spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

၂ နှစ်တာ လွှတ်တော်အတွေ့အကြုံနှင့် ပတ်သက်၍ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဘော်ရယ်စိုးဝေနှင့် အင်တာဗျူး

Author

Date

Category

အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဘော်ရယ်စိုးဝေ

“ကယားပြည်နယ်က လူထုတွေ အများဆုံး တိုင်ကြားတာကတော့ မြေယာပြဿနာတွေဖြစ်ပြီးတော့ အကူအညီတောင်းခံတာတွေကတော့ လမ်း၊ တံတား ဆောက်လုပ်ပေးဖို့ အကူအညီတောင်းတာတွေ လူထုတွေ အများဆုံး တင်ပြလာကြပါတယ်။”လို့ဆိုတဲ့ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် မဲဆန္ဒနယ် အမှတ် (၃) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဘော်ရယ်စိုးဝေအား ၂ နှစ်တာ လွှတ်တော်အတွေ့အကြုံနှင့် ပတ်သက်၍ မေးမြန်းခြင်း။

စူးမယ်မေးမြန်းသည်။

မေး။ ။ ဒီနှစ် ၄ လပိုင်းကျရင် ဆရာတို့အနေနဲ့ ပြည်သူအတွက် အလုပ်လုပ်ပေးတာဟာ ၂ နှစ် ပြည့်တော့မယ်။ ဆိုတော့ ဆရာတို့ အနေနဲ့ ဒီ ၂ နှစ်အတွင်းမှာ ပြည်သူတွေအတွက် အဓိကထား လုပ်ဆောင်ပေးနေပါသလဲ။

ဖြေ။ ။ လွှတ်တော်တက်တဲ့ ကာလမှာတော့ ခေတ်ကာလနဲ့ ဆီလျှော်မှုရှိအောင် ပြည်သူအများ လုံခြုံမှုရှိပြီး အကျိုးရှိစေဖို့ လက်ရှိ ဥပဒေတွေကို ပြင်ဆင်တာတွေ ဖြည့်စွက်တာတွေ ဖျက်သိမ်းတာတွေ အသစ်ရေးဆွဲတာတွေနဲ့ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို မေးခွန်းမေးမြန်းတာနဲ့ အကြံပြု ဆွေးနွေးတာတွေ လုပ်ခဲ့ပါတယ်။

လွှတ်တော် နားရက်ကာလမှာတော့ ကျွန်တော်တို့ရဲ ့ မဲဆန္ဒ နယ်မြေထဲကို ကွင်းဆင်းပြီးတော့ ပြည်သူတွေရဲ ့ အသံကို သိရှိနိုင်ဖို့ သွားရောက် တွေ့ဆုံ မေးမြန်းပြီး အချက်အလက်တွေ ယူတာတွေ ဒေသအလိုက် လိုအပ်ချက်တွေကို စုဆောင်းတာတွေ လုပ်ပါတယ်။

အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ စီမံကိန်းလုပ်ငန်းတွေ အချိန်မီ ပြီးစီးဖို့နဲ့ စံချိန် စံညွန်း ပြည့်မီဖို့ ကွင်းဆင်း၊ စိစစ်စစ်ဆေးတာတွေလည်း ပြုလုပ်ပါတယ်။ နောက်ပြီး ဌာနဆိုင်ရာတွေနဲ့လည်း ပူးပေါင်းညှိနှိုင်းဆောင်ရွက်ခြင်းတွေ ပြုလုပ်ပါတယ်။

မေး။ ။ ပြည်သူတွေအတွက် ဆရာလုပ်ပေးချင်တဲ့လုပ်ငန်းတွေက ရှိပြီး မလုပ်လိုက်ရတဲ့ ဟာမျိုးတွေရော ရှိလား။ ရှိမယ်ဆိုရင် ဘယ်လိုဟာမျိုးကို လုပ်ဆောင်ခွင့် မရှိတာလဲ ဆရာ။

ဖြေ။ ။ ပြည်သူတွေအတွက် လုပ်ပေးချင်ပြီးတော့ မလုပ်လိုက်ရတဲ့ လုပ်ငန်းတော့ မရှိပါဘူး။ ဘတ်ဂျက် အခြေအနေအရ မလုပ်ပေးနိုင်သေးတာပဲ ရှိပါတယ်။

မေး။ ။ဒီလွှတ်တော်သက်တမ်း ၂ နှစ်မှာ ဆရာ့အနေနဲ့ မေးခွန်းဘယ်နှစ်ခု မေးဖြစ်ပါသလဲ။ ဘယ်လို မေးခွန်းမျိုးကို မေးပါသလဲ။

ဖြေ။ ။ လွှတ်တော်မှာ မေးထားတဲ့ မေးခွန်း အားလုံးက ၅ ခု မေးထားပါတယ်။ ကြယ်ပွင့်ပြ မေးခွန်း ၃ ခုနဲ့ ကြယ်ပွင့်မပြ မေးခွန်းက ၂ ခုပါ။ ကျွန်တော် မေးထားတဲ့ မေးခွန်းတွေကတော့ အဓိက တောင်သူတွေအတွက်နဲ့ ပြည်နယ်ဖွံ့ဖြိုးရေးအတွက် မေးထားပါတယ်။

ကြယ်ပွင့်ပြ မေးခွန်းတွေက ကယားပြည်နယ်က ယာစိုက်တောင်သူတွေအတွက် စိုက်ပျိုးရေးစရိတ်ချေးငွေ ထုတ်ပေးနိုင်ခြင်း ရှိ၊ မရှိနဲ့ ဈေးကွက်တည်ငြိမ်အောင် ဘယ်လို စီမံဆောင်ရွက်ပေးမလဲဆိုတာကို သိချင်တဲ့ မေးခွန်း မေးထားပါတယ်။

နောက်တစ်ခုက ဒီးမော့ဆိုမြို့မှာ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်ကျောင်း ဖွင့်လှစ်ပေးဖို့ပါ အဲဒါက အောင်ပါတယ်။ ဒါပေမယ့် ဒီးမော့ဆိုမှာ ဖွင့်မဲ့အစား လွိုင်ကော်မှာ ဖွင့်ဖို့ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှာ ဆောင်ရွက်မှာပါ။

ကျွန်တော် မေးတဲ့မေးခွန်းတွေကတော့ အထူးသဖြင့် ဖွံ့ဖြိုးရေးနဲ့ ဆိုင်တဲ့ မေးခွန်းတွေကို မေးထားပါတယ်။ ကြယ်ပွင့်မပြတဲ့ မေးခွန်းမှာလည်း ဒီးမော့ဆိုမြို့ကို မြို့အင်္ဂါအရပ်နဲ့အညီ ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ အိမ်ယာကွက်သစ်တွေ ဖေါ်ထုတ်ပေးဖို့ City plan, Town plan စနစ်တကျ ရေးဆွဲ ဖော်ဆောင်ဖို့ ရှိပါတယ်။

မေး။ ။ မေးခဲ့တဲ့ မေးခွန်းတွေထဲမှာ ဘယ်နှစ်ခုလောက် အောင်ပြီး မအောင်တဲ့ မေးခွန်းများ ရှိပါသလားရှင့်။ ရှိမယ်ဆိုရင် ဘယ်လိုမေးခွန်းမျိုးက မအောင်တာလဲ ဘာကြောင့်ပါလဲ။

ဖြေ။ ။ လွှတ်တော်မှာ ကျွန်တော် ကြယ်ပွင့်ပြမေးခွန်း ၃ ခု မေးပါတယ်။ ၂ ခုကတော့ အောင်ပြီး ၁ ခု ကတော့ မအောင်ပါဘူး။ မအောင်တာကတော့ ဒီးမော့ဆိုမြို့ ပြည်သူ့ရင်ပြင် တည်ဆောက်ပေးနိုင်ရေး မေးခွန်းပါ။ ဒီးမော့ဆိုမြို့ ပြည်သူ့ရင်ပြင် ဆောက်လုပ်နိုင်ဖို့က လိုအပ်တဲ့ မြေနေရာ အဆင်သင့် မရှိသေးတဲ့အတွက် မအောင်တာပါ။ နောက်ပြီး ကြယ်ပွင့် မပြ မေးခွန်း ၂ ခု မေးခဲ့ပါတယ်။ တစ်ခုက အောင်ပြီး ၁ ခုက မအောင်ပါဘူး။ မအောင်တဲ့ တစ်ခုကို လာမယ့် ၂၀၁၉-၂၀၂ဝ ဘဏ္ဍာရေးနှစ်မှာ လျာထားပါတယ်။

မေး။ ။ ကယားပြည်နယ်က ပြည်သူတွေဟာ ဘာကို အလိုအပ်ဆုံးဖြစ်မယ်လို့ ဆရာ့အနေနဲ့ မြင်ပါသလဲ။ ဘာကြောင့်လဲ။

ဖြေ။ ။ ကယားပြည်နယ်က ပြည်သူတွေရဲ ့ အဓိက လိုအပ်ချက်ကတော့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးပဲ ဖြစ်ပါတယ်။ ကယားပြည်နယ်ဟာ မြို့ ရ မြို့ပဲရှိပြီးတော့ ကျေးရွာပေါင်း ၅၀ဝ ကျော်ရှိတာကို ကြည့်ခြင်းအားဖြင့် အများစုက ကျေးလက်နေ ပြည်သူတွေပဲ ဖြစ်ပါတယ်။ စိုက်ပျိုးရေးကို အဓိကထားပြီး မွေးမြူရေးကို တနိုင်တပိုင်လုပ်ကိုင် အသက်မွေးဝမ်းကြောင်း ပြုလုပ်နေကြတာကို တွေ့ရပါတယ်။

နှစ်ပေါင်းများစွာ မငြိမ်းချမ်းခြင်းရဲ ့ ဆိုးကျိုးကိုလည်း ခံစားပြီးတဲ့သူတွေ ဖြစ်တဲ့အတွက် လွတ်လပ်အေးချမ်းစွာ အသက်မွေးဝမ်းကြောင်းပြုနိုင်ဖို့ ငြိမ်းချမ်းရေးကို အဓိက လိုလားတောင့်တတာ ဖြစ်ပါတယ်။ အခုဆိုရင် နှစ်အနည်းငယ် ငြိမ်းချမ်းစပြုလာပြီဖြစ်တဲ့ကာလအတွင်းမှာ ကြောက်ရွံ့စိတ်၊ စိုးရိမ်စိတ်တွေ တဖြည်းဖြည်း ပျောက်လာတာကိုလည်း တွေ့ရပါတယ်။

လွတ်လပ်စွာ သွားလာ လုပ်ကိုင်စားသောက်လာနိုင်တဲ့အတွက် မိသားစုတိုင်း ပိုပြီး ချောင်လည်လာတာကို တွေ့နေရပါတယ်။ အိမ်ကြီးအိမ်ကောင်း အခိုင်အမာနဲ့ အပြိုင်အဆိုင်ဆောက်လုပ်လာကြတာကိုတွေ့ရပါတယ်။ ဒါကြောင့်မလို့ ရွာသားအများစုက လမ်း၊ တံတား၊ ကျောင်း၊ ဆေးခန်းတွေ ၊ မီး၊ ရေ ပြည့်စုံကောင်းမွန်အောင်ဆိုပြီး ကျွန်တော်တို့ ကွင်းဆင်းဆောင်ရွက်တိုင်း တင်ပြတောင်းခံလာတာကို အများကြီး တွေ့ရပါတယ်။ လိုအပ်ချက်တွေ အများကြီး ရှိနေတာကိုလည်း တွေ့ရပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးက အဓိက လိုအပ်ပြီးတော့ ဒေသဖွံ့ဖြိုးရေးက ဒုတိယ အဓိက လိုအပ်ချက်ဖြစ်တယ်လို့ မြင်ပါတယ်။

မေး ။ ။ လူထုတွေအနေနဲ့ သူတို့ရဲ ့ အခက်အခဲတွေကို ဆရာတို့ကို တိုင်တာတွေ၊ အကူအညီတောင်းတာတွေထဲမှာ ဘာတွေအများဆုံး ဖြစ်မလဲ ဆရာ။

ဖြေ ။ ။ ကယားပြည်နယ်က လူထုတွေ အများဆုံး တိုင်ကြားတာကတော့ မြေယာပြဿနာတွေဖြစ်ပြီးတော့ အကူအညီတောင်းခံတာတွေကတော့ လမ်း၊ တံတား ဆောက်လုပ်ပေးဖို့ အကူအညီတောင်းတာတွေ လူထုတွေ အများဆုံး တင်ပြလာကြပါတယ်။

မေး ။ ။ လွှတ်တော်ထဲမှာ မေးခွန်းမေးတာ မဟုတ်ပဲ ပြည်သူတွေအတွက် တခြား ဆရာတို့ လုပ်ပေးတဲ့ လုပ်ငန်းတွေထဲက တချို့ကို ပြောပြပေးနိုင်မလား။ ဆရာတို့ လုပ်ပေးသွားတဲ့ လုပ်ငန်းတွေကို ကျေနပ် အားရမှုရှိလား။ ၂ ခုလောက်ပြောပြပေးပါရှင့်။ ဘယ်လို ဘာကြောင့် ကျေနပ်အားရမှု ရှိတာပါလဲ။

ဖြေ။ ။ ပြည်သူတွေအတွက် တခြား လုပ်ဆောင်ပေးတာကတော့ အ.မ.က ကျောင်း တချို့တွေက ရုံးခန်းတွေအတွက် ရုံးခန်းသုံး ဆက်တီ တစ်စုံစီပေးတာတွေရှိတယ်။ ပြီးတော့ ဒေါတံတား ဘုရားကျောင်းရှေ့မှာ ကွန်ကရစ်လမ်းအတွက် ဘိလပ်မြေ ပံ့ပိုးပေးတာတွေ ရှိပါတယ်။ ဒီလိုလုပ်ပေးရတော့ ကျေနပ်အားရမှု ရှိပါတယ်။

မေး ။ ။ လက်ရှိ ပြည်နယ်ရဲ ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဆရာ့အနေနဲ့ ဘယ်လိုမြင်ပါသလဲ။ ဘာကြောင့်လဲ။

ဖြေ ။ ။ လက်ရှိ ပြည်နယ်ရဲ ့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ နှစ်ဖက် ယုံကြည်မှု ပိုမိုတည်ဆောက်ဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။

မေး ။ ။ KNPP ရဲဘော် ၃ ဦးနဲ့ အရပ်သား တစ်ဦး အသတ်ခံရတဲ့အပေါ် ဆရာ့အမြင်လေးပြောပြပေးပါဦး။ တရားမျှတမှုရော ရှိတယ်လို့ မြင်ပါသလား။ အဲဒီအပေါ် နောက်ဆက်တွဲ ဘယ်လိုတွေ ဖြစ်လာနိုင်ပါသလဲ။

ဖြေ ။ ။ တရားဥပဒေကနေပြီးတော့ ဖြေရှင်းဆောင်ရွက်နေတာဖြစ်တဲ့အတွက် သုံးသပ်ချက် မပေးလိုပါဘူး။

မေး ။ ။ NCA စာချုပ်နဲ့ပတ်သက်ပြီး တခြား တိုင်းရင်းသားလက်နက်ကိုင်တွေက စာချုပ်တွေ ချုပ်လာတာ တစ်ဖွဲ့ပြီး တစ်ဖွဲ့ဖြစ်နေပြီ။ ဆရာ့အနေနဲ့ကော KNPPကို NCA စာချုပ်နဲ့ပတ်သက်ပြီး ဘယ်လို အကြံပြုလိုပါသလဲ။

ဖြေ ။ ။ NCA စာချုပ်နဲ့ ပါတ်သက်ပြီးတော့ KNPP ရဲ ့ မူနဲ့ သဘောထား ချမှတ်ထားပြီး ဖြစ်တယ်လို့ ယုံကြည်ပါတယ်။

spot_img
spot_img

Recent posts