spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

တောင်သူတွေကို ကယ်သူမဲ့နေကြပြီလား

Author

Date

Category

ဘခက် (ငွေတောင်ပြည်) ရေးသားသည်။

“ဒီလိုအခြေအနေမျိုးမှာ တောင်သူတွေကို စစ်တပ်ကတရားစွဲ၊ သက်ဆိုင်ရာအစိုးရဘက်ကလည်း ဘာမှဝင်ရောက်ဖြေရှင်းပေးတာတွေမရှိတော့ ပြည်သူ ့အစိုး ရလက်အောက်မှာ ဒေသခံတောင်သူတွေအနေနဲ ့ ကူသူကယ်သူမဲ့ ခိုကိုးရာမဲ့ပြီး အနိုင်ကျင့်ဖိနှိပ်ခဲ့နေရတဲ့ အခြေအနေမျိုးကို ရောက်နေပြီလို ့”

ကယားပြည်နယ်မှာ လတ်တလောဖြစ်ပျက်နေတဲ့ တောင်သူတွေနဲ ့စစ်တပ်ကြားကမြေယာပြသနာဟာ သက်ဆိုင်ရာအစိုးရရဲ ့တာဝန်ယူ၊ တာဝန်ခံဖြေရှင်းမှုမရှိတာကိုတွေ ့နေရပါတယ်။

စစ်တပ်ဘက်ကတော့ ဒါဟာတပ်ပိုင်မြေဖြစ်တယ်၊ သူတို ့တပ်အတွက် အထက်ကပေးထားတဲ့ မြေနေရာဖြစ်တယ်။ သူတို ့မှာ အထောက်အထားတွေအခိုင်အမာရှိကြောင်းပြောပါတယ်။

တောင်သူတွေဘက်ကတော့ ဒါဟာသူတို ့ဘိုးဘွားပိုင်မြေ၊ ဘိုးစဉ်ဘောက်ဆက်က လုပ်လာတဲ့မြေတွေဖြစ်တယ်လို အခိုင်အမာပြောဆိုကြပြန်ပါတယ်။

ဒီလို ထိတွေ ့ပွတ်တိုက်မှုဖြစ်နေရတဲ့ ပြသနာကိုဖြေရှင်းဖို ့ဆိုရင် ကယားပြည်နယ် ( ကရင်နီပြည်) ရဲ ့မြေယာနဲ ့ပတ်သက်ပြီး သမိုင်းကြောင်းကို သိဖို ့လိုသလို စစ်တပ်တွေအနေနဲ ့ ကယားပြည်နယ်ကို ဘယ်အချိန်ဘယ်ကာလမှ စတင်ရောက်လာတယ်ဆိုတာကို သိဖို ့လိုပါလိမ့်မယ်။

ကယားပြည်နယ် ( ကရင်နီပြည်) ဟာ မြေယာပိုင်ဆိုင်မှုနဲ ့ပတ်သက်ပြီး ရှေးအစဉ်အလာအရ ရိုးရာဓလေ့နည်းအရ မြေတွေကိုထိန်းသိမ်းလာခဲ့တာပါ။

ရွာတစ်ရွာရဲ့ ဘယ်မြေကို ဘယ်သူကပိုင်တယ်ဆိုတာ ကျေးရွာသူရွာသားတွေက အသိအမှတ်ပြုတယ်ဆိုရင် ဒါဟာသူတို ့ရဲ ့ရိုးရာဓလေ့အရ မြေယာပိုင်ဆိုင်မှုကို ထိန်းသိမ်းအသိအမှတ်ပြုတဲ့နည်းဘဲဖြစ်ပါတယ်။

စာချုပ်စာတမ်းတွေ၊ မြေပိုင်ဆိုင်ခွင့်တွေ ဘာမှမရှိသေးခင်ကာလ ကတည်းက ဒေသခံတောင်သူတွေအနေနဲ ့ရိုးရာဓလေ့စည်းမျဉ်းစည်းကမ်းအရ မြေတွေကို ဘိုးစဉ်ဘောင်ဆက်လက်ထက်ကတည်းက အဆင့်ဆင့် သယ်ဆောင်လက်ဆင့်ကမ်း ကျင့်သုံးလာကြတာပါ။

ဒေသခံတွေအချင်းချင်းကြားမှာ မြေယာပြသနာတွေဖြစ်ခဲ့မယ်ဆိုရင်လည်း သက်ဆိုင်ရာ ကျေးရွာလူကြီးအကြီးအကဲတွေနဲ ့အတူရွာသူရွာသားတွေကစုပေါင်းပြီး အများဆန္ဒနဲ ့မြေယာပြသနာမပြေလည်မှုတွေကို ရိုးရာဓလေ့အရ ဖြေရှင်းခဲ့ကြတာပါ။

 ဒေသခံတွေ ဘိုးစဉ်ဘောက်ဆက်ကတည်းက အခုလိုကျင့်သုံးလာတဲ့ဓလေ့ကို အသိအမှတ်ပြုလက်ခံဖို ့ဆိုတာ သက်ဆိုင်ရာအစိုးရတွေမှာ အပြည့်အဝတာဝန်ရှိပါတယ်။

စစ်တပ်ကိစ္စကို ပြောရမယ်ဆိုရင်တော့ လက်ရှိတောင်သူမြေတွေကို သိမ်းထားတဲ့ တပ်တွေဟာ (၁၉၉၀) နောက်ပိုင်းမှ ကယားပြည်နယ်ကို လာရောက်အခြေစိုက်ကြတဲ့တပ်တွေဖြစ်ပါတယ်။

အဲ့တုန်းက စစ်အာဏာရှင် စနစ်နဲ ့အုပ်ချုပ်နေတဲ့ နိုင်ငံတော်အေးချမ်းသာယာရေးနဲ ့ဖွံ ့ဖြိုးရေးကောင်စီခေတ်ပါ။

 အဲ့ဒီကာလတွေတုန်းက ကယားပြည်နယ်မှာ ပြည်တွင်းစစ်အရှိန်ကောင်းနေတဲ့ကာလဖြစ်သလို  စစ်အာဏာရှင်တွေအုပ်ချုပ်မှုအောက်မှာ တောင်သူတွေအနေနဲ ့ဘာကိုမှ ပြန်ပြီးခုခံချေပပြောဆိုခွင့်မရှိခဲ့ကြပါဘူး။

 တစ်သွေး၊ တစ်သံ၊ တစ်မိန် ့ဆိုတဲ့ စစ်အာဏာရှင်စနစ်ဆိုးအောက်မှာ ပြားပြားဝပ်ခဲ့ကြရတာပါ။ စစ်တပ်တွေ ကယားပြည်နယ်မှာ အခြေလာချတော့ တကယ့်နေရာကောင်းတွေကိုရွေးပြီး အခြေစိုက်တပ်စခန်းတွေကို တည်ဆောက်ခဲ့ကြတာပါ။

အဲ့ဒီတပ်စခန်းတည်ဆောက်တဲ့နေရာတွေဆိုတာလည်း အထက်ကဆိုခဲ့သလိုတောင်သူတွေရဲ ့ဘိုးစဉ်ဘောက်ဆက်ကတည်းက လုပ်ကိုင်စားသောက်လာကြပြီး ရိုးရဓလေ့အရ မြေတွေကိုထိန်းသိမ်းကာကွယ်ခဲ့ကြတဲ့မြေနေရာတွေဖြစ်ပါတယ်။

 တပ်တွေရောက်လာပြီး စခန်းချချိန်မှာတော့ တောင်သူတွေရဲ ့မြေတွေကို ဧကသောင်းနဲ ့ချီသိမ်းဆည်းခဲ့သလို ကျေးရွာအမြောက်အမြားရွေ ့ပြောင်းခဲ့ရတဲ့အခြေအနေနဲ ့ကြုံတွေ ့ခဲ့ရတာပါ။

စစ်အာဏာရှင်စနစ်နဲ ့အုပ်ချုပ်ခဲ့တဲ့ကာလဆိုတော့ ဒေသခံတောင်သူတွေအနေနဲ ့ ဖိနှိပ်အနိုင်ကျင့်မှု အမျိုးမျိုးကို အံကြိတ်ခံခဲ့ကြရတာပါ။

၂၀၁ဝ မှာတော့ မြန်မာနိုင်ငံရဲ ့နိုင်ငံရေးရေစီးကြောင်းဟာ တစ်ဆစ်ချိုးပြောင်းလဲလာခဲ့ပါတယ်။ ၂၀၁ဝ နိုင်ဝင်ဘာ (၇) ရက်နေ ့မှာ ရွေးကောက်ပွဲ ပြုလုပ်ခဲ့ပြီး သမ္မတဦးသိန်းစိန်ဦးဆောင်တဲ့ အစိုးရတက်လာခဲ့ပါတယ်။

ဦးသိန်းစိန်အစိုးရအနေနဲ ့ပြည်တွင်းငြိမ်းချမ်းရေးကိုဖော်ဆောင်မှာဖြစ်ပြီး ဒီမိုကရေစီလမ်းကြောင်းကို ဖော်ဆောင်မယ်လို ့လည်းကြွေးကြော်ခဲ့ပါတယ်။

 ဒီအပြောင်းအလဲကာလ ကနေစပြီး  ကယားပြည်နယ်က တောင်သူတွေအနေနဲ ့ သူတို ့ရဲ ့မကျေနပ်ချက်တွေ၊ ဖိနှိပ်ခံနေရတာတွေကို စတင်ပြီး ထုတ်ဖော်ပြောဆိုလာတာတွေ လမ်းပေါ်တက်ဆန္ဒပြလာတာတွေ စတင်လာခဲ့ပါတယ်။

သမ္မတဦးသိန်းစိန်လက်ထက်မှာတော့ မြေသိမ်းယာသိမ်းကိစ္စနဲ ့ပတ်သက်ပြီး တောင်သူတွေတောင်းဆိုချက်ဟာ ထင်သလောက် မအောင်မြင်ခဲ့ပါဘူး။

ဒါ ့အပြင်သမ္မတဦးသိန်းစိန်အစိုးရဟာ စစ်တပ်ကြောထောက်နောက်ခံထားတဲ့ စစ်တစ်ပိုင်းအစိုးရဆိုပြီး ပြည်သူတွေရဲ ့စိတ်ထဲမှာ ထင်မြင်ယူဆချက်တွေရှိနေခဲ့ကြပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ ့ချုပ်က ရွေးကောက်ပွဲလမ်းကြောင်းထဲကို ဝင်လာခဲ့ပါတယ်။

နှစ်ပေါင်းများစွာ စစ်အာဏာရှင်စနစ်ရဲ ့ဖိနှိပ်မှုအောက်မှာ နေလာခဲ့ရတဲ့တောင်သူတွေအနေနဲ ့ အမျိုးသားဒီမိုကရေစီအဖွဲ ့ချုပ်က ရွေးကောက်ပွဲဝင်တဲ့အပေါ်ဝမ်းပန်းတသာ ကြိုဆိုခဲ့ကြပြီး ပါတီကိုလည်း အပြည့်အဝမဲထည့်ပေးခဲ့ကြပါတယ်။

ဦးသိန်းစိန်အစိုးရလက်ထက်မှာ NLD ကင်းရှင်းနယ်မြေလို ့သတ်မှတ်ခံခဲ့ရတဲ့ ကယားပြည်နယ်ဟာ (၂၀၁၅) ရွေးကောက်ပွဲမှာ NLD ကို အကြီးမားဆုံးသောအောင်မြင်မှုကိုလက်တွေ ့ပေးခဲ့တာပါ။

ကယားပြည်နယ်သူ၊ ပြည်နယ်သားတွေရဲ ့မျှော်လင့်ချက်ကတော့ ပြည်သူ ့အစိုးရလက်ထက်မှာ သူတို ့ဖိနှိပ်ခံခဲ့ရတာတွေ၊ မတရားလုပ်ခံခဲ့ရတာတွေ လျော့နည်းလာမယ်လို ့ အပြည့်အဝယုံကြည်ခဲ့ကြတာပါ။

NLD အစိုးရလက်ထက်ရောက်လဲ ထူးမခြားနားပါဘဲ။ အထူးသဖြင့် လယ်ယာမြေသိမ်းဆည်းခံထားရတဲ့ ဒေသခံ တောင်သူတွေဟာ သူတို ့လယ်ယာမြေတွေကို ပြန်မရတဲ့ အပြင် သိမ်းဆည်းခံလယ်မြေတွေမှာ ဆက်လက်ထွန်ယက်ခွင့်မရတော့ဘဲ၊ လယ်မြေတွေပေါ်မှာ သွားရောက်ထွန်ယက်လို ့ဆိုပြီး ရွာလုံးကျွတ်တရားစွဲခံရတာတွေ၊ ခြိမ်းခြောက်ခံရတာတွေကို အရင်ကထက်ပိုပြီးကြုံတွေ ့လာကြရပါတယ်။

 NLD အစိုးရအနေနဲ ့ တောင်သူလယ်သမားအများစုလက်မခံနိုင်တဲ့ လယ်ယာမြေဥပဒေကို ပြင်ဆင်တာမလုပ်နိုင်တဲ့ အပြင် အသစ်ထပ်မံအတည်ပြုလိုက်တဲ့ မြေလွတ်မြေရိုင်းဥပဒေဟာလည်း တောင်သူတွေကို ပိုမို အကျပ်အတည်းတွေ ့စေပြီး ဖိနှိပ်မှုတွေကို ဆက်ရှိနေစေခဲ့ပြန်ပါတယ်။

တပ်နဲ ့ဖြစ်တဲ့လယ်ယာမြေကိစ္စတွေမှာလည်း မြေယာပိုင်ဆိုင်မှုနဲ ့ပတ်သက်ပြီး တပ်ဘက်က အထောက်အထားအခိုင်အလုံရှိတယ်၊ မြေပိုင်ဆိုင်ခွင့်ပုံစံရှိတယ်ဆိုတဲ့အချက်က ဌာနဆိုင်ရာနဲ ့ပူးပေါင်းပြီး တောင်သူတွေကို ဥပဒေဆိုတဲ့ စကားလုံးအောက်မှာဖိနှိပ်နေတယ်ဆိုတာသိသာပါတယ်။

သက်ဆိုင်ရာမြေစာရင်းတွေအနေနဲ ့မူလမြေပိုင်ရှင်တောင်သူတွေရဲ ့သဘောဆန္ဒမပါဘဲ၊ လက်သင့်ရာစားတော်ခေါ်သဘောမျိုးနဲ ့ သူတို ့နဲ ့ရင်းနှီးသူတွေ၊ သူတို ့ကြောက်ရသူတွေကို မြေပိုင်ဆိုင်ခွင့် ပုံစံထုတ်ပေးတဲ့ဖြစ်စဉ်ဟာ တပ်မတော်နဲ ့ တောင်သူတွေအကြားမှာသာမက အခြားသောလူပုဂ္ဂိုလ်တွေကို လည်းအလားတူဖြစ်စဉ်မျိုးတွေ ဆောင်ရွက်ပေးနေတာအများကြီးရှိနေပါတယ်။

ဒါဟာ လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားလုပ်ပြီး ခြစားလာဘ်စား စနစ်နဲ ့ ပြည်သူတွေကို အနိုင်ကျင့်ဗိုလ်ကျနေတာပါ။ ဒီကိစ္စတွေကိုလည်း သက်ဆိုင်ရာ NLD အစိုးရက ထိထိရောက်ရောက်ကိုင်တွယ်အရေးယူဖို ့လိုနေပါပြီ။

နောက်ဆုံးအနေနဲ ့ပြောချင်တာကတော့ တပ်မတော်အနေနဲ ့ပြည်သူသာအမိ၊ ပြည်သူသာအဖဆိုပြီး ကိုယ့်ကိုယ်ကို သဘောထားမယ်၊ တိုင်းရင်းသားတွေနဲ ့ စစ်မှန်တဲ့ငြိမ်းချမ်းရေးတည်ဆောက်မယ်ဆိုရင် အခုလိုမြေသိမ်း၊ ယာသိမ်းကိစ္စတွေကို လျှော့ချပြီး ဒေသခံတောင်သူတွေကို ငံညှာသင့်နေပြီဆိုတာပါဘဲ။

လက်ရှိကယားပြည်နယ်မှာဖြစ်နေတဲ့ မြေယာပြသနာတွေကို ဆန်းစစ်ကြည့်လိုက်မယ်ဆိုရင် တောင်သူတွေအနေနဲ ့ လက်ရှိတပ်နေရာကိုဖျက်ခိုင်းနေတာမဟုတ်ပါဘူး။

တပ်က အဆမတန်သိမ်းဆည်းထားပြီး ပိုနေတဲ့မြေတွေကို ပြန်တောင်းတာ၊ ပိုနေတဲ့မြေတွေမှာ ပြန်ပြီးစိုက်ပျိုးစားသောက်ဖို ့တောင်းဆိုနေတာကိုတွေ ့ရပါတယ်။

 ဒီလိုအခြေအနေမျိုးမှာ တောင်သူတွေကို စစ်တပ်ကတရားစွဲ၊ သက်ဆိုင်ရာအစိုးရဘက်ကလည်း ဘာမှဝင်ရောက်ဖြေရှင်းပေးတာတွေမရှိတော့ ပြည်သူ ့အစိုးရလက်အောက်မှာ ဒေသခံတောင်သူတွေအနေနဲ ့ ကူသူကယ်သူမဲ့ ခိုကိုးရာမဲ့ပြီး အနိုင်ကျင့်ဖိနှိပ်ခဲ့နေရတဲ့ အခြေအနေမျိုးကို ရောက်နေပြီလို ့ သက်ဆိုင်ရာ အစိုးရသိစေဖို့ရေးသားတင်ပြလိုက်ရပါတယ်။

spot_img
spot_img

Recent posts