spot_imgspot_imgspot_imgspot_img
Friday, April 26, 2024
spot_imgspot_imgspot_imgspot_img

၂၀၂၀ ခုနှစ် ရွေးကောက်ပွဲကို ချဉ်းကပ်ခြင်း ( ၄ )

Author

Date

Category

ယခု ဆောင်းပါးရေးနေချိန် ( ၂၀၂၀ ခုနှစ် ဧပြီလကုန် ) အထိ Coronavirus Disease 2019 ( COVID-19 ) ကြောင့် မြန်မာနိုင်ငံ၏ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို သတ်မှတ်ကာလ အတိုင်း ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်တွင် ကျင်းပနိုင်မည် / မကျင်းပနိုင်မည် အတပ် မပြောနိုင်သေးပေ။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အတတ်နိုင်ဆုံး သတ်မှတ်ကာလ အတိုင်း ကျင်းပပေးနိုင်ရေး ကြိုးပမ်းမည်ဟု ဆိုသော်ငြား အာဏာရ ပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟို ပြန်ကြားရေးကော်မတီ အတွင်းရေးမှူးမှ ၎င်း၏ အမြင်ကို ပြောကြားရာတွင် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲကို ရွေ့ဆိုင်းကျင်းပရဖွယ်ရှိကြောင်း မီဒီယာများကို ပြောခဲ့သည်။

ကျင်းပဖြစ်ပါကလည်း ပြည်ထောင်စုလွှတ်တော်မှ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်နိုင်ခြင်း မရှိခဲ့၍ ကယားပြည်နယ် တပြည်နယ်လုံးတွင် ပြည်သူလူထုမှ ၇၅ % ရွေးကောက်တင်မြောက်ပိုင်ခွင့်ရှိသည့် လွှတ်တော် မဲဆန္ဒနယ် အားလုံးပေါင်း ( ၃၄ ) နေရာမှာ အပြောင်းအလဲ ရှိမည် မဟုတ်ပါ။ အမျိုးသား လွှတ်တော် မဲဆန္ဒနယ် (၁၂) နေရာ၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ( ၇ ) နေရာနှင့် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ( ၁၅ ) နေရာတို့ အတိုင်းပင် ဖြစ်သည်။

ကယားပြည်နယ်လွှတ်တော်ရှိ ( ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ နှင့် ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအပြီး ) ပြည်သူလူထုမှ ရွေးကောက်တင်မြောက်သည့် 75 % လွှတ်တော် ကိုယ်စားလှယ် (၁၅) ဦးကို ပုံနှင့်တကွ ဖော်ပြလိုက်ပါသည်။

၎င်းတို့အထဲမှ လက်ရှိ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခြင်း ခံထားရသည့် ကယားပြည်နယ်လွှတ်တော် မယ်စဲ့မြို့နယ် မဲဆန္ဒနယ် ( ၂ ) မှ ဦးအယ်လ်ဖောင်းရှို၏ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ ဆန္ဒမဲ ရရှိခဲ့မှု ကိုလည်း ဖော်ပြလိုက်ရပါသည်။ ဆန္ဒမဲ ( ၇၂၅ ) မဲ နှင့်ပင် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်နှင့် ဝန်ကြီးချုပ် ဖြစ်ခဲ့ပါသည်။

စာရေးသူ ယခုကဲ့သို့ ဖော်ပြနေရခြင်းမှာ ကယားပြည်နယ်သည် လွှတ်တော် ကိုယ်စားလှယ် နည်းပါးခြင်းအပြင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အရေအတွက်ပါ နည်းပါးကြောင်းကို သိရှိစေလို၍ ဖြစ်ပါသည်။ ယခင် ဆောင်းပါး အမှတ်စဉ် ( ၃ ) တွင် ဖော်ပြခဲ့သလို လူဦးရေ သိပ်သည်းဆကို ကြည့်ရာ ကယားပြည်နယ်၌ ပျမ်းမျှအားဖြင့် တစ်စတုရန်း ကီလိုမီတာတွင် ၂၄ ဦးကျော် နေထိုင်သည်ကို တွေ့ရပါသည်။ တစ်နည်းအားဖြင့် တစ်စတုရန်း မိုင်တွင် ၃၉ ဦးခန့်သာ နေထိုင်ကြ၍ လူဦးရေ မထူထပ်ဘဲ ကိုဗစ်ကာလ အလွန်တွင် ကယားပြည်နယ်၌ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို ကျင်းပရန် အခြေအနေကောင်း ရှိကြောင်းပါ သိစေလိုခြင်း ဖြစ်ပါသည်။

အဓိက အရေးကြီးနေသည်မှာ “ ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံလူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ” ( 2014 Census ) အရ အသက် ( ၁၈ ) နှစ်ပြည့်ပြီး မည်သည့်ကတ်မှ မကိုင်ဆောင်သူ အရေအတွက်မှာ နှစ်သောင်းနီးပါးအထိ ရှိနေသေးခြင်းပင် ဖြစ်သည်။ ပုံတွင်ကြည့်ပါ။

သန်းခေါင်စာရင်း ရလဒ် ထုတ်ပြန်ချိန်မှာ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ ဆန္ဒမဲ ပေးပိုင်ခွင့် စာရင်းပြုစုချိန်နှင့် နီးကပ်သွား၍ ၎င်းတို့၏ မဲပေးပိုင်ခွင့်များ တစ်ကြိမ် ဆုံးရှုံးခဲ့ရပြီး ဖြစ်ပါသည်။ လက်ရှိ အစိုးရလက်ထက်တွင် ၎င်းတို့ကို စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် ကိုင်ဆောင်နိုင်ရေး အထူး ပြုလုပ်ပေးသည်ဟု မသိ၊ မမြင်၊ မကြားရ၍ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင်ပါ နောက်တစ်ကြိမ် မဲပေးပိုင်ခွင့်များ ထပ်မံ ဆုံးရှုံးသွားနိုင်ကြောင်း ယခု ဆောင်းပါးမှတဆင့် အသိပေးလိုပါသည်။

ဘောလခဲခရိုင် ကဲ့သို့ အသက် ( ၁၈ ) နှစ်ပြည့်ပြီးသူ သုံးသောင်းသုံးထောင်ကျော်သာ ရှိရာတွင် မည်သည့်ကတ်မှ မကိုင်ဆောင်သူ လေးထောင့်နှစ်ရာကျော် ရှိနေခြင်းက မဖြစ်သင့်ပေ။ ရာခိုင်နှုန်း အားဖြင့် ကြည့်မည်ဆိုပါကလည်း ကတ်မရှိသူ ( ၁၂ ) % ဖြစ်၍ အတော်များနေပါသည်။

ယခု ဆောင်းပါးရေးနေချိန် ( ၂၀၂၀ ခုနှစ် ဧပြီလကုန် ) အထိ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ကယားပြည်နယ်၏ ၂၀၂၀ ခုနှစ် နောက်ဆုံးရ လူဦးရေစာရင်းကို မထုတ်ပြန်သေးသလို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှလည်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေကို မထုတ်ပြန်နိုင်သေးပေ။

သို့ဖြစ်ပါ၍ အသက် ( ၁၈ ) နှစ်ပြည့်ပြီး မည်သည့်ကတ်မှ မကိုင်ဆောင်သူများ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်များ မဆုံးရှုံးစေရေး အလေးပေး ဆောင်ရွက်ပေးနိုင်ရန် တိုက်တွန်း ရေးသားလိုက်ရပါသည်။

ကျော်ထင်အောင် ရေးသားသည်။

spot_img
spot_img

Recent posts