spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

နေပူပူ တောင်ယာပြင်ထဲက ထွန်တုံးတိုက်ပွဲ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်) 

နေပူပူ တောင်ယာပြင်ထဲမှာ လူဦးရေအယောက် ၃ဝ ကျော်ရှိတဲ့ တောင်သူလယ်သမားတွေဟာ ထွန်တုံးတိုက်ပွဲဆင်နွှဲပြီး တပ်သိမ်းမြေပြန်လည်ရရှိဖို့နဲ့ စိုက်ပျိုးရာသီအချိန်မှီ စိုက်ပျိုးနိုင်ရေးအတွက် အပူတပြင်းတောင်းဆိုမှုတွေပြုလုပ်နေကြပါတယ်။

ဒီးမော့ဆိုမြို့နယ် ၆မိုင်စံပြကျေးရွာအုပ်စု၊ ဒေါဆိုရှေ့ကျေးရွာက တောင်သူလယ်သမားတွေပဲဖြစ်ပါတယ်။ သူတို့ဟာ လွိုင်ကော်မြို့နယ်ထဲက အမြောက်တပ် ၃၆ဝက သိမ်းဆည်းထားတဲ့ တောင်ယာမြေပေါ် စိုက်ပျိုးခွင့်ရဖို့အတွက် ထွန်တုံးတိုက်ပွဲကိုဧပြီလ ၂ဝရက်နေ့က ဆင်နွှဲခဲ့ကြတာဖြစ်ပါတယ်။

အဲဒီနေ့မှာ ဘိုးဘွားလက်ထက်ကတည်းကလုပ်ကိုင်စားသောက်ခဲ့တဲ့ မြေနေရာကိုကျေးရွာပိုင်အဖြစ် ခြံစည်းရိုးတိုင် စိုက်ထူခြင်းတွေ ပြုလုပ်ခဲ့ကြပါတယ်။

ဒေသခံတွေက နှစ်စဉ်လုပ်ကိုင်လာခဲ့တဲ့ တောင်မြေအပေါ် တပ်ပိုင်မြေအဖြစ် သိမ်းဆည်းမခံရဖို့ဆိုပြီး ထွန်တုံးတိုက်ပွဲပြုလုပ်ခဲ့ကြတာလို့ ဒေါဆိုရှေ့တောင်သူတစ်ဦးဖြစ်တဲ့ ဦးသောမတ်က အခုလိုပြောပါတယ်။

“ အဲဒါကြောင့် ပြည်သူလူထုအားလုံးလည်းဒီကနေ့ ဝိုင်းဝန်းပြီးမှ လာပြီးချီတက်ကြတယ် ရင်ဆိုင်ဖို့အတွက်ပေါ့နော”လို့ ထွန်တုံးတိုက်ပွဲဆင်နွှဲတဲ့ အချိန်ကပြောခဲ့ပါတယ်။

ထွန်တုံးတိုက်ပွဲဆင်နွှဲနေကြတဲ့ ဒေသခံတောင်သူတွေဟာခြံစည်းရိုးစိုက်ထူဖို့ ထွန်စက်ဖြင့် ထွန်ယက်နေစဉ်မှာပဲ အမတ ၃၆ဝ တပ်ရင်းမှ တာဝန်ရှိသူတွေကအရပ်ဝတ်စုံတွေနဲ့ လာပြီးဆက်မလုပ်ဖို့ လာရောက် တားမြစ်ခဲ့သလိုဆက်လက်လုပ်ဆောင်ပါကတရားဥပဒေအရအရေးယူမယ်လို့ ပြောဆိုသွားတာကို တွေ့ရပါတယ်။

“ဆက်မလုပ်ဖို့ပြောချင်တယ်။ ဒါပေမယ့် ဆက်လုပ်လို့ ရတယ်။ ဒါ ကျွန်တော်တို့ တပ်ပိုင်ဧရိယာနဲ့လာတားမြစ်တာပါ။ တပ်ပိုင်ဧရိယာဖြစ်လို့ လုံခြုံရေးအရလာပြီးတားမြစ်တာပါ” လို့ စစ်တပ်ဘက်မှ တာဝန်ရှိသူတစ်ဦးက ထွန်တုံးတိုက်ပွဲအတွင်း လာရောက်ပြောဆိုသွားပါတယ်။

ဒေါဆိုရှေ့ကျေးရွာဟာ ဒီမော့ဆိုမြို့နယ်အတွင်းမှာရှိပြီး တောင်ယာစိုက်ခင်းကတော့ လွိုင်ကော်မြို့နယ် ၃၆ဝ အမြှောက်တပ်ရဲ့ ဝန်းကျင်မှာတည်ရှိနေတာဖြစ်ပါတယ်။

ယခုအမြောက်တပ်တည်ထားတဲ့ တပ်ရင်းဟာဆိုရင် အရင်က ဒေါဆိုရှေ့ကျေးရွာဟောင်းဖြစ်ပြီး ၁၉၈၉ ခုနှစ်က ပြည်တွင်းစစ်မငြိမ်မသက်စဉ်အချိန်က ပြောင်းရွေ့ခံခဲ့ရတာဖြစ်ပါတယ်။

ယခုချိန်ထိလက်ရှိတောင်ယာတွေနဲ့ပဲ စားဝတ်နေရေး ကိုဖြေရှင်းခဲ့ကြရပြီးတော့ အချို့မှာနီးစပ်ရာ ဆွေမျိုးဆီ ခိုလှုံနေခဲ့ကြရတာဖြစ်ပါတယ်။

ယခုတပ်မြေလို့ သတ်မှတ်ထားတဲ့ မြေယာမှာယခင်ကတောင်သူအချို့ဝင်ရောက် လုပ်ကိုင်ခဲ့တာကြောင့်လည်း ၂၀၁၄-၁၅ခုနှစ်မှာ တရားရင်ဆိုင်ခဲ့ရတဲ့ ဖြစ်စဉ်တွေရှိခဲ့ပါတယ်။

ဆက်လက်ပြီးတော့ ဒေသခံတွေကသူတို့ရဲ့ လယ်ယာမြေယာ ဧက ၂၀ဝ ခန့်ကို ပြန်လည်ရရှိရေးအတွက် သက်ဆိုင်ရာကိုစာတင် တောင်းဆိုခဲ့ကြပါတယ်။

တောင်ယာမြေဟာ ဒေါဆိုရှေ့တောင်သူတွေအတွက် မရှိမဖြစ်တာကြောင့် တောင်ယာသာမရှိတော့ဘူးဆိုရင် အသက်ရှင်ပိုင်ခွင့်မရှိတော့ဘူးလို့ တောင်သူ ဦးပါးရယ်ကပြောပါတယ်။

ဦးပါးရယ်က“ကျတော်တို့ ဒါမှ မလုပ်စားရဘူးဆိုရင် ကျတော်တို့ အသက်ရှင်ပိုင်ခွင့်မရှိတော့ဘူးကျတော်တို့တောင်ယာဒီတောင်ယာပဲရှိတယ်”လို့ ပြောပါတယ်။

ဒေါဆိုရှေ့တောင်သူတွေ ထွန်တုံးတိုက်ပွဲဆင်နွဲပြီးနောက် ဧပြီလ၂၂ရက်နေ့က ၆မိုင်စံပြကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှာဒေသခံတောင်သူတွေ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊ မြေစာရင်းဌာန၊ လွှတ်တော်ကိုယ်စားလှယ် တို့ တွေ့ဆုံဆွေးနွေးခဲ့ကြပါသေးတယ်။

ဒီမော့ဆိုမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့ ဦးသိန်းအောင်စဲရယ်ကအဆင်ပြေဖို့အတွက် သက်ဆိုင်တဲ့ အကြီးအကဲအသီးသီးနဲ့ တွေ့ဆုံပြီးဖြေရှင်းပေးမယ်လို့ ကတိပေး ပြောကြားသွားပါတယ်။

ဦးသိန်းအောင်စဲရယ်က“ဝန်ကြီးချုပ်နဲ့ ညှိပေးမယ် ဒီနေရာတွေ ဘယ်လို ဖြစ်မလဲဆိုရင် သက်ဆိုင်ရာဒကဆမှူးတို့ တပ်ရင်းမှူးတို့ ခေါ်ပြီးတော့ ညှိပေးပါ့မယ်”လို့ ပြောခဲ့ပါတယ်။

တောင်သူတွေ စိုက်ပျိုးချိန် နီးကပ်နေပေမယ့်လည်းလက်ရှိအချိန်မှာတော့ သက်ဆိုင်တဲ့အကြီးအကဲတွေကနေဆွေးနွေးညှိနှိုင်းမှု ပြုလုပ်ရမှာ ဖြစ်တဲ့အတွက် တောင်သူတွေအနေနဲ့ ထွန်ယက်စိုက်ပျိုးမှုကိုခေတ္တရပ်နားဖို့ လိုတယ်လို့ ခရိုင်အုပ်ချုပ်ရေးမှူးကပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်တွေထဲမှာ တပ်စွန့်မြေအဖြစ် နှစ်ကြိမ်တိုင် ပြုလုပ်ခဲ့သော်လည်းတပ်ပိုင်မြေအဖြစ် သတ်မှတ်ထားတဲ့ ဒေါဆိုရှေ့တောင်သူတွေရဲ့ မြေယာပါဝင်ခြင်းမရှိဘဲတပ်ပိုင်မြေသတ်မှတ်ထားခြင်းမရှိတဲ့ မြေနေရာ ၆၀ဝကျော်ကို စွန့်လွှတ်ခဲ့တယ်လို့ ဒေသခံပြောကြားချက်အရသိရပါတယ်။

၎င်းကိစ္စနဲ့ ပတ်သက်ပြီးဦးသောမတ်က“သူတို့ စွန့်လွှတ်တဲ့ဟာတွေကလည်းတပ်သိမ်းပါတယ်လို့ မသိရဘူးပေါ့။ သူတို့ကမဆိုင်တဲ့ဟာပဲလိုက်စွန့်လွှတ်နေတယ်။ လူကြီးမင်းတွေကလာမှ စစ်ဆေးတဲ့နေရာကဒီနေရာ ပြန်ပေးတဲ့နေရာကတစ်နေရာအဲတော့ အဖြေကလွဲနေတယ်” လို့ ပြောဆိုထားပါတယ်။

၂၀၀၂-၂၀၀၃ခုနှစ် အမှတ်၃၆ဝ အမြှောက်တပ် တည်ထောင်တဲ့အချိန်မှစပြီးဒေါဆိုရှေ့တောင်သူတွေ လုပ်ကိုင်စားသောက်တဲ့ မြေတွေကိုတပ်ပိုင်မြေအဖြစ် သတ်မှတ်ခဲ့ကြတာဖြစ်ပါတယ်။

၎င်းမြေနေရာမှာတောင်သူတွေ လုပ်ကိုင်စားသောက်ခွင့် ပေးထားသော်လည်းတပ်ရင်းမှူးအပြောင်းအလဲများကြောင့် လက်ရှိမှာတော့ တောင်သူတွေအနေနဲ့ ထွန်ယက်စိုက်ပျိုးမယ်ဆိုရင် သက်ဆိုင်ရာကိုတင်ပြပြီးခွင့်ပြုချက်ရမှ စိုက်ပျိုးခွင့် ပေးထားတယ်လို့ သိရပါတယ်။

တောင်သူတွေမှာ ဒီမြေဒီယာတွေနဲ့ပဲ အသက်ဆက်ရှင်ဖို့ လုပ်ကိုင်စားသောက်ရတာမို့ သက်ဆိုင်ရာတာဝန်ရှိသူတွေကနေ အမြန်ဆုံးညှိနှိုင်းဖြေရှင်းပေးဖို့ တောင်သူတွေက တောင်းဆိုသွားကြပါတယ်။

spot_img
spot_img

Recent posts