spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

ကေကောကျောင်းသူ/သားများ တုပ်ကွေးဖြစ်ပွားမှုများနေ

Author

Date

Category

မီမြာ

ကယား(ကရင်နီ)ပြည်နယ် ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းဒေသရှိ ကေကောအလယ်တန်းကျောင်းတွင် ကျောင်းသူ/သားများ တုပ်ကွေးဖြစ်ပွားမှုများနေသည် ဟု ကေကောအလယ်တန်းကျောင်းဆရာမတစ်ဦးက ပြောသည်။

″လူကြီးတွေရော ကလေးတွေရော ဖြစ်တယ်။ တစ်အိမ်မှာ တစ်ယောက်ဖြစ်ပြီဆိုရင် အကုန်ဖြစ်သွားတယ်။ ဆရာ၊ ဆရာမတွေရော လေးယောက်ငါးယောက်လောက်ဖြစ်တယ်။ အရင်တုန်းကမဖြစ်ဘူး ဒီတစ်နှစ်မှဖြစ်တာ တော်တော်ဆိုးဆိုးဝါးဝါးဖြစ်တာပေါ့နော။″ ဟုဆရာမက အခြေအနေဆိုးကြောင်းပြောသွားပါသည်။

လက်ရှိ တုပ်ကွေးဖျားနာသည့် ကျောင်းသားများ အယောက်၅ဝကျော်နေပြီဖြစ်ပြီး အသေအပျောက်မရှိဟု ဆိုပါသည်။

ဖျားနာသည့်ကလေးများကို အနီးဆုံး ကေကောဆေးခန်းတွင် ဆေးစားဆေးသောက်များပေးထားပြီး အနားယူထားခိုင်းသည်ဟု သိရသည်။

တုပ်ကွေးကို ကာကွယ်ရန်အတွက် တိုင်းရင်းဆေးအနေဖြင့် ဂျင်း၊ထန်းလျက်နှင့်ကွမ်းရွက်တို့ကို ပြုတ်ပြီး တစ်ကျောင်းလုံးကိုတိုက်ထားကြောင်း ၎င်းဆရာမထံမှ သိရှိရပါသည်။

″ဒီဘက်မှာကနေမထွက်တာ ၂လခွဲလောက်ရှိပြီ။ မိုးကတောက်လျှောက်ရွာတယ် မြူတွေနှင်းတွေတောက်လျှောက်ဘဲ ဆိုတော့အဝတ်တွေ မခြောက်တာနဲ့ သွားလာတာစိုရွှဲနေတာနဲ့ အဲ့တာကြောင့်မို့လို့ဖြစ်တာလို့ထင်တယ်။″ဟု ဆရာမက တုပ်ကွေးဖြစ်ပွားရခြင်းအကြောင်းအရင်း ထင်မြင်ချက်ကိုပြောကြားသွားပါသည်။

ကျောင်းတွင် ကျန်းမာရေးအသိပညာပေးဟောပြောပွဲများ လုပ်ပေးပြီး ကျန်းမာရေးဌာနမှလည်း ဟောပြောပွဲ ပြုလုပ်ပေးကြောင်းသိရသည်။ ဆေးဝါးထောက်ပံ့ပေးသောအဖွဲ့များလည်း လာရောက်ကူညီပေးနေပြီဖြစ်ကြောင်း သိရသည်။

ကေကောအုပ်စုအတွင်းတွင်အစိုးရဆေးပေးခန်းအနေဖြင့် ကေကောကျေးရွာနှင့် ဖာဝယ်ကျေးရွာတွင်ရှိပြီး ဆေးခန်းတွင် ဆေးလုံလောက်မှုမရှိကြောင်း၊ ကျန်းမာရေး ဆရာ/မ များလည်း လုံလောက်မှုမရှိကြောင်း ကေကောအုပ်စုအုပ်ချုပ်ရေးမှူး ဦးအန်းဂျေလိုက ပြောပါသည်။

“ တခါတလေအရေးပေါ်ခါကျတော့ လူနာတွေလာရင်တခါတည်းလွိုင်ကော်သွားလိုက်တယ်။ လိုင်းကားရှိရင်သွားလိုက်တယ်။မရှိရင် ရွာပဲပြန်လိုက်တယ်။”ဟု ဦးအန်းဂျေလိုက ပြောပါသည်။

ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းဒေသသည် လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ရန် အစိုးရဝန်ထမ်းများလည်းအခက်အခဲများရှိနေသည်။

ထိုသို့ အစိုးရမှ ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်သည့်အတွက် ဒေသခံအများစုသည် အရေးပေါ်နာမကျန်းဖြစ်လာပါက နီးစပ်ရာ ကက်သလစ်ဘာသာ သီလရှင်များ၊ တခြား ကျန်းမာရေးအဖွဲ့အစည်းထံတို့မှ ကျန်းမာရေးစောင့်ရှောက်မှု ခံယူနေကြရသည်။

spot_img
spot_img

Recent posts