးနေပြီဆိုရင် ကျမတို့ ပဋိဇီဝ ဆေးတွေ အဲ့လိုပေးတယ်ပေါ့နော။ အဲ့ဒီလိုပဲ ကျမတို့ ကုသပေးနေတယ်။ ပြီးတော့ လောလောဆယ် ဆေးရုံဆေးခန်းတွေမှာလည်း ကျမတို့မှာလည်း ကျမတို့လည်း စေတနာဝန်ထမ်းတွေပါပဲ။ ကျမတို့ လောလောဆယ်တော့ ဆေးတော့ တအား ခက်ခဲတာပေါ့။ ချွေတာပြီးတော့ ချင့်ချိန်ပြီးတော့ ပေးတယ်။ ဥပမာ မိသားစုများတဲ့ လူတွေဆိုရင် တစ်ယောက်ကို နှစ်လုံးလာ သုံးလုံးလား အဲ့လောက်ပဲ သောက်နိုင်အောင် ကျမတို့ စီစဉ်ပေးနေရတယ်။” လို့ ပရဟိတ ဆေးဆရာမ တစ်ဦးက ပြောပါတယ်။

ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်း စစ်ရှောင်တွေ နေထိုင်တဲ့ နေရာတွေကို လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့်အပြင်၊ စစ်ရေးအခြေအနေတွေကြောင့် အလှူရှင်တွေမရောက်ရှိနိုင်တာ ၅ လဝန်းကျင်ရှိနေပါပြီ။

အဲဒီဒေသမှာ စစ်ဘေးရှောင် ၄ထောင်ကျော်ရှိနေပြီး ကရင်နီတစ်ပြည်လုံးမှာ စစ်ဘေးရှောင် နှစ်သိန်းနီးပါးရှိနေတယ်လို့ ကရင်နီလူမှုအသင်းအဖွဲ့ကွန်ယက် ( KCSN )က ထုတ်ပြန်ထားပါတယ်။ ဖရူဆိုမြို့နယ်မှာ ကရင်နီပြည်ထဲမှာရှိတဲ့ တခြားမြို့နယ်က စစ်ဘေးရှောင်တွေလည်း လာရောက်ခိုလှုံတာရှိနေပါတယ်။

လက်ရှိ ဖရူဆိုအနောက်ဘက်ခြမ်းဒေသမှာ စစ်ဘေးရှောင်တွေဟာ စားနပ်ရိက္ခာအကူအညီလိုအပ်နေပြီး၊ ကျန်းမာရေးအတွက် ဆေးဝါး လိုအပ်ချက်ရှိနေဆဲဖြစ်ပါတယ်။ ကရင်နီပြည်မှာ စစ်ဘေးရှောင်ရင်း သေဆုံးသွားသူ ၁၆ဦးရှိနေတယ်လို့ ၂၀၂၂ခုနှစ် မတ်လ ၂ရက်နေ့မှာ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု ( PKPF ) က ထုတ်ပြန်ထားပါတယ်။

spot_img
spot_img

Recent posts