spot_imgspot_imgspot_imgspot_img
Friday, April 19, 2024
spot_imgspot_imgspot_imgspot_img

၂နှစ် အတွင်း စစ်ကောင်စီတပ်သား နှစ်ထောင်ကျော်ကို သုတ်သင်ခဲ့ပြီး ရှေ့တန်းတပ်စခန်း ဆယ်ခုကို သိမ်းပိုက်နိုင်ခဲ့ ကြောင်း KNDF ထုတ်ပြန်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီတော်လှန်ရေး တပ်ဖွဲ့တွေဟာ နှစ် နှစ် အတွင်း စစ်ကောင်စီတပ်သား နှစ်ထောင်ကျော် (၂၀၆၅ ဦး) ကို သုတ်သင်နိုင်ခဲ့ တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ဒီကနေ့ ဇွန်လ ၆ ရက်နေ့မှာ ထုတ်ပြန်တဲ့ ဖွဲ့စည်းတည်ထောင်ခြင်း (၂) နှစ်ပြည့် စစ်ရေးသတင်း အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။

သေဆုံးသွားတဲ့ စစ်ကောင်စီတပ်သားတွေထဲမှာ တပ်ဗိုလ်၊ တပ်မှူးတွေ ပါဝင်သလို စစ်ကောင်းစီရဲ့ ဗျူဟာမှူးအဆင့်တွေအထိ ထွက်ပြေးသွားတာတွေ ရှိပေမယ့် စာရင်းအတိအကျကိုတော့ မပြုစုထားတဲ့အတွက် မပြောနိုင်ဘူးလို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ရဲ့ သတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။

“စစ်ကောင်စီရဲ့ တပ်သားအကျအဆုံးတွေကိုတော့ အဲ့ထဲမှာ ပြောထားတဲ့အတိုင်းပဲပေါ့နော။ အဲ့ထဲမှာလည်း စစ်ကောင်စီရဲ့ တပ်ဗိုလ်၊ တပ်မှူးတွေ ပါတယ်ပေါ့။ ဆိုတော့ တပ်ဗိုလ်၊ တပ်မှုးတွေရဲ့ စာရင်းကိုတော့ အတိအကျ ပြောလို့မရဘူး။ ဘာလို့လဲဆိုတော့ ကျနော်တို့လည်း သေသေချာချာ data (အချက်အလက်) မလုပ်ဘူး အဲ့ဒါကို။ ပြီးတော့ ရှေ့မှာက သေတာကတော့ အများကြီး သေကြတာပေါ့နော။ ခန့်မှန်းခြေလည်း ပြောရတာ နည်းနည်းတော့ ခက်တယ်။ ဥပမာ ဒေါတမကြီး တိုက်ပွဲလိုမျိုးဆိုရင် သူတို့ရဲ့ တပ်ခွဲမှူးကအစ ပါတယ်လေနော သေဆုံးတာကလေ။ သူတို့ဗျူဟာမှူးတောင်မှ ထွက်ပြေးရတယ်ကော။ အဲ့လိုပုံစံမျိုးပေါ့နော။” လို့ KNDF ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူ တစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

ဒါ့အပြင် နှစ် နှစ်အတွင်းမှာ စစ်ကောင်စီတပ်ရဲ့ ရှေ့တန်းစခန်း (၁၀) ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သလို စစ်ဆေးရေးဂိတ် တချို့ကိုလည်း သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရေးသားဖော်ပြထားပါတယ်။

၂၀၂၁ ခုနှစ် မေလက စပြီး စစ်ကောင်စီတပ်ဟာ ကရင်နီပြည်အတွင်းမှာရှိနေတဲ့ သူတို့ရဲ့ နယ်မြေခံတပ်ရင်းတွေအပြင် တပ်မ (၆၆)၊ တပ်မ (၉၉)၊ စကခ (၂)၊ စကခ(၇) နဲ့ တပ်မ (၁၀၁) စတဲ့ တပ်မ (၅) ခုနဲ့ ထိုးစစ်ဆင်ခဲ့သလို စကခ (၇) ၊ စကခ(၂) နဲ့ တပ်မ (၆၆) တို့မှ ရှမ်းပြည်တောင်ပိုင်းနဲ့ ရှမ်းကယားနယ်စပ်မှာ တပ်ဖြန့်ထားတဲ့အပြင် လွိုင်ကော်၊ ဒီးမော့ဆိုမြို့နယ် တို့မှာလည်း နယ်မြေခံတပ်ရင်းတွေနဲ့ တပ်မ(၆၆)တို့က လှုပ်ရှားတပ်ဖြန့်ထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်း၊ ဘောလခဲ နဲ့ ဖရူဆို မြို့နယ်အတွင်းမှာ နယ်မြေခံတပ်ရင်းတွေအပြင် တပ်မ (၉၉) ၊ စကခ (၂) နဲ့ တပ်မ( ၁၀၁) တပ်ရင်းတွေ စစ်ကြောင်းထိုးလှုပ်ရှား လျက်ရှိနေတယ်လို့ သိရပါတယ်။

အဲ့ဒီ တပ်မ (၅) ခုအနက် တပ်မ (၆၆) ရှိ တပ်ရင်းများမှာ ဖွဲ့စည်းပုံပျက်သည်အထိ ထိခိုက်သေဆုံးမှု များပြားခဲ့ပြီး တပ်မ (၆၆ ) အား အားဖြည့်ရန်အတွက် တပ်မ (၉၉ )၊ တပ်မ (၁၀၁) နဲ့ စကခ ( ၂) တို့က ကရင်နီပြည်အတွင်း အားဖြည့်ထိုးစစ်ဆင်ခဲ့တယ်လို့ ရေးသားဖော်ပြထားပါတယ်။

“အခုက မိုးဗြဲဘက်မှာလည်း ဖြစ်တယ်။ မြို့ထဲမှာပဲ စစ်ကြောင်းထိုးနေတဲ့ တပ်မ (၆၆) တို့ နယ်မြေခံတပ်ရင်းတွေနဲ့ ပေါင်းနေတဲ့ စစ်ကြောင်းတွေနဲ့ တိုက်ပွဲဖြစ်တယ်။ ပြီးတဲ့အခါမှာ ဒီးမော့ဆိုအရှေ့ဖက်ခြမ်းပေါ့ မတ်လ ကစ လွိုင်ကော်ဖက်က ထိုးလာတဲ့ စစ်ကောင်စီရဲ့ စစ်ကြောင်းတွေနဲ့ ဒေါစဲ၊ ဒေါတငူး၊ တနီးလားလဲတို့မှာ တိုက်ပွဲဖြစ်တယ်။ အခုချိန်ထိလည်း ဖြစ်နေတုန်းပဲ။” လို့ သတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူက လတ်တလော စစ်ရေးအခြေအနေနဲ့ ပတ်သက်ပြီး ပြောပါတယ်။

တော်လှန်ရေး ၂ နှစ်တာ ကာလအတွင်း ဒီးမော့ဆိုမြို့နယ်မှာ တိုက်ပွဲအများဆုံးဖြစ်ပွားခဲ့ပြီး တိုက်ပွဲအကြိမ်ရေ စုစုပေါင်း (၃၄၀ )ကြိမ် ၊ လွိုင်ကော်မြို့နယ်မှာ ( ၁၆၂) ကြိမ်၊ ဖရူဆိုမြို့နယ်မှာ ( ၁၁၃) ကြိမ်၊ ဖယ်ခုံမြို့နယ်မှာ (၁၇၀) ကြိမ်၊ ပင်လောင်းမြို့နယ်မှာ (၄၉) ကြိမ်၊ ဘောလခဲမြို့နယ်မှာ (၆၇) ကြိမ်၊ ရှားတောမြို့နယ်မှာ (၂၂) ကြိမ်၊ ဖားဆောင်းမြို့နယ်မှာ (၂) ကြိမ် နဲ့ မယ်စဲ့မြို့နယ်မှာ (၄) ကြိမ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲကြောင့် KNDF တပ်ဖွဲ့ဝင် ၁၅၃ ဦး ကျဆုံးသွားခဲ့ရပါတယ်။

ကရင်နီပြည်အတွင်း စစ်ကောင်စီတပ်ရဲ့ အုပ်ချုပ်ရေးယန္တရားဟာ လွိုင်ကော်မြို့ တစ်မြို့မှာသာ ဆက်လက်လည်ပတ်နိုင်ပြီး တိုက်ပွဲဖြစ်ပွားနေတဲ့ ဒီးမော့ဆိုမြို့၊ ဖရူဆိုမြို့နဲ့ ဘောလခဲမြို့တွေမှာ လူသူကင်းမဲ့ကာ စစ်ကောင်စီတပ်ရင်းတွေနဲ့ ၄င်းတို့ရဲ့ မိသားစုဝင်များသာ ကျန်ရစ်ခဲ့ပါတယ်။

စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြို့ပေါ်ရပ်ကွက်တွေမှအပ ကျန်မြို့နယ်နဲ့ဒေသတွေမှာ သက်ဆိုင်ရာ ကရင်နီတော်လှန်ရေးတပ်ဖွဲ့များနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတယ်လို့ KNDF က သတင်းထုတ်ပြန်ထားပါတယ်။

spot_img
spot_img

Recent posts