spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

ဦးအယ်လ်ဖောင်းရှိူက ပြည်နယ်ဝန်ကြီးချုပ် တာဝန်ကနေ ရပ်စဲခံလိုက်ပြီး လွှတ်တော်ကိုယ်စားလှယ် ၊ နိုင်ငံရေးပါတီ၊ အရပ်ဖက်အဖွဲ့အစည်းနဲ့ ဒေသခံလူထုတွေရဲ့ သုံးသပ်ချက်

Author

Date

Category

ပြီးခဲ့တဲ့ စက်တင်ဘာလ ၃ ရက်နေ့မှာ ဦးအယ်လ်ဖောင်းရှိူက ပြည်နယ်ဝန်ကြီးချုပ် တာဝန်ကနေ ရပ်စဲခံလိုက်ရပါတယ်။ ကယားပြည်နယ် ဝန်ကြီးချုပ်ကို ဖြုတ်ချဖို့ ဆုံးဖြတ်ခဲ့တာဟာ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတခုသာ ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက က ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။


အထက်ပါ ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ် ၊ နိုင်ငံရေးပါတီ၊ အရပ်ဖက်အဖွဲ့အစည်းနဲ့ ဒေသခံလူထုတွေရဲ့ သုံးသပ်ချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

ဒေါက်တာခင်စည်သူ ( ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)

ဒေါက်တာခင်စည်သူ ( ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)
“ ကျမကတော့ ဒါ သမ္မတကြီး မှန်တယ်ပေါ့။ ဘာဖြစ်လို့တုန်းဆိုတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ နိုင်ငံရဲ့ အသက်နော်။ အဲဒါကို သူက မှန်မှန်ကန်ကန်လုပ်တယ်။ သူမလုပ်ခင်လည်း ဒါသမ္မတရုံးသတင်းစာ ရှင်းလင်းပွဲမှာ ဦးဇော်ဌေး ရှင်းပြပြီးသား။ ဥပဒေဘောင်ထဲနဲ့ ညီမညီဆိုတာ ဥပဒေ ဌာနကိုလည်း သူမေးတယ်။ မေးပြီးမှ ဒါက ပါလည်း ပါပြီးသား။ ပြည်နယ်လွှတ်တော်၊ တိုင်းလွှတ်တော် ဆုံးဖြတ်ချက်ကို ဒါတွေလုပ်ရမယ်၊ လုပ်ပြီဆိုရင် မှန်တယ်ဆိုရင် သူစီစစ်တယ်လေ၊ မှန်လား၊ မှားလား သူစီစစ်ပြီး ဒါလုပ်ရမယ်၊ တာဝန်မှ ရပ်စဲရမည်လို့ ပါတာလေ။ တာဝန်မှ ရပ်စဲနိုင်သည်မှ မဟုတ်တာ။ ဆိုတော့ ဒါတိတိကျကျ သမ္မတကြီးက လိုက်နာသွားတာလို့ မြင်တယ်။ ဒါကြောင့် ကျမလည်း အသိအမှတ်ပြုတာ။

စွပ်စွဲတဲ့ အဖွဲ့ကို ကျမတို့ သိတာက တိုင်တဲ့လူကို တရားသူကြီးလုပ်ခိုင်းတဲ့ ပုံမျိုးပြောတာမဟုတ်လား။ ဟုတ်တယ်နော်။ ဆိုတော့ ဒါက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကလည်း ပါတဲ့လူကို ကော်မတီမဖွဲ့ရဘူး ဆိုတဲ့ ပုဒ်မကလည်း မပါဘူး။ နော် မပါဘူး။ ဟို ဒီလူတွေမထည့်ရဘူး၊ ဒီအဖွဲ့တွေ မဖွဲ့ရဘူးလို့တော့ မပါလို့ အဲ့လိုလုပ်တယ်လို့တော့ မြင်တယ်လေ။ တိတိကျကျ အားနည်းချက်ရှိမှာပေါ့။ အားနည်းချက်က ဒါမျိုးတိုင်ရင် ဒီလူတွေ မပါရဘူး။ တိတိကျကျပါရင်တော့ ဒီလိုမျိုးမဟုတ်ပါဘူး။ အဲ့ဒီဟာ မပါတော့ ထည့်မိကြတာဖြစ်မှာပေါ့။ ကျမကတော့ ဘာပဲပြောပြော အဓိကက ဆုံးဖြတ်ရမှာက အဂတိပဲ ဖြစ်ဖြစ်၊ ဘာလုပ်သင့်တယ် ရာထူးဆက်နေ ရေး၊ မဟုတ်ရေး၊ ဟုတ်ရေးက သမ္မတပဲ ဆုံးဖြတ်တာ။ ဆိုတော့ သမ္မတ ဆုံးဖြတ်တာ မှန်တယ်ပဲ ပြောမှာပဲ။”

အယ်ဒီးနာ ( ဒီးမော့ဆိုမြို့နယ် ဒေသခံ )

အယ်ဒီးနာ ( ဒီးမော့ဆိုမြို့နယ် ဒေသခံ )
“ကျမတစ်ယောက်အနေနဲ့ဆို ဒါက ဖြစ်သင့်တာက ကြာပြီလို့ ပြောချင်တာပေါ့နော်။ ဘာဖြစ်လို့လဲဆိုရင် ဒါက အရင်တုန်းကလည်း တရားမျှတမှုမရှိတာရယ်၊ ပွင့်လင်းမြင်သာမှုမရှိတာရယ်၊ ဘယ်အစိုးရတက်တက် ကျမတစ် ယောက်အနေနဲ့ ဆိုရင်တော့ ဒါက လုပ်သင့်လုပ်ထိုက်တဲ့ အရာလို့ ကျမအဲ့မျိုး မြင်တယ်။ ဦးအယ်လ်ဖောင်းရှိုရောပဲ ဖြစ်သင့်တယ်ဆိုတာမျိုး မဟုတ်ပဲနဲ့ ဘယ်ပါတီပဲ တက်တက်၊ ဘယ်သူပဲ ဦးဆောင်ဦးဆောင်၊ ဒါက နောက်ဆက်တွဲ ပြဿနာတွေ များကြီးဖြစ်လာနိုင်တဲ့ အရာပေါ့နော်။ ဒီဟာက ပွင့်လင်းမြင်သာမှု မရှိတဲ့အပေါ်မှာ ခံရတာက ကျေးရွာလူထုတွေပဲ။
တနည်းအားဖြင့် ကြည့်မယ်ဆိုရင် ပွင့်လင်းမြင်သာမှုမရှိတာရယ်၊ တာဝန်ယူမှု တာဝန်ခံမှု မရှိတဲ့အပိုင်းမှာ ခါကျတော့ ဒီနောက်ပိုင်းမှာ သူတို့ပဲ ခံရတာမဟုတ်ပဲနဲ့ ခံရနေတဲ့ လူက လူထုပဲပေါ့နော်။ ကျမအနေနဲ့ ပြောချင်တာက ဒီလွှတ်တော်အနေနဲ့ လုပ်သွားတဲ့အပေါ်မှာ ဒါက ကျမတစ်ယောက်အနေနဲ့ခါကျတော့ လုပ်သင့် လုပ်ထိုက်တယ်လို့ မြင်မိတာပေါ့နော်။”

စောအယ်ကလို ( ကရင်နီပြည် လူမျိုးစုလူငယ် ဦးဆောင်ကော်မတီ )

စောအယ်ကလို ( ကရင်နီပြည် လူမျိုးစုလူငယ် ဦးဆောင်ကော်မတီ )
“ကျနော် တစ်ယောက်အနေနဲ့ စဉ်းစားကြည့်မယ်ဆိုရင်တော့ ဒါက ဖြစ်သင့်ပါတယ်။ ဘာဖြစ်လဲဆို ဝန်ကြီးတစ်ယောက်အနေနဲ့ ကျနော်တို့ ကြည့်မယ်ဆိုရင်လည်း သူရဲ့ လုပ်ထုံး၊ လုပ်နည်းပေါ့နော်။ တခါတလေ ကျရင် သူဟာက ပွင့်လင်းမြင်သာမှုမရှိဘူးဆိုတဲ့ ပုံစံမျိုးပေါ့။ ဥပမာအားဖြင့် ကျနော်တို့က ကြေးရုပ်ကိစ္စ ကနေကြည့်မယ်ဆိုရင်လည်း ဒါက ပွင့်ပွင့်လင်းလင်းလည်း မချပြဘူး။ ဘတ်ဂျက်က ဘယ်ကနေ သုံးလည်း ဆိုတဲ့ဟာမျိုးပေါ့နော်။ ဆိုတော့ ကျနော်တို့ မသိတဲ့အတွက်ကြောင့်မို့ အခုလုပ်နေတဲ့ သမ္မတက ရပ်နားထားတဲ့ အပေါ် ကျနော်တို့ ကြည့်ရင် ဒါက ကောင်းပါတယ်။ နောက်တစ်ချက်အနေနဲ့ ကြည့်မယ်ဆိုရင်တော့ ဒီရွေးကောက်ပွဲလည်း နီးပြီဆိုတော့လေ၊ ဒါက သူတို့ရဲ့ လုပ်ထုံး လုပ်နည်းအတိုင်းပဲ သူတို့က ပြန်လုပ်တယ်ဆိုတဲ့ ပုံစံမျိုးပဲပေါ့။

လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်အပေါ် ဒါကတော့ အားရပါတယ်။ ဒါပေမယ့် ကျနော်တို့ တစ်ချက်ပြန်ကြည့်မယ်ဆို တချို့ ဝေဖန်မှုအနေနဲ့ comment မှာ ပြန်ကြည့်မယ်ဆိုလို့ရှိရင်တော့ စိုးရိမ်မိတာက အခု အာဏာရ NLD ပေါ့နော်။ သူက ရွေးကောက်ပွဲလည်း နီးပြီဆိုတော့ ပြည်သူတွေရဲ့ အမြင် တစ်မျိုးပြန်ပြောင်းလဲအောင်ဆိုပြီးတော့ သူက လုပ်တယ်လို့တော့ ကျနော်မြင်တယ်။ ဘာဖြစ်လို့လဲဆို အခုနောက်ပိုင်းဆို ဥပမာအနေနဲ့ ကြည့်မယ်ဆို ကျနော်တို့ ဒီကယား(ကရင်နီ) ပေါ့နော်။ ဒီဒေသခံ ပါတီနှစ်ပါတီကို လူငယ်တွေက ဝန်းရံမယ်ဆိုပြီးတော့ သူက သတင်းတွေ ကြားထားမယ်ဆိုလို့ရှိရင် သူက ဒီပွင့်လင်းမြင်သာမှုရှိအောင် သူက ပြန်လုပ်တယ်လို့ ကျနော်က ပြန်မြင်တာပေါ့။ ဘာလို့လဲဆို ရွေးကောက်ပွဲက သူတို့အတွက် အထူးအရေးကြီးနေတယ်ဆိုတဲ့ ဟာမျိုးနော်။”

ကိုဗညား ( လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ )

ကိုဗညား ( လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ )
“လက်ရှိ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုကိုပေါ့နော်။ တာဝန်ကနေ ရပ်စဲလိုက်တဲ့ အတွက်ကြောင့်မို့ ကျနော်တို့ ပြည်သူတစ်ယောက်အနေနဲ့ပဲပြောပြော၊ တက်ကြွလှုပ်ရှားတဲ့ နဲ့ပဲ ပြောပြော သမ္မတရဲ့ လုပ်ဆောင်ချက်ကို ကျနော် ဂုဏ်ယူပါတယ်။ နောက်တစ်ချိန်တည်းမှာပဲ ဒီဖြစ်စဉ်အဆက်ဆက်မှာ ကျနော်တို့ လွှတ်တော်ကနေ ဥပဒေကြောင်းအရပေါ့နော်။ ပြည်နယ်အစိုးရကို ဥပဒေကြောင်းအရ ထိန်းကျောင်း ပေးတဲ့ လွှတ်တော်တစ်ရပ်ကို ကျနော်အနေနဲ့ အထူးမှပင် ဂုဏ်ယူပါတယ်။ ဒီကိစ္စတွေက နိုင်ငံတစ်နိုင်ငံရဲ့ ဒီမိုကရေစီစနစ်ကို ကျင့်သုံးတဲ့ နေရာမှာ ဒါကအရမ်းအရေးကြီးတဲ့ မဏ္ဍိုင်၊ အချင်းချင်းအကြားမှာ ထိန်းညှိတဲ့ ပုံစံ ဖြစ်တဲ့အတွက်ကြောင့်မို့ ကျနော်အနေနဲ့ ဒီအပေါ်မှာကတော့ ကယားပြည်နယ်လွှတ်တော်ရဲ့ လုပ်ဆောင်ချက် အပေါ်မှာ ဂုဏ်ယူတယ်၊ ထောက်ခံတယ်။ နောက် နိုင်ငံတော်သမ္မတကလည်း သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ်ရဲ့ လွှတ်တော်ဆုံးဖြတ်ချက်ကို အသိအမှတ်ပြုလေးစားတဲ့အပြင် ဥပဒေနည်းကြောင်းအရ လုပ်ဆောင်တဲ့ အတွက် ကြောင့်မို့လို့ ကျနော်အနေနဲ့ ဒီဟာကို ဘာမှပြောစရာမရှိပဲနဲ့ ဂုဏ်ယူပါတယ်လို့ ကနဦး ပြောချင်ပါတယ်။

ကျနော်နည်းနည်းပြောချင်တာကလေ ဒီလိုမျိုး လွှတ်တော်ကနေ စွပ်စွဲပြစ်တင်မှုက အောင်တဲ့ဟာက ကျနော်တို့ ကယားပြည်နယ်မှာ တစ်ခုထဲ ပထမဆုံးအကြိမ်ပြောလို့ရပါတယ်။ တချို့က ကျနော်တို့ ရခိုင်မှာ ဖြစ်ခဲ့ဖူးတယ်၊ ဒီရန်ကုန်မှာလည်း ကြိုးစားတာရှိတယ်။ ဒါပေမယ့် ကျနော်တို့ ကယားပြည်နယ်အောင်မြင်ခြင်းဖြစ်တဲ့အတွက် ကြောင့်မို့လို့ အားလုံးကို ပြောချင်တာက လွှတ်တော်ကိုယ်စားလှယ်တိုင်းက၊ ပြည်နယ်ဝန်ကြီးချုပ်တိုင်းက ပြည်ထောင်စုအစိုးရကို တာဝန်ခံရုံမကဘူး၊ နိုင်ငံတော်သမ္မတကို တာဝန်ခံတာမကဘူး၊ သူတို့ကိုယ်တိုင်ကနေ ရွေးကောက်တင်မြောက်ခြင်းကနေ တက်လာတဲ့ ပြည်နယ်တစ်ခုချင်းစီရဲ့ လွှတ်တော်ကိုဖြစ်စေ၊ ပြည်သူကို ဖြစ်စေ တာဝန်ခံဖို့ လိုအပ်တယ်ဆိုတာကို ဒီအချက်လေးက မီးမောင်းထိုးလိုက်တာဖြစ်တယ်။”

ခွန်းမြင့်နိုင် ( ကယန်းအမျိုးသားပါတီကိုယ်စားလှယ်)

ခွန်းမြင့်နိုင် ( ကယန်းအမျိုးသားပါတီကိုယ်စားလှယ်)
“အလွဲသုံးစားမှုဖြစ်တယ်ဆိုရင်တော့ ဥပဒေအရက ကြည့်ရမှာပဲ။ တရားစွဲတာ၊ စွပ်စွဲတာ၊ ဖြုတ်ချတာ လုပ်ရမှာပဲ။ ဆိုတော့ ဒါက ဥပဒေကို ချိုးဖောက်လို့ မရဘူးလေ။ ဒီအပေါ်မှာကတော လွှတ်တော်ရဲ့ ရဲရဲတင်းတင်း လုပ်ဆောင်မှုတွေအပေါ်မှာ၊ ပြတ်ပြတ်သားသားလုပ်ဆောင်နိုင်မှုအပေါ်မှာတော့ ကျနော် အနေနဲ့ကတော့ လွှတ်တော်ကို လေးစားတယ်။ တစ်ဖက်မှာကတော့ ကျနော်တို့ ဒီမှန်၏၊ မမှန်၏ စုံစမ်းစစ်ဆေးမှုကိစ္စတွေ ကတော့ အစီရင်ခံစာကို အသေးစိတ်မဖတ်ရတော့ ကျနော်တို့က ဒါ သဘောထားကျယ်ကျယ်ပြန့်ပြန့်၊ အသေးစိတ်လည်း ကျနော်မပြောနိုင်ဘူးပေါ့လေနော်။”

ကျော်ထင်အောင် ( ပြည်နယ်အရေးလေ့လာစောင့်ကြည့်သူ )

ကျော်ထင်အောင် ( ပြည်နယ်အရေးလေ့လာစောင့်ကြည့်သူ )
“သမ္မတ လက်နဲ့ရေးတာကို ခြေနဲ့ဖျက်ဖို့ ကြိုးစားတယ်လို့တော့ ကျနော်တို့ သုံးသပ်တယ်။ ကိုယ့်လူကို ကာပေးဖို့လောက်ကို စဉ်းစားတဲ့ နိုင်ငံရေးမဆန်တဲ့ ထုတ်ပြန်ချက်အနေနဲ့ သုံးသပ်ပါတယ်ခင်ဗျ။ ဘာကြောင့်လို့လည်းဆိုတော့ သမ္မတသည် လက်ရှိပါတီရဲ့ ဒုဥက္ကဌ (၁) ဖြစ်ပါတယ်။ အဲ့ဒါကို ပါတီ CEC က သမ္မတဆုံးဖြတ်လိုက်တာပဲ မှားယွင်းသယောင်ယောင်၊ တကယ်တမ်း ဒါက ပုဂ္ဂိုလ်ရေးဆန်ပါတယ်လို့ သွားရောက် သုံးနှုန်းခြင်းသည် သူတို့ရဲ့ ပါတီ ဒုဥက္ကဌတစ်ဦး၊ နိုင်ငံတော် သမ္မတတစ်ဦးရဲ့ ဆုံးဖြတ်မှုအပေါ် ဒါဟာ မလေးစားရာလည်း ကျသလို သူတို့ရဲ့ ထုတ်ပြန်မှုသည် နိုင်ငံရေးမဆန်ပဲနဲ့ ပုဂ္ဂိုလ်ရေးဆန်ဆန်ပဲဖြစ်ပြီးတော့ တစ်ဖက်သတ်ဆန်ပါတယ်။ ဘာကြောင့်တစ်ဖက်သတ်ဆန်သလဲပြောရမယ်ဆိုတော့ စွပ်စွဲပြစ်တင်ရတဲ့ အကြောင်းအရင်းနဲ့ လုပ်ကိုင်ဆောင် ရွက်မှုတွေကို သုံးသပ်ဖော်ပြမှုပိုင်းဆိုင်ရာမရှိပဲနဲ့ ဒီဖက်ကစွပ်စွဲပြစ်တင်တဲ့ အပေါ်မှာကိုပဲ ပရိုစီဂျာမှားယွင်းတယ် ဆိုတာ ပြောတယ်။

တကယ်တမ်းက စွပ်စွဲပြစ်တင်တဲ့ကာလမှာ ၅ ယောက် ၄ ပုံ ၁ ပုံပြည့်မီတဲ့အတွက်ကြောင့် မို့လို့ပဲ စွပ်စွဲပြစ်တင်ခြင်းက မြောက်သွားပြီးပြီ။ မြောက်သွားပြီးတဲ့အတွက် စုံစမ်းစစ်ဆေးတယ်ဆိုတာမှာကလည်း ပါရ၊ မပါရဆိုတာ ဥပဒေမှာ မရှိပါဘူး။ စွပ်စွဲပြစ်တင်သူကလည်း စုံစမ်းစစ်ဆေးရေးအဖွဲ့ထဲမှာလည်း ပါခွင့်ရှိပါတယ်။ ကျနော်တို့ ကယားပြည်နယ်လို တပ်မတော်သား ၅ ဦးအပါအဝင်မှ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၂၀ ရှိတဲ့ ပြည်နယ်မှာကတော့ ကိုယ်စားလှယ် တစ်ဦးက တာဝန် နှစ်ခု၊ သုံးခု အကုန်လုံးယူနေရတဲ့ ပြည်နယ်ဖြစ်တာ ကြောင့်မို့လို့ကို ဒီလို ဥပဒေလည်း မရှိတဲ့အတွက် ဒီလို စွပ်စွဲပြစ်တင်တဲ့ သူတွေထဲက ၃ ဦးက စုံစမ်းစစ်ဆေးရေး အဖွဲ့ထဲမှာ ပါလာရတယ်လို့ သုံးသပ်ပါတယ်။ ဒါပေမယ့် ထုချေခွင့်ရှိသော်ငြားလည်း ကိုယ်တိုင်လည်း လာမထုချေသလို ကိုယ်စားလွှတ်လိုက်တဲ့ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးကလည်း လူမပြည့်တာကို အကြောင်းပြပြီးတော့မှကို ထုချေခွင့် (၄) ကြိမ်ပေးခဲ့တာကို မထုချေပဲနဲ့ အခုလို ၈၀ % သော လွှတ်တော် ကိုယ်စားလှယ်တွေက ဖြုတ်ချလိုက်တဲ့ အခါကျမှ ပါတီကနေ အခုလို ထုတ်ပြန်ပေးခြင်းကတော့ သူတို့ ကိုယ်တိုင်ကိုက လုပ်နည်းလုပ်ဟန်မှားပါတယ်။”

spot_img
spot_img

Recent posts