spot_imgspot_imgspot_imgspot_img
Friday, April 19, 2024
spot_imgspot_imgspot_imgspot_img

ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီမှ ဆွေးနွေးမှုအစီအစဉ်ကို ဖျက်သိမ်း

Author

Date

Category

နော်ဒွေးအယ်ခူ

ယနေ့ ဖေဖော်ဝါရီလ ၁ရရက်နေ့ လွိုင်ကော်မြ်ု့ အင်ပါယာဟိုတယ်တွင် ဗိုလ်ချုပ်မြင်းစီးကြေးရုပ်နှင့် ပတ်သက်၍ ကန့်ကွက်သူများနှင့် ဖြစ်မြောက်ရေးကော်မတီတို့ ဆွေးနွေးညှိနှိုင်းမှုတွင် ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီ ကိုယ်စားလှယ်များမှ ဆွေးနွေးပွဲမပြီးခင်တွင် အစည်းအဝေးကို ဖျက်သိမ်း၍ ထပြန်ခဲ့ကြောင်း သိရသည်။

ကန့်ကွက်သူလူငယ်ကိုယ်စားမှ ပါဝင်ဆွေးနွေးခဲ့သည့် ခွန်းအသန်းက “ကြေးရုပ်ကို ဘယ်လိုရွှေ့ဆိုင်းမလဲ ညှိနှိုင်းတဲ့အချိန်မှာတော့ သူတို့ဖက်က လုံးဝရွှေ့ဆိုင်းရေးကို လက်ခံမှာမဟုတ်ဘူး ပြီးတော့ ရွှေ့ဆိုင်းရေးကိုလည်း တာဝန်မယူနိုင်ဘူး ကြေးရုပ်ကော်မတီအနေနဲ့ ဒါက ပြည်နယ်အစိုးရမှာပဲ တာဝန်ရှိတယ် ပြည်နယ်အစိုးရကိုပဲ ညှိနှိုင်းရမယ်။ အဲ့လို လွှဲချရင်းနဲ့ဆွေးနွေးပွဲကို အဆုံးသတ်သွားပါတယ်။ သူတို့ကတော့ တရားဝင်အစည်းအဝေး မပြီးဆုံးခင်မှာပဲ ထပြန်သွားပြီးမှ အစည်းအဝေးကို ဖျက်သိမ်းလိုက်တဲ့ သဘောဖြစ်ပါတယ်” ဟု အစည်းအဝေးပွဲအပြီး မီဒီယာများနှင့်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ကြေးရုပ်ရွှေ့ဆိုင်းရေး ညှိနှိုင်းရေးကို တည်ဆောက်ရန် အကောင်အထည်ဖော်ခဲ့သည့် ပြည်နယ်အစိုးရကသာ တာဝန်ရှိကြောင်းပြောဆိုခဲ့ပြီး လက်ရှိကြေးရုပ်ဖြစ်မြောက်ရေးကော်မတီကို ၂၀၁၈ခုနှစ်၊ စက်တင်ဘာလ ၂၄ရက်နေ့မှသာ ဖွဲ့စည်းခဲ့ကြောင်း ဖြစ်မြောက်ရေးကော်မတီက ပြောဆိုခဲ့ကြောင်း သိရသည်။

ဖြစ်မြောက်ရေးကော်မတီမှ အစည်းအဝေးတွင် ေြေြာဆိုခဲ့မှုနှင့် ပတ်သက်ပြီး တာဝန်ယူမှု တာဝန်ခံမှုမရှိသည့်အတွက် နောင်ဆွေးနွေးပွဲများတွင် တာဝန်ခံနိုင်သည့် ပုဂ္ဂိုလ်များသာ လာသင့်ကြောင်း အသိသက်သေအနေဖြင့် ပါဝင်ခဲ့သူ လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်က သုံးသပ်သည်။

၎င်းက “ပိုပြီး တာဝန်ယူမှု တာဝန်ခံမှု ရှိတဲ့ ပုဂ္ဂိုလ်တွေ လာစေချင်ပါတယ်။ ဒါမှပဲ ကောင်းမွန်တဲ့အဖြေတွေ ရလာမှာပေါ့နော။ ဆိုတော့ ဒီလိုလုပ်လိုက်ခြင်းအားဖြင့် ရှေ့ဆက်လို့လဲ မရဘူးပေါ့ ဆက်ပြီးတော့လည်း ဆွေးနွေးလို့မရဘူး။ နောက်ပြီးတော့ ဖြစ်နေတဲ့ ပြဿနာကိုလည်း အဖြေမထုတ်နိုင်ဘူးဆိုရင် ဒီပြဿနာကလည်း ပြီးနိုင်မှာ မဟုတ်ဘူူးပေါ့နော” ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

အသိသက်သေတစ်ယောက်အနေဖြင့် ပါဝင်သည့် ဦးသဲရယ်က အဆိုပါ အစည်းအဝေးပွဲတွင် ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီဝင် ပြောဆိုသည့် အကြောင်းအရာများသည် ဖေဖော်ဝါရီလ ၁၂ရက်နေ့၊ ပြည်နယ်အစိုးရရုံးအစည်းအဝေးခန်းမတွင် အစိုးရပြောဆိုခဲ့သည့်အကြောင်းအရာများနှင့် ကွဲလွဲမှု ရှိနေကြောင်း ဝေဖန်သည်။

“ အစိုးရပြောတာနဲ့ ဒီက ကော်မတီဝင်တွေ ပြောတာကတော့ နည်းနည်းကွဲလွဲမှုတွေ ရှိတာပေါ့နော။ အစိုးရ ဒီကော်မတီပဲ တာဝန်ရှိတယ်လို့ပြောတယ်။ ဒီကော်မတီကလည်း ခုချိန်မှာ သူတို့ တာဝန်မရှိတော့ဘူး။ ရွှေ့ဖို့ပြောင်းဖို့ဆိုတာက အစိုးရမှာပဲ တာဝန်ရှိတယ်။ အစိုးရကို ပြန်အပ်လိုက်ပြီ။ ပြည်ထောင်စုအစိုးရလို့လည်း သုံးနှုန်းထားတဲ့ စကားလုံးတွေ ရှိတယ်။ ဆိုတော့ ဒီရက်လာတဲ့ ကော်မတီကတော့ တာဝန်ယူမှု တာဝန်ခံမှု ရှိရှိနဲ့ လာတာမဟုတ်ဘူးလို့ ကျွန်တော်အနေနဲ့ မြင်ပါတယ်” ဟု ၎င်းကဆက်ပြောသည်။

တာဝန်ယူမှု တာဝန်ခံမှု မရှိသည့် ပုဂ္ဂိုလ်များနှင့်သာ ဆွေးနွေးရသဖြင့် အစည်းအဝေးရလဒ်သည် ကောင်းသောအဖြေမဟုတ်ဘဲ အစိုးရကသာ တာဝန်ယူဖြေရှင်းသင့်ကြောင်း ပါဝင်ဆွေးနွေးသူများက သုံးသပ်ကြပြီး ကြေးရုပ်ကိစ္စနှင့် ပတ်သက်၍ လိုက်လျောမှုမရှိမချင်း ဆက်လက် အဖြေရှာ ညှိနှိုင်းသွားမည်ဟု သိရသည်။

အထက်ပါ ကြေးရုပ်ကိစ္စနှင့် ပတ်သက်သည့် ညှိနှိုင်းရေးအစည်းအဝေးကို ကရင်နီပြည် ပြည်သူများကိုယ်စားပြု ညှိနှို်င်းရေးကော်မတီမှ (၆)ဦးနှင့် ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီမှ (၆)ဦး ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

spot_img
spot_img

Recent posts