spot_imgspot_imgspot_imgspot_img
Saturday, April 20, 2024
spot_imgspot_imgspot_imgspot_img

၂၀၂၀ ခုနှစ် ရွေးကောက်ပွဲကို ချဉ်းကပ်ခြင်း ( ၃ )

Author

Date

Category

ယခုလတွင် စာရေးသူ အနေနှင့် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲကာလတွင် ကယားပြည်နယ်၌ ရှိလာနိုင်မည့် ခန့်မှန်း လူဦးရေနှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ ခန့်မှန်း အနေအထားကို အဓိက ဦးတည် ချဉ်းကပ်ရေးသားပါမည်။

လက်ရှိ စာရေးနေချိန် ( ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ) အထိ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ၂၀၂၀ ခုနှစ် နောက်ဆုံးရ လူဦးရေစာရင်းကို ပြုစုနေဆဲ ဖြစ်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှလည်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေကို မထုတ်ပြန်နိုင်သေးပေ။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ကယားပြည်နယ်၏ အသက် ( ၁၈ ) နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေမှာ ( ၁၇၈၃၁၆ ) ဦး ဖြစ်သည်။

လူဦးရေ အကြောင်းပြောမည်ဆိုလျှင် နိုင်ငံ၏ အနီးကပ်ဆုံးကာလ၌ ကောက်ယူခဲ့သော သန်းခေါင်စာရင်းကို အခြေခံရပေမည်။ ထို့အတွက်ကြောင့် “ ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံလူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ” ( 2014 Census ) ကို ပြန်လည် လေ့လာရမည် ဖြစ်သည်။ ကယားပြည်နယ် အတွက် သီးသန့် ထုတ်ဝေသည့် “ သန်းခေါင်စာရင်း အစီရင်ခံစာ အတွဲ ( ၃ – ခ ) ” ပါ အချက်အလက် များကို ရယူပြီး ရေးသားပါမည်။

၂၀၁၄ ခုနှစ် မြန်မာနိုင်ငံလူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ ကယားပြည်နယ်တွင် လူဦးရေ ( ၂၈၆၆၂၇ ) ဦးသာ ရှိကြောင်း တွေ့ရပါသည်။ ကယားပြည်နယ်တွင် မြန်မာနိုင်ငံ စုစုပေါင်းလူဦးရေ ( ၅၁၄၈၆၂၅၃ ) ဦး ၏ ( ဝ.၆ ) ရာခိုင်နှုန်းသာ နေထိုင်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ လူဦးရေ အချိုးအစားအရ အနည်းဆုံးဖြစ်ကြောင်း တွေ့ရှိရပါသည်။

ကယားပြည်နယ်၏ မြို့ပြနှင့် ကျေးလက်နေ လူဦးရေကို လေ့လာကြည့်သောအခါ မြို့ပြတွင် ( ၇၂၄၁၈ ) ဦး ( ၂၅ % ) နေထိုင်၍ ကျေးလက်ဒေသတွင် ( ၂၁၄၂၀၉ ) ဦး ( ၇၅ % ) နေထိုင်ကြသည်ကို တွေ့ရသောကြောင့် ကျေးလက်နေ လူဦးရေမှာ မြို့ပြထက် ( ၃ ) ဆ ပိုများပါသည်။ လူဦးရေ သိပ်သည်းဆကို ကြည့်ရာ ကယားပြည်နယ်၌ ပျမ်းမျှအားဖြင့် တစ်စတုရန်း ကီလိုမီတာတွင် ၂၄ ဦးကျော် နေထိုင်သည်ကို တွေ့ရပါသည်။ တစ်နည်းအားဖြင့် တစ်စတုရန်း မိုင်တွင် ၃၉ ဦးခန့် နေထိုင်ကြပါသည်။

ထိုကဲ့သို့ နယ်မြေဧရိယာ ကျဉ်း၍ လူဦးရေ နည်းခြင်းကြောင့် ရွေးကောက်ပွဲအတွက် အားသာချက်များ ရှိသည်ဆိုပြီး ငွေကြေးကြွယ်ဝသည့် ပြည်နယ်ပြင်ပ အခြေစိုက် ပါတီကြီးများနှင့် တစ်သီးပုဂ္ဂလ တို့၏ အလွန် စိတ်ဝင်စားခြင်းကို ခံခဲ့ရပါသည်။ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင်လည်း ထိုနည်းတူ ဖြစ်လာကြလိမ့်အုန်းမည်ဟု သုံးသပ်ပါသည်။

၂၀၁၄ ခုနှစ် မြန်မာနိုင်ငံလူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ ကယားပြည်နယ်၏ လူဦးရေပိရမစ် ပုံစံမှာ အောက်ခြေကားသော ပုံစံဖြစ်နေသည်ကို တွေ့ရှိရပါသည်။ ဆိုလိုသည်မှာ မွေးဖွားနှုန်း မြင့်မားလာနေပြီး လူငယ်ဦးရေနှင့် ကလေးဦးရေ အချိုး မြင့်မားမှုကို ပြသနေပါသည်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူစဉ်က အသက် ( ၁၂ ) နှစ်ရှိ ကလေးသည် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲကာလတွင် အသက် ( ၁၈ ) နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ( First Voter ) ဖြစ်လာပါလိမ့်မည်။ ထို့ကြောင့် ကယားပြည်နယ်တွင် အသက်အပိုင်းအခြားအလိုက် သန်းခေါင်စာရင်းအရ ပထမဆုံး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ( First Voters ) အရေအတွက် ( ၃၀၀၀၀ ) ဝန်းကျင် ရှိလိမ့်မည်ဟု ခန့်မှန်းပါသည်။

၂၀၁၈ ခုနှစ် စက်တင်ဘာလအထိ ကယားပြည်နယ်ရှိ မြို့နယ်အသီးသီး၏ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ထုတ်ပြန်ထားသည့် ကိန်းဂဏန်းများအရ ပြည်နယ်၏ လူဦးရေ တိုးနှုန်း ပျမ်းမျှမှာ တစ်ရာခိုင်နှုန်း ကျော်သာဖြစ်သည်။ မွေးဖွား ၊ သေဆုံး ၊ ပြောင်းဝင် ၊ ပြောင်းထွက် လူဦးရေ စာရင်းတွင်လည်း သိသာထူးခြားသည့် အပြောင်းအလဲများကို မတွေ့ရပါ။

သို့ဖြစ်ပါသောကြောင့် စာရေးသူ၏ လေ့လာတွက်ချက်မှုများအရ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲကာလတွင် ကယားပြည်နယ်၌ ရှိလာနိုင်မည့် လူဦးရေမှာ ( ၃ ) သိန်းဝန်းကျင်နှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေမှာ ( ၂ ) သိန်း မပြည့်မီနိုင်သေးဟု ခန့်မှန်းပါသည်။

စိတ်ဝင်စားစရာ အကောင်းဆုံး ထူးခြားချက်မှာ ကယားပြည်နယ်ရှိ လွှတ်တော် မဲဆန္ဒနယ် အားလုံးပေါင်း ( ၃၄ ) နေရာတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ ( ၁၀၀၀၀ ) မပြည့်မည့် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ( ၃ ) နေရာ ၊ အမျိုးသား လွှတ်တော် မဲဆန္ဒနယ် ( ၆ ) နေရာ ၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ( ၂ ) နေရာတို့အပြင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ ( ၅၀၀၀ ) မကျော်နိုင်သော ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ( ၆ ) နေရာတို့ ရှိနေခြင်း ဖြစ်သည်။

ကျော်ထင်အောင် ရေးသားသည်။

spot_img
spot_img

Recent posts