spot_imgspot_imgspot_imgspot_img
Tuesday, April 16, 2024
spot_imgspot_imgspot_imgspot_img

၂၀၂ဝမှာ တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် CSOs တွေအနေနဲ့ ဘာတွေလုပ်ကြမလဲ

Author

Date

Category

ကရင်နီသူ

၂၀၁၅ခုနှစ် ရွေးကောက်ပွဲတွေမှာ ကယားပြည်နယ်အပါအဝင် မြန်မာတစ်နိုင်ငံလုံးရှိ အရပ်ဖက်အဖွဲ့အစည်း CSOs တွေအနေနဲ့ စောင့်ကြည့်မှုတွေကို လုပ်ဆောင်ခဲ့သလိုပဲ လာမယ့် ၂၀၂ဝရွေးကောက်ပွဲမှာလည်း တရားမျှတမှုရှိအောင် စောင့်ကြည့်နေသင့်ပါတယ်။

ရွေးကောက်ပွဲကို စောင့်ကြည့်ဖို့ အပိုင်းနှစ်ပိုင်းရှိပါတယ်။ ရွေးကောက်ပွဲကော်မရှင်(UEC)ကနေပြီး စောင့်ကြည့်ဖို့ ညွှန်ကြားလာတဲ့အချိန်ရယ် CSOsတွေအနေနဲ့ လွှတ်တော်ထဲဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေကို အခုချိန်ကတည်းကနေပြီးတော့ စောင့်ကြည့်မှုတွေ၊ နည်းပညာပံ့ပိုးမှုတွေ လုပ်ပေးဖို့ လိုနေပါပြီ။ UEC ကနေ စောင့်ကြည့်ရေးကဒ်တွေ ထုတ်ပေးပြီး စောင့်ကြည့်တဲ့နေရာမှာ CSOs တွေအနေနဲ့ အများကြီးပါဝင်ဖို့ လိုပါတယ်။

UEC ကနေထုတ်ပေးလိုက်တဲ့ စောင့်ကြည့်ရေးကဒ်တွေ ကိုင်ဆောင်ထားတဲ့သူတွေဟာ ကဒ်မှာပါတဲ့အတိုင်း ကိုယ်တာဝန်ယူထားတဲ့ နယ်မြေတွေအထိပဲ စောင့်ကြည့်ရမှာပါ။

CSOsတွေကော လူထုတွေပါ ဘာကြောင့်ရွေးကောက်ပွဲကို စောင့်ကြည့်ဖို့လိုလဲဆိုရင် အချို့ ကိုယ်စားလှယ်လောင်းတွေက ရွေးကောက်ပွဲကို နိုင်ချင်လို့ သတ်မှတ်ထားတဲ့ ငွေပမာဏတွေထက်၊ သတ်မှတ်ထားတဲ့ အာဏာတွေထက် ပိုသုံးကြတာတွေ ရှိတတ်ပါတယ်။ ဒါကြောင့် ကိုယ်စားလှယ်လောင်းတစ်ဦးချင်းစီရဲ့ အားနည်းချက်၊ အားသာချက်တွေကို စောင့်ကြည့်နေသင့်ပါတယ်။

နောက်တစ်ချက်အနေနဲ့ ကိုယ်စားလှယ်လောင်းတွေအနေနဲ့ တစ်ယောက်ကိုတစ်ယောက် မကျေနပ်လို့ တိုင်တောနေတာတွေလည်း ရှိနေနိုင်ပါတယ်။ ဒါကြောင့် အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ ဒါတွေကိုအစဉ်စောင့်ကြည့်ပြီး အကဲဖြတ်စေချင်ပါတယ်။ ၂၀၂ဝရွေးကောက်ပွဲဟာ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲဖြစ်တဲ့အတွက်ကြောင့် ပြည်သူလူထုတွေနဲ့ အားလုံးသက်ဆိုင်မှုရှိပါတယ်။ ပါတီဝင်တွေ၊ ကိုယ်စားလှယ်လောင်းတွေ၊ ရွေးကောက်ပွဲကော်မရှင်တွေနဲ့ပဲ သက်ဆိုင်တာမဟုတ်ပါဘူး။ ထပ်ပြီးတော့ ရွေးကောက်ပွဲမှာ ဥပဒေအတိုင်းဆောင်ရွက်နိုင်ဖို့ အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ စောင့်ကြည့်သင့်ပါတယ်။

၂၀၁၅ရွေးကောက်ပွဲမှာလည်း ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲဖြစ်သလို ၂၀၂ဝမှာလည်း ပါတီစုံဖြစ်ပေမယ့် ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီဝင်ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ၂၀၂ဝရွေးကောက်ပွဲမှာ ၂၀၁၅ထက် ပိုပြီးစိန်ခေါ်မှုတွေရှိလာနိုင်ပါတယ်။ ဒါကြောင့် ၂၀၂ဝမှာ ကိုယ်ရွေးချယ်လိုက်တဲ့ ကိုယ်စားလှယ်က နောင် ၅နှစ်အထိ နိုင်ငံ့အရေး၊ ပြည်သူ့အရေးတွေကို လုပ်ဆောင်ပေးနိုင်မယ့် သူတွေဖြစ်စေဖို့ အသေအချာရွေးချယ်နိုင်ရန် လမ်းညွှန်ပညာပေးဖို့ လိုအပ်ပါတယ်။

̏ စစပြောင်းခြင်းနဲ့ အခုသူတို့ပြောင်းလိုတဲ့ပုံစံလေးတွေရယ် သွားနေတဲ့ပုံစံလေးတွေက မတူညီတဲ့အတွက်ပေါ့နော။ ပြောချင်တာ အာဏာရတဲ့လူတွေနဲ့ ရှိပြီးသား institution တွေရဲ့ အနေအထားနဲ့ လူထုတွေမျှော်လင့်ချက်တွေနဲ့ ဒီဟာတွေဟာ ပိုရှုပ်ထွေးလာတဲ့အတွက် ရွေးကောက်ပွဲကလည်း ပုံစံတစ်မျိုးနဲ့တက်လာတယ်ပေါ့။ ဆိုတော့ ၂၀၁၅တုန်းကလို ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးမှ စိန်ခေါ်မှုတွေက ဒီ၂၀၂ဝမှာကြုံတွေ့ရတဲ့စိန်ခေါ်မှုက မတူနိုင်တော့ဘူးပေါ့နော။˝လို့ ကယန်းအမျိုးသားပါတီဥက္ကဌ ခွန်းဘီထူးက ပြောပါတယ်။

ပြည်သူလူထုတချို့က ၂၀၁၅ရွေးကောက်ပွဲပြီးနောက် နိုင်ငံရေးအခြေအနေတွေကြောင့် မဲပေးလိုစိတ် ကျဆင်းခဲ့တဲ့ ပြည်သူတချို့ရှိနေပါတယ်။ ဒါကြောင့် သူတို့တွေကို ရွေးကောက်ပွဲအသိပညာပေးဖို့၊ မဲလာထည့်ချင်အောင် လှုံ့ဆော်ပေးဖို့တွေက ပါတီတွေနဲ့ ရွေးကောက်ပွဲကော်မရှင်တွေရဲ့ အလုပ်ဆိုပေမယ့် တကယ့် လူထုတွေထဲ ထဲထဲဝင်ဝင်သွားလာနိုင်သူတွေက အရပ်ဖက်အဖွဲ့အစည်းတွေ ဖြစ်တဲ့အတွက်ကြောင့် မဲရုံတွေကို စောင့်ကြည့်ပြီး တရားမျှတအောင် လုပ်ဆောင်နိုင်တာ အရပ်ဖက်တွေပါဝင်ပါတယ်။

̏ ဘယ်ပါတီတွေက နိုင်ပါစေဆိုပြီး စိတ်ထားပြီး စောင့်ကြည့်တာကို မဖြစ်စေချင်ဘဲနဲ့ ကျွန်တော်တို့ပြည်နယ်တိုးတက်ဖို့အတွက်ဆိုပြီးတော့မှ တိုင်းဒေသကြီးဆိုလည်း တိုင်းဒေသကြီး၊ နိုင်ငံတော်ဆိုလည်း နိုင်ငံတော်အဆင့်ပေါ့ အဲ့ဒီမှာ ကျွန်တော်တို့ လွတ်လွတ်လပ်လပ် စွန့်စွန့်စားစားနဲ့ ပါဝင်သင့်တယ်။ မဟုတ်ရင် ပုဂ္ဂလိကအစွဲအရသော်လည်းကောင်း၊ ပါတီစွဲအရသော်လည်းကောင်း ရှုပ်ကုန်မယ်။˝လို့ ရွေးကောက်ပွဲကို အခြားအကူအညီမယူဘဲ အစဉ်တစိုက်စောင့်ကြည့်နေသူ ဆရာဗညားကဆိုသည်။

ဒါ့အပြင် အခုနှစ်ပိုင်း ပြည်တွင်းစစ်ဖြစ်ပွားတဲ့နေရာတွေမှာ မဲရုံစောင့်ကြည့်မှုတွေ၊ ရွေးကောက်ပွဲကော်မရှင် လစ်လပ်မှုတွေ မရှိရအောင် အရပ်ဖက်တွေအနေနဲ့ ဒေသတွင်းထိသွားပြီးတော့ အလေးပေးစောင့်ကြည့်နေသင့်ပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲထဲ၊ လွှတ်တော်တွေထဲ အမျိ်ုးသမီးတွေ ပါဝင်လာနိုင်အောင် လှုံ့ဆော်ပေးနိုင်တာဆိုလို့ အမျိုးသမီးတွေကိုယ်တိုင်အပြင် အရပ်ဖက်အဖွဲ့အစည်း CSOsတွေပဲ ဖြစ်ပါတယ်။ တချို့CSOsအဖွဲ့အစည်းတွေက အခုချိန်ကတည်းက အမျိုးသမီးတွေ ပါဝင်လာနိုင်အောင်နဲ့ ရွေးကောက်ပွဲအသိပညာတွေကို လိုက်လံပြောကြားပေးနေပြီး ဖြစ်ပါတယ်။

အမျိုးသမီးအဖွဲ့အစည်းတွေအနေနဲ့ လွှတ်တော်မှာ အမျိုးသမီးတွေရဲ့အသံကို သယ်ဆောင်ပေးနိုင်မယ့် အမျိုးသမီးကိုယ်စားလှယ်တွေကို အလိုရှိကြပါတယ်။ ဒါကြောင့် ပါတီတိုင်းကလည်း ၂၀၂ဝမှာ အမျိုးသမီးပါဝင်ရေး ၃ဝရာခိုင်နှုန်းကို အလေးထားအားစိုက်နေကြပါတယ်။ တချို့သူတွေက ၃ဝရာခိုင်နှုန်း ပါဝင်ရေးအပြင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့ မတည်ငွေတွေပေးဖို့ အစီအစဉ်ရှိတဲ့ ပါတီတွေလည်း ရှိနေပါတယ်။

̏ အမျိုးသမီးcandidate (ကိုယ်စားလှယ်လောင်း)တွေကို ကျွန်တော်တို့က ပါတီရဲ့ ရန်ပုံငွေမတည်ရေးကိစ္စ ကျွန်တော်တို့လုပ်နေတယ်။ နောက်တချက်က အမျိုးသမီးcandidateတွေ ပြိုင်မယ့်နေရာကို အခုကတည်းက ပြင်ဆင်မှုလုပ်ပေးနေတယ်။ သူတို့ဝင်ပြိုင်တဲ့အချိန်မှာ စိတ်ဓာတ်မကျအောင်ရယ် အနိုင်ရဖို့သေချာအောင် ဝိုင်းဝန်းကူညီပြီး လုပ်ပေးနေတယ်။ အဲ့ဒါကကျနော်တို့ရဲ့ အမျိုးသမီးနဲ့ပတ်သက်တဲ့ အပိုင်းပေါ့နော။˝ ဟု ကယန်းအမျိုးသားပါတီဥက္ကဌ ခွန်းဘီထူးက ပြောပါတယ်။

အမျိုးသမီးအရေးကိစ္စနဲ့ ပတ်သက်ပြီး အစဉ်တစိုက်အားပေးမြှင့်တင်ပေးတဲ့ ကရင်နီလူ့အခွင့်အရေးအဖွဲ့မှ ဆရာဗညားက 
̏ အမှန်တော့ ကျွန်တော်တို့ပြည်နယ်အဆင့်မှာ ကျွန်တော်တို့ဒီအရေးကို တစိုက်မတ်မတ်နဲ့ တွန်းလှန်ခဲ့တဲ့အရာတွေပေါ့။ အမျိုးသမီးကိုယ်စားလှယ်လောင်းတွေ များများထည့်ပေးဖို့အတွက်ပြောတယ် ဒါကြောင့် လိုအပ်တဲ့ နည်းပညာပိုင်းဆိုင်ရာတွေမှာ ပိုပြီးတော့ အားပေးဖို့အတွက် ကျွန်တော်တို့အနေနဲ့ ပြည်နယ်အဆင့်ပေါ့နော နိုင်ငံရေးအင်အားစုတွေအားလုံးကို ပြောလေ့ရှိပါတယ်။ ကျွန်တော်တို့ ဒီထက်ပိုပြောလို့ မရတဲ့အပိုင်းတွေကတော့ မူပေါ်လစီက မဲအနိုင်အရှုံး ဘယ်ပါတီကအနိုင်ရမလဲဆိုတာတွေ ကျွန်တော်တို့က မစဉ်းစားတတ်တဲ့အတွက်ကြောင့် နည်းနည်းတော့ အကျပ်ရိုက်တယ်ပေါ့။˝လို့ဆိုပါတယ်။

တချို့ အမျိုးသမီးအဖွဲ့တွေက ရွေးကောက်ပွဲမှာ ပါဝင်နိုင်ဖို့ တက်တက်ကြွကြွ၊ အားတက်သရော စွမ်းဆောင်နေတာတွေ့ရပါတယ်။ တချို့မှာတော့ ရွေးကောက်ပွဲမှာ ပါဝင်လာနိုင်ဖို့ ကြိုးပမ်းတဲ့အချိန်မှာ စိန်ခေါ်မှုလေးတွေ ရှိနေသေးပါတယ်။ အချို့ပါတီတွေအနေနဲ့ အမျိုးသမီးကိုယ်စားလှယ်လောင်းတွေ ရှာနေတဲ့အချိန်မှာ အရည်အချင်းပိုင်းအရရော၊ ဝါသနာအရရော ပါဝင်ချင်တဲ့သူတွေ ရှားနေသေးတယ်လို့ ကယန်းအမျိုးသားပါတီဥက္ကဌ ခွန်းဘီထူးက ပြောပါတယ်။

̏ ခက်ခဲတယ်ဆိုတာက နံပါတ်တစ်က အရည်အချင်းနဲ့ပတ်သက်တယ် သူသူငါငါပြောကြ၊ ဆိုကြ၊ ပြိုင်ရမယ့်အနေ အထားမျိုးဖြစ်တဲ့အတွက် အရည်အချင်းကိစ္စမှာ ကျနော်တို့အမြဲတမ်း မေးခွန်းထုတ်ခံရတယ်ပေါ့နော။ နံပါတ်နှစ်ကတော့ အမျိုးသမီးကိုယ်တိုင် ဆုံးဖြတ်ချက်ချနိုင်ဖို့လိုတယ်ပေါ့နော။ ကျနောတို့က ဆုံးဖြတ်ချက်ချပြီးသားလူတွေ အရည်အချင်းအသင့်အတင့်ရှိတဲ့လူတွေကို တွေ့သလောက်ရှာသလောက်က ပြောထားတဲ့ ရာခိုင်နှုန်းထက်မပိုဘူးပေါ့နော။ အမျိုးသမီးတိုင်းက နိုင်ငံရေးသမားလုပ်ချင်တဲ့သူတွေ ရှားနေဆဲဘဲဆိုတဲ့ အနေအထားမျိုးပေါ့နော။˝

သို့ပေမယ့် အမျိုးသမီးပါဝင်ရေး ၃ဝရာခိုင်နှုန်း မဖြစ်မနေထည့်သွင်းဖို့ စဉ်းစားထားကြောင်းနဲ့ အဲ့ဒီအမျိုးသမီးကိုယ်စားလှယ်လောင်းတွေက အစိုးရအဖွဲ့တွေထဲထိ ဝင်ရောက်နိုင်လိမ့်မယ်လို့ မျှော်မှန်းထားတယ်လို့ ခွန်းဘီထူးကဆိုပါတယ်။

အမျိုးသမီးဦးရေပါဝင်ရေးလို့ ဆိုတဲ့နေရာမှာ ဦးရေမြှင့်တက်ဖို့အတွက်ပဲ စဉ်းစားပြီးမဲပေးလိုက်ရင် ပြည်သူတွေပဲ ၅နှစ်တာလုံး ပြန်ခံရမှာဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသမီးတွေပါဝင်ဖို့ ပါတီတွေအနေနဲ့ စဉ်းစားရွေးချယ်တဲ့အခါမှာ သူမ ဝင်ရောက်ယှဉ်ပြိုင်မယ့် တစ်ဖက်ပါတီနဲ့ အရည်အချင်းတူသူကို ရွေးချယ်သင့်တဲ့အကြောင်း LAIN နည်းပညာအထောက်အကူပြုအဖွဲ့ ကော်မတီဝင် ကိုကျော်ထင်အောင်က သုံးသပ်ပေးထားပါတယ်။

̏ အမျိုးသမီးဦးရေမြှင့်တက်ဖို့ကိုပဲ သွားပြီးတော့တိုက်တွန်းမယ်ဆိုရင်တော့ ကျွန်တော်တို့အရည်အချင်းရှိတဲ့လူ မဟုတ်ခဲ့သော် ဒါမှမဟုတ် ဒီမဲဆန္ဒနယ်မြေနဲ့ မကိုက်ညီခဲ့သော် ပြည်သူပဲပြန်ခံရမှာဖြစ်ပါတယ်။ အဲ့ဒီအတွက်ကြောင့် ကျွန်တော်တို့အနေနဲ့ ပါတီမှာကတော့ အရည်အချင်းတူတယ်ဆိုရင် အမျိုးသမီးတွေကို ပိုဦးစားပေးဖို့၊ အမျိုးသမီးကိုယ်စားလှယ်လောင်းတွေကို ပိုမိုယှဉ်ပြိုင်ခွင့်ပေးဖို့ တိုက်တွန်းတောင်းဆို သင့်တယ်လို့ ကျွန်တော်တို့ သုံးသပ်ပါတယ်။˝လို့ ဆိုပါတယ်။

၂၀၂ဝရွေးကောက်ပွဲမှာ စောင့်ကြည့်ဖို့ ၂၀၁၅တုန်းကလို လမ်းပန်းဆက်သွယ်ရေးခက်ခဲမယ့် ဒေသတွေ သိပ်မရှိတော့တာဖြစ်တဲ့အတွက် ရွေးကောက်ပွဲစောင့်ကြည့်သူတွေအနေနဲ့ လက်လှမ်းမီရာဒေသတွေအားလုံးကို စောင့်ကြည့်ကြရမှာ ဖြစ်ပါတယ်။

ပွင့်လင်းမြင်သာပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲဖြစ်ဖို့အတွက် ပြည်ထောင်စုအစိုးရအနေနဲ့ ထပ်မံဆောင်ရွက်ရမယ့် အရာတစ်ခုအနေနဲ့ တပ်တွင်းမဲပုံးကို တပ်ပြင်ဘက်ထုတ်ပြီး လွတ်လပ်စွာစောင့်ကြည့်လို့ရအောင် လုပ်ပေးရမှာဖြစ်ပါတယ်။

̏ ကျွန်တော်တို့ တပ်တွင်းမဲရုံတွေကို တပ်ပြင်ဘက်မှာ လေ့လာစောင့်ကြည့်ကူမှသာလျှင် ဒီမိုကရေစီစံချိန်စံညွှန်းနဲ့ မဲမသမာမှုတွေကိုလည်း ကျော်နိုင်လိမ့်မယ်။ မဲပေးရတဲ့တပ်မတော်သားတွေကော တပ်မတော်သားရဲ့ မိသားစုတွေကော ဆုံးဖြတ်မဲပေးပိုင်ခွင့်ကိုလည်း အထောက်အပံ့ဖြစ်မယ်လို့ ယုံကြည်တယ်။ ၂၀၁၅မှာတော့ဒါတွေက အားနည်းခဲ့တယ်လို့ယူဆတယ်။˝ လို့ ကျော်ထင်အောင်က ၂၀၁၅အတွေ့အကြုံကို ပြောပြပါတယ်။

တပ်တွင်းမဲရုံမှာ မဲပေးပိုင်ခွင့်ရှိသူဘယ်လောက်ရှိလဲ၊ ကြိုတင်မဲပေးတာ ဘယ်နှယောက်ရှိလဲ၊ အဝေးရောက်မဲရေ ဘယ်လောက်ရှိလဲစတဲ့ အရေအတွက်ကို ၂၀၁၅က မရခဲ့ဘူးလို့ ကျော်ထင်အောင်က ပြောပါတယ်။ ဒါကြောင့် ၂၀၂ဝမှာတော့ ရွေးကောက်ပွဲကော်မရှင်တွေက ဒီအပေါ်မှာ ဘယ်လောက်ထိ ပွင့်လင်းမြင်သာစွာ လုပ်ဆောင်နိုင်မယ်ဆိုတာကိုတော့ အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ တပ်တွင်းမဲရုံကို တပ်ပြင်ပမှာ လွတ်လွတ်လပ်လပ် မဲပေးပိုင်ခွင့်လိုဟာမျိုးထိကိုပါ လုပ်ဆောင်ပေးဖို့ ပြည်ထောင်စုအစိုးရကို တောင်းဆိုဖို့ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts