spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

၂၀၂၃ခုနှစ်အတွင်း အိမ်တွင်းအကြမ်းဖက်ခံရမှု ပိုမိုတိုးလာတယ်လို့ KyWO ပြော

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်တွင်း မြို့နယ်အသီးသီးက ကျေးရွာတွေနဲ့ စစ်ရှောင်စခန်းတွေမှာ စိတ်ပိုင်းဆိုင်ရာသော်လည်းကောင်း၊ ရုပ်ပိုင်းဆိုင်ရာသော်လည်းကောင်း အိမ်တွင်းအကြမ်းဖက်မှုဖြစ်ပွားမှုနှုန်းဟာ ယခင်ကထက် တိုးလာတယ်လို့ ကယန်းအမျိုးသမီးအစည်းအရုံး (KyWO) ရဲ့ တွဲဖက်အတွင်းရေးမှူး-၂ မူအန်းဂျလာက ပြောပါတယ်။

မူအန်းဂျလာက “ ရုပ်ပိုင်းဆိုင်ရာသော်လည်းကောင်း ရိုက်နှက်ခြင်းအားဖြင့်သော်လည်းကောင်းပေါ့နော စိတ်ပိုင်းဆိုင်သော်လည်းကောင်းပေါ့နော အိမ်တွင်းအကြမ်းဖက်မှုတွေ ပြန်ပြီးတော့မှ ကျူးလွန်တာတွေလည်းအများကြီးရှိတယ်ပေါ့နော။ အများကြီးရှိတယ်။ သို့သော်လည်း ကျမတို့ အိမ်တွင်းအကြမ်းဖက်မှုရှိနေတယ်ဆိုတာ ကျေးရွာတွေမှာကော စစ်ရှောင်စခန်းတွေမှာကော ရှိနေတယ်။ ကျမတို့လည်းတွေ့နေရတယ်။ မြင်နေရတယ်။ သို့သော် ကံယကာရှင်က ကိုယ်တိုင်လာတိုင်ကြားတဲ့ခြေနေထိတော့ မရှိလောက်ဘူးပေါ့နော။” လို့ ပြောပါတယ်။

အိမ်တွင်းအကြမ်းဖက်မှုမှာ နစ်နာသူ အများစုဟာ အမျိုးသမီးတွေဖြစ်ပြီး ရှက်ကြောက်ခြင်း၊ခြိမ်ခြောက်ခံရခြင်း၊ လုံခြုံမှုမရှိခြင်း၊ ကူညီထောက်ပံ့မယ့်သူမရှိခြင်း စတဲ့ အကြောင်းအရာတွေကြောင့် တိုင်ကြားမှုတွေ မလုပ်နိုင်ကြတဲ့အတွက် ယခု ၂၀၂၃ ခုနှစ်မှာ အမျိုးသမီးအဖွဲ့အစည်းတွေဆီကို တိုင်ကြားထားတဲ့ အမှုမရှိသေးဘူးလို့ မူအန်းဂျလာကပြောပါတယ်။

“စစ်ရှောင်စခန်းမှာရှိတဲ့အမျိုးသမီး စစ်ရှောင်စခန်းမှာ စစ်ရှောင်စခန်းနာမည်ထိခိုက်သွားမှာကိုလည်း စိုးရိမ်တယ်။ သူတို့ရဲ့အမှုကြောင့်ပေါ့နော သူတို့နေထိုင်တဲ့ နေရာမှာ နာမည်ထိခိုက်သွားမှာ စိုးရိမ်တာတွေ အဲ့ဒါတွေကြောင့် သူတို့ကတော့ အဖွဲ့စည်းထိတော့ လာမတိုင်ကြားတာတွေရှိတယ်ပေါ့နော။” လို့ မူအန်းဂျလာကပြောပါတယ်။

တိုက်ပွဲကြောင့် နှစ်ရှည် စစ်ရှောင်နေရခြင်း၊ အိုးအိမ်မဲ့ဖြစ်ခြင်း၊ စားဝတ်နေရေးကြပ်တည်းခြင်း ၊ အလုပ်အကိုင်အခွင့်အလမ်း မရှိခြင်း၊ ကုန်ဈေးနှုန်းမြင့်တက်ခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း စတဲ့ အကြောင်းရင်းတွေကြောင့် အိမ်တွင်းအကြမ်းဖက်မှုက ပိုမိုတိုးမြင့်လာတယ်လို့ မူအန်းဂျလာကပြောပါတယ်။

အမျိုးသမီးအဖွဲ့အစည်းတွေကတော့ စစ်ရှောင်စခန်းတွေမှာ အမျိုးသမီးနဲ့သက်ဆိုင်တဲ့ အသိပညာတွေဖြစ်တဲ့ ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း၊ စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း၊ လိင်ပိုင်ဆိုင်ရာအကြမ်းဖက်ခြင်း၊ လူမှုစီးပွားရေးဆိုင်ရာ အကြမ်းဖက်ခြင်း၊ ရိုးရာဓလေ့ဆိုင်ရာအကြမ်းဖက်ခြင်း၊ ရင်ဖွင့်ခြင်းအစီအစဉ် နဲ့ အပြန်အလှန်ဆွေးနွေးခြင်းတွေ ပြုလုပ်တာရှိပါတယ်။

“လောဆယ်တော့ အိမ်တွင်းအကြမ်းဖက်မှုကတော့ ဘယ်နေရာမဆိုရှိမှာပဲနော။ အဲဒါလည်း အကြမ်းဖက်မှုတစ်မျိုးပဲပေါ့ ဒါပေမဲ့လည်း ပြောတာနဲ့မပြောတာပဲရှိမှာပေါ့ အိမ်တိုင်းတော့ ရှိမှာပါ။ သင်တန်းတွေများများလုပ်ပေးနိုင်ရင်တော့ ကောင်းပါတယ်။ စစ်ရှောင်တွေရဲ့ပြဿာနာတွေကို ဖြေရှင်းကူစေချင်တယ်။” လို့ အသက် (၃၉)နှစ်အရွယ် စစ်ရှောင်အမျိုးသမီး ဒေါ်နန်းမိုးက ပြောပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း မှာ ဒီလိုအကြမ်းဖက်မှုတွေအတွက် တိုင်ကြားနိုင်မယ့် ယန္တာရားပျက်ယွင်းသွားပြီး နစ်နာသူတွေအတွက် လုံခြုံမှုကို တာဝန်မယူပေးနိုင်တော့တာတွေဖြစ်လာပါတယ်။ ဒါ့အပြင် တော်လှန်ရေးအင်အားစုထိန်းချုပ်တဲ့ ဧရိယာဒေသတွေမှာလည်း အိမ်တွင်းအကြမ်းဖက်မှုနဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကို ဖြေရှင်းတဲ့အခါ ဓလေ့ထုံးတမ်းအရ ဖြေရှင်းနည်းကို အများစု ကျင့်သုံးကြတယ်လို့ KyWO က ပြောဆိုပါတယ်။

“ဒီကာလ တရားစီရင်ကလည်းပျက်သုဉ်းနေတယ်။ ကျမတို့ တချို့ဒေသတွေမှာက ကိုယ်ထူကိုယ်ထပေါ့နော တရားစီရင်ရေးစနစ်ကို ကြိုးစားပြီးတည်ဆောက်သွားကြတယ် ဆိုပေမဲ့လည်း တရားမျှတမှုကတော့ အဲ့လောက်ထိလည်း မထမ်းဆောင်နိုင်သေးဘူးပေါ့နော ကြိုးစားနေဆဲဖြစ်တယ်ပေါ့။ အဲ့တွက်ကြောင့်မို့လို့ ဒီအမျိုးသမီးတိုင်ကြားရင်လည်း ဓလေ့ထုံးတမ်းအရဆုံးဖြတ်ရင်လည်း အမြင့်ဆုံးကတော့ ငွေဒဏ်ပေးမယ် လျော်ကြေး နစ်နာကြေးနဲ့ ဆုံးဖြတ်လိုက်မယ်။ တခြားအပြင်ကလာတဲ့ အမျိုးသားဆိုတော့ ဒီကျေးရွာမှာ ဝင်ခွင့်မပေးတော့ဘူးပေါ့နော။ အကယ်၍ တစ်ရွာထဲသားဆိုရင်တော့ ဒီလိုပဲ လျော်ကြေး နစ်နာကြေးနဲ့ပဲ ပြီးသွားတဲ့ပုံစံမျိုး ဖြစ်တယ်ပေါ့နော။” လို့ မူအန်းဂျလာက ဆက်ပြောပါတယ်။

အထူးသဖြင့် စစ်ရှောင်စခန်းတွေမှာ အိမ်တွင်းအကြမ်းဖက်ကို လူမှုရေးပြဿနာအဖြစ် ရှုမြင်ကြပြီး လင်မယားရန်ဖြစ်ပါက စခန်းအတွင်းကနေ မောင်းထုတ်မယ်ဆိုတဲ့ သတိပေးချက်ကြောင့် အမျိုးသမီးတွေက တရားမျှတရေးအတွက် တိုင်ကြားမှုမရှိတော့ဘူးလို့ သိရပါတယ်။

၂၀၂၃ခုနှစ်အတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တစ်မှုကိုသာ ကယန်းအမျိုးသမီးအစည်းအရုံး (KyWO) မှ ကောက်ယူနိုင်ခဲ့ပြီး မြေပြင်မှာ ဖြစ်ပွားမှုများပြားနေဆဲတယ်လို့ သိရပါတယ်။

ကယန်းအမျိုးသမီးအစည်းအရုံးရဲ့ အချက်အလက်အရ ၂၀၂၂ခုနှစ်မတ်လကနေ ၂၀၂၃ခုနှစ် မတ်လအထိ တစ်နှစ်အတွင်း အကြမ်းဖက်ခံရမှု (၂၁)ခုကို ကူညီဖြေရှင်းရာမှာ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts