spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

ပြည်နယ်အဆင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးရလဒ် ကောင်းမွန်

Author

Date

Category

နော်ဒွေးအယ်ခူ

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၊ ကယားပြည်နယ်အစိုးရအဖွဲ့နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ တို့  ပြည်နယ်အဆင့် လစဉ်ပုံမှန်  ညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ရာ ဆွေးနွေးချက် သဘောတူရလဒ် ကောင်းမွန်ကြောင်း သိရသည်။

“ကျတော်တို့ ဒီနေ့ နှစ်ဖက်ပေါ့နော ကျေကျေလည်လည် ဆွေးနွေးခဲ့ကြတယ်။ အချိန်အားဖြင့်လည်း မနက် ၁ဝနာရီကနေ ည၅နာရီခွဲ ထိလောက်ပေါ့နော ဆွေးနွေးခဲ့ကြတယ်။ ဆိုတော့ ဆွေးနွေးမှုတွေက ရလဒ်ကောင်းတယ်လို့ ကျတော်တို့ ယူဆတယ်။ ပြီးတော့ နှစ်ဖက်ဆွေးနွေးချက်တွေကို ကြည့်ရတာလည်း အားလုံးက ကျေကျေနပ်နပ်ရှိကြတယ်” ဟု ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် နဲ့နယ်ပလိုးကဆိုသည်။

ပြည်နယ်အစိုးရနှင့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီတို့သည် လစဉ်ပုံမှန်တွေ့ဆုံခဲ့ကြကာ ယခင်နှစ် အောက်တိုဘာလတွင် နှစ်ဖက် တွေ့ဆုံဆွေးနွေးပွဲ ပျက်ပြယ်သွားခဲ့သည်။ ၎င်းလစဉ်ပုံမှန် အစည်းအဝေးသည် တစ်ခါတစ်ရံ အလွတ်သဘောဆန်သည့် အစည်းအဝေးဖြစ်ခဲ့ခြင်းကြောင့် ယနေ့ ပြုလုပ်ခဲ့သည့် အစည်းအဝေးကို ပုံစံကျအောင် ဆွေးနွေးခဲ့ကြကြောင်း နဲ့နယ်ပလိုးက ဆိုသည်။

“ဆွေးနွေးကူဖို့အတွက် ဖြေရှင်းကူဖို့အတွက် NRPC ကိုလည်း ဖိတ်ထားတယ်။ အဲတော့ NRPC လည်း လာဆွေးနွေးကူတယ်ပေါ့။ အဲဒါကြောင့် ကျတော်တို့ လစဉ်ပုံမှန် အစည်းအဝေးကို ပြန်ကျင်းပနိုင်မယ်။ ကျင်းပတဲ့အခါမှာလည်း အစည်းအဝေး ပုံမှန် ပိုကျအောင်ပေါ့ အဲလို TOR တွေကို ကျတော်တို့ သဘောတူနိုင်ခဲ့ပါတယ်” ဟု ၎င်းကပြောသည်။ 

ပြည်နယ်အစိုးရနှင့် KNPP တို့၏ လစဉ်ပုံမှန် အစည်းအဝေး ပြန်လည်ကျင်းပနိုင်ရန်နှင့် တွေ့ဆုံဆွေးနွေးမှု အစည်းအဝေးပုံစံတွင် နှစ်ဖက် ညှိနှိုင်း သဘောတူညီနိုင်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေး စသည့်ကိစ္စရပ်များကိုအဓိက ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 

“ဆွေးနွေးပွဲကနေ သဘောတူညီချက် ၅ ချက်ရတယ်။ အဲမှာ အဓိကအချက်က ပြည်နယ်အဆင့်မှာ ပုံမှန် လစဉ်အစည်းအဝေးတွေ လုပ်တဲ့အခါမှာ ဘယ်လိုလုပ်ရမလဲဆိုတာ တိကျတဲ့ TOR အဲဒါကို နှစ်ဖက်သဘောတူညီနိုင်ခဲ့တယ် ရေးဆွဲနိုင်ခဲ့တယ်။ ပြီးရင် အချက်တွေတော့ ကျတော်တို့ ဒေသဖွံ့ဖြိုးရေးပေါ့နော နောက် ပညာရေး၊ ကျန်းမာရေး နောက်တစ်ခါ ဖွံ့ဖြိုးရေးနဲ့ ပတ်သက်လို့ ဘယ်လိုမျိုး communication channel ဆက်သွယ်မလဲ၊ ဘယ်လိုမျိုး ပူးပေါင်းမယ်ဆိုတာလည်း ကျတော်တို့ တိတိကျကျ ချမှတ်နိုင်ခဲ့တယ်” ဟု NRPC အဖွဲ့မှ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဆွေးနွေးပွဲအပြီးတွင် ပြောဆိုခဲ့သည်။

ဆွေးနွေးပွဲမှတဆင့် နှစ်ဖက်ကောင်းမွန်သည့် တွေ့ဆုံပွဲ၊ အပြုသဘောဆောင်သည့် တိုးတက်မှုများ ရရှိသကဲ့သို့ ကေအဲန်ပီပီအနေနှင့်လည်း အဲန်စီအေလက်မှတ်ရေးထိုးနိုင်ရန် ကြိုးပမ်းမှုတစ်ရပ်ဖြစ်ခဲ့ကြောင်း နဲ့နယ်ပလိုးက ပြောသည်။ 

“ကျတော်တို့က ကြိုးပမ်းနေတယ်ပေါ့နော။ အခု ဒီလိုဆွေးနွေးနေတာလည်း NCA လက်မှတ်ရေးထိုးနိုင်ရေးအတွက် ကြိုးပမ်းမှုတစ်ခုပဲ။ ဒီလိုအလွတ်သဘောတွေ့တာတွေလည်း ရှိမယ်။ နှစ်ဖက်ကြားဆက်သွယ်တာမျိုးတွေလည်း ရှိမှာပေါ့။ ဆိုတော့ ကြိုးပမ်းမှုတော့ ဆက်ရှိနေမယ် ပြေလည်အောင် ညှိစရာတွေလည်း ရှိပါတယ်” ဟု ၎င်းက ပြောသည်။ 

ပြီးခဲ့သည့် မတ်လ ၁၈ရက်နေ့တွင်လည်း KNPP နဲ့ NRPC တို့ နေပြည်တော်တွင် အလွတ်သဘောတွေ့ဆုံဆွေးနွေးကြသကဲ့သို့ အပြုသဘောဆောင်သည့် ဆွေးနွေးချက် သဘောတူညီချက်များ ရရှိခဲ့သကဲ့သို့ ၎င်းအကြောင်းအရာနဲ့ ပတ်သက်ပြီး မေလအတွင်းမှာပင် နှစ်ဖက်တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ရန် လျာထားကြောင်း သိရသည်။ 

“အစိုးရအဖွဲ့တော့ မေလထဲမှာပဲ တွေ့ဖို့ အဆိုုပြုတယ်။ သို့သော် KNPP ဖက်ကတော့ သူတို့ ဗဟိုကော်မတီမှာ ပြန်ဆွေးနွေးရအုံးမှာ ဖြစ်တာပေါ့” ဟု ဦးဇော်ဌေးက ပြောသည်။ 

ယခု တွေ့ဆုံဆွေးနွေးပွဲသည် KNPP နှင့် ပြည်နယ်အစိုးရ အကြား ၂၀၁၈ခုနှစ် ဧပြီလတွင် သဘောတူညီမှုရရှိခဲ့သည့် လစဉ်ပုံမှန် အစည်းအဝေး၏ အဆက်ဖြစ်ကာ ယနေ့ မေလ ၆ရက်နေ့တွင်ဖြင့် လွိုင်ကော်မြို့ Famous Hotel တွင် ကျင်းပပြုလုပ်ခဲ့ကြသည်။ 

spot_img
spot_img

Recent posts