spot_imgspot_imgspot_imgspot_img
Tuesday, March 19, 2024
spot_imgspot_imgspot_imgspot_img

အပြန်အလှန်ပစ်ခတ်ရင်း KNPP တပ်ဖွဲ့ဝင် ၄ ဦး သေဆုံးသွားခြင်းဟု တပ်မတော်ဆို၊ နှစ်ဖက်ပြောကြားချက်ကွဲလွဲ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

အပြန်အလှန်ပစ်ခတ်ရင်း KNPP တပ်ဖွဲ့ဝင် ၄ ဦး သေဆုံးသွားခြင်းဟု တပ်မတော်က ပြောကြားလိုက်သည်။

ယင်းသည် KNPP နှင့် တပ်မတော်တို့အကြား ပြောကြားချက် တစ်ဖက်နှင့် တစ်ဖက်ကွဲလွဲမှုများ ဖြစ်ပေါ်နေခြင်းဖြစ်သည်။

“ကျတော်ပြောနိုင်တာကတော့ နှစ်ဦးနှစ်ဖက်ပစ်ကြခိုက်ကြဖြစ်တယ်လို့ သေချာပါတယ်ဗျာ။ အဲ့ဒါပဲ ကျနော်ပြောလို့ရပါတယ်ဗျ။”ဟု ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်)၏ တာဝန်ရှိသူအနက် တစ်ဦးဖြစ်သူ ဗိုလ်မှူးမျိုးမင်းက ကန္တာရဝတီတိုင်း(မ်)သို့ ဒီဇင်ဘာ ၂၃ ရက်နေ့ နေ့လည်ပိုင်းက ပြောကြားသည်။

အခင်းဖြစ်ပွားခဲ့သော ရ မိုင် KNPP ကင်းစခန်းကို ဒီဇင်ဘာလ ၂၂ ရက်နေ့က တွေ့ရစဉ်

သို့သော် ဒီဇင်ဘာ ၂၂ ရက်နေ့က ထုတ်ပြန်ထားသော KNPP ၏ တရားဥပဒေမဲ့ လူမဆန်စွာ ညှင်းပမ်း သတ်ဖြတ်မှုအပေါ် အပြင်းအထန်ရှုတ်ချကြောင်း သဘောထားထုတ်ပြန်ကြေညာချက်တွင်မူ လွိုင်ကော် ရှားတောလမ်း ပါလောင်းကျေးရွာနှင့် ဒေါတချားကျေး ရွာကြား တွင်ရှိသော ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ၏ (၇)မိုင် ယာယီဂိတ်အား ဒီဇင်ဘာလ ၂ဝ ရက်နေ့ စီးနင်းတိုက်ခို်က်ခဲ့ခြင်းဖြစ်ကြောင်း ဆိုထားသည်။

အခင်းဖြစ်ပွားပြီးနောက် အဆိုပါနေရာသို့ KNPP မှ သွားရောက်စစ်ဆေးခဲ့ရာတွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့သည့် လက္ခာဏာများ မတွေ့ရှိခဲ့ရကြောင်း အတွင်းရေးမှူး(၂) ခူဒယ်နီယာယ်က ဒီဇင်ဘာ ၂၂ ရက်နေ့ ကတည်းက ပြောကြားထားသည်။

“ကျနော်တို့ ခံစားရတာကတော့ မတရားဘူး။ တကယ်လို့ တိုက်ပွဲဖြစ်လို့ ကျတယ်ဆိုရင်တော့ တိုက်ပွဲဖြစ်ရင် အကျအဆုံးတော့ ရှိမှာပဲလေ။ စစ်တပ်မှာလည်း သူတို့ ဥပဒေရှိတာပဲ။ ဥပမာ ဘာမှ ခုခံမှုမလုပ်ဘဲနဲ့ လာတဲ့လူတစ်ယောက်ကို သူတို့ သတ်ပိုင်ခွင့်မရှိဘူး။ သူတို့ ဥပဒေကို သူတို့ ချိုးဖေါက်တာပဲလို့ ကျနော်မြင်တယ်။”ဟု ၎င်းက ဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ အသေးစိတ်စုံစမ်းစစ်ဆေးနေပြီး ဖြစ်စဉ်အကြောင်းအရာ အပြည့်အစုံကို လက်တလော၌ အတည်မပြုနိုင်သေးကြောင်း ဗိုလ်မှူးမျိုးမင်းက ပြောသည်။

KNPP အရိုးအိုး ဓါတ်ပုံ – KNPP ဆက်ဆံရေးရုံး(လွိုင်ကော်)

ဒီဇင်ဘာလ ၁၉ ရက်နေ့ ညနေ ၅ နာရီအချိန်တွင် ရှားတောမြို့မှ ပြန်လာသော ဒကစ၏ ရိက္ခာယာဉ်များကို ရ မိုင် (ယာယီ)ဂိတ်တွင် KNPP တပ်သားများမှ စစ်ဆေးမှုပြုလုပ်ခဲ့ခြင်းနှင့် အဆိုပါကိစ္စ ဆက်နွယ်မှုရှိနေသလားဟု ကန္တာရဝတီတိုင်း(မ်)မှ မေးမြန်ခဲ့ခြင်းအပေါ် “အဲ့ဒါကလည်း ပတ်သက်တာပေါ့ခင်ဗျာ။ ဒီလိုဗျာ တပ်က ကျနော်တို့ မျှောချောင်းနည်းနည်း တင်လာတယ်ပေါ့ခင်ဗျာ။ မျှောချောင်းတင်လာတဲ့အပေါ်မှာ သူတို့တွေက တားမြစ်ပြီးတော့ နောက်တစ်ကြိမ်သယ်ရင် ကားရော လူရောမီးရှို့ပစ်မယ်လို့ ပြောတယ်ဆိုပြီး သတင်းပို့တယ်ဗျ။”ဟု ဗိုလ်မှူးမျိုးမင်းက ပြောသည်။

ယင်းကဲ့သို့ တပ်မတော်ယာဉ်တန်းများအား တားမြစ်ခဲ့စဉ်တွင် သေဆုံးခဲ့သူ KNPP တပ်ဖွဲ့များ၏ ယူနီဖေါင်းတွင်လည်း အမှတ်တံဆိပ်များ ပါရှိခြင်းမရှိဟု တားမြစ်ခံရသည့် တပ်မတော်ယာဉ်မောင်းများက သတင်းပို့ခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

သတင်းပို့ပြီးနောက်ပိုင်း ယင်းနေရာသို့ နယ်မြေရှင်းလင်းရန် တပ်မတော်ဖက်က ဆောင်ရွက်ခဲ့ပြီး နောက်တစ်နေ့တွင် ထိတွေ့မှုများ ဖြစ်ပွားခဲ့ကာ KNPP တပ်ဖွဲ့ဝင်များ ကျဆုံးခဲ့ကြောင်း ကနဦး စုံစမ်းစစ်ဆေးထားချက်အရ သိရှိရပြီဟု ဗိုလ်မှူးမျိုးမင်းက ဆက်ပြောသည်။

“ဒါတွေက ကျနော်တို့ အငယ်တွေရဲ့ စည်းကမ်းဖောက်ဖျက်မှု ဖြစ်တဲ့အတွက် အထူးသဖြင့်တော့ စည်းကမ်းဖောက်ဖျက်မှုဖြစ်တဲ့အတွက် ဒါကတော့ အကြီးပိုင်း လူကြီးပိုင်းအနေနဲ့ကတော့ သူတို့ စိုးရိမ်စရာမရှိပါဘူးခင်ဗျ။ ဒါသည် ငြိမ်းချမ်းရေးလမ်းကြောင်းတော့ မထိခိုက်ပါဘူးခင်ဗျ။ စည်းကမ်းမဲ့ သလိုမျိုးတော့ ဖြစ်တာပေါ့ခဗျ။”ဟု ၎င်းကဆိုပြီး ငြိမ်းချမ်းဖြစ်စဉ်အပေါ် ထိခိုက်မှု မရှိနိုင်ကြောင်း ဒကစ(လွိုင်ကော်)၏ တာဝန်ရှိသူတစ်ဦးဖြစ်သူ ဗိုလ်မှူးမျိုးမင်းက ပြောသည်။ 

(ကရင်နီ အရပ်ဘက်အဖွဲ့အစည်းများမှ KNPP တပ်ဖွဲ့ဝင်သေဆုံးမှုကို ဒီဇင်ဘာ ၂၂ နေ့ ညနေပိုင်းက လွိုင်ကော်မြို့တွင် ကန့်ကွက် ဆန္ဒဖေါ်ထုတ်နေစဉ်) – ဓါတ်ပုံ/ကန္တာရဝတီတိုင်း(မ်)

အခင်းဖြစ်ပွားရာ နေရာတွင်ရှိနေသော KNPP တပ်သား ၄ ဦး သေဆုံးခဲ့ပြီဖြစ်သော်လည်း အရပ်သား ၁ ဦး ပျောက်ဆုံးနေဆဲဖြစ်ကာ KNPP နှင့် တပ်မတော် အဖွဲ့အစည်း ၂ ရပ်စလုံးက မသိရှိသေးကြောင်း ဖြေဆိုထားသည်။

၎င်းဖြစ်စဉ်ကြောင့် ပြည်နယ်အတွင်း နှစ်ဦးနှစ်ဘက်မှ သဘောတူထားသော အပစ်ရပ်စာချုပ်ပါ အချက်များနှင့် ငြိမ်းချမ်းရေးဖြစ်စဉ် ဖေါ်ဆောင်နေမှုအား ထိခိုက်သွားမည်ကို စိုးရိမ်ကြောင်း ကရင်နီ အရပ်ဘက်အဖွဲ့အစည်းများမှလည်း ထုတ်ပြန်ကြေညာချက်များ ထုတ်ပြန်ထားသည်။

KNPP တပ်ဖွဲ့ဝင်များ (ဓါတ်ပုံ-မော်ရယ်)

KNPP သည် အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) ကို လက်မှတ်ရေးထိုးနိုင်ရေး အတွက် အစိုးရနှင့် ညှိနှိုင်းနေသည့် အဖွဲ့ဖြစ်ကာ
ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တပ်ပေါင်းစု အဖွဲ့ဝင်လည်းဖြစ်သည်။

တပ်မတော်အစိုးရနှင့် ကေအဲန်ပီပီသည် ၁၉၉၅ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးခဲ့သော်လည်း ၃ လ အကြာတွင် တိုက်ပွဲပြန်ဖြစ်ပြီး ပျက်သွားခဲ့သည်။ သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက် ၂၀၁၂ ခုနှစ်တွင် ဆွေးနွေးမှုများ ပြန်လည် စတင်ခဲ့ပြီး ယခု NLD အစိုးရလက်ထက်တွင် ငြိမ်းချမ်းရေးအတွက် ညှိနှိုင်းနေဆဲ အခြေအနေမှာပင်ရှိနေသည်။

spot_img
spot_img

Recent posts