spot_imgspot_imgspot_imgspot_img
Thursday, April 18, 2024
spot_imgspot_imgspot_imgspot_img

(၃)ပတ်ကြာ မြေအိုးပြုလုပ်နည်းသင်တန်း မှ ဒေသထွက်ပစ္စည်းအဖြစ်သို့



မော်မီးမြာ / ကန္တာရဝတီတိုင်း(မ်)

Women For Women Foundation (WWF) ကနေ စီစဉ်ပြီး ဩဂုတ်လအတွင်းမှာ (၃)ပတ်ကြာတဲ့ မြေအိုးပြုလုပ်နည်း သင်တန်းတစ်ခုကို ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ရှောင်စခန်းတစ်ခုမှာ ဒေသခံသင်တန်း ၄ဦးကနေမှ စစ်ရှောင်အမျိုးသမီးတွေကို သင်တန်းဖွင့်လှစ်ပေးခဲ့ပါတယ်။

စစ်ရှောင်အမျိုးသမီးတွေ စိတ်ဖိစီးမှုလျော့ချအောင်၊ တစ်နိုင်တစ်ပိုင်ဝင်ငွေ တွေရရှိဖို့ စတာတွေရည်ရွယ်ပြီး ဖွင့်လှစ်အကောင်အထည်ဖော်ခဲ့တာဖြစ်ပေမယ့် လက်ရှိမှာဆိုရင် ဒေသထွက်ပစ္စည်းတစ်ခုဖြစ်ဖို့အတွက် ကြိုးစားလျက်ရှိနေကြပြီ ဖြစ်ပါတယ်။

မြေအိုးပြုလုပ်ဖို့အတွက် ကုန်ကြမ်းဖြစ်တဲ့ မြေသား ဟာဆိုရင် ဖရူဆို အနောက်ဘက်ခြမ်းမှာသာရရှိတယ်လို့ ဆိုကြပါတယ်။ မြေအမျိုးအစားကတော့ ကယော ဘာသာစကားအရ “ ဟာ” လို့ ခေါ်ကြပါတယ်။ မြေကို ချောင်းဘေးမှာ သွားယူရတာဖြစ်ပြီး မြေသား သွားယူဖို့အတွက်ဆိုရင် ရွာကနေ တစ်နာရီကြာအောင် ခြေလျင်လျှောက်ရတာဖြစ်ပါတယ်။ မြေသား သွားယူဆောင်လာတဲ့ သူတွေဆိုရင်လည်း အသားရှောင်ရပြီး အသားတွေ စားထားတဲ့ သူဆိုရင်လည်း ယူလာတဲ့ မြေကို ထိလို့ မရဘူးဆိုတဲ့ အယူအဆလည်း ရှိကြပါတယ်။

မြေအိုး ပြုလုပ်ဖို့ဆိုရင် မြေသားမှာ ကျောက်တွေ၊ သစ်ကိုင်းစတာတွေ အမှိုက်တွေမပါဖို့လိုပါတယ်။ မြေအိုး ပုံဖော်ပြီး နေပူလှန်းပြီးရင် ကျပ်ခိုးစင်ပေါ်ထားရပါတယ်။ တစ်ခါ ပြုလုပ်ထားတဲ့ မြေအိုးကို မီးဖုတ် ပြီး ချိတ်သုပ်ပြီးရင်တော့ အသုံးပြုလို့ရပြီ ဖြစ်ပါတယ်။ဒေသသုံး ခေါင်အိုး၊ ဟင်းအိုး၊ ဟင်းခွက်ပန်းကန်ခွက်၊ လက်ဖက်ရည်ခွက် စတဲ့ပုံစံအမျိုးမျိုးကို တီထွင်ဖန်တီးနေကြတာပါ။

“ အခက်အခဲကျတော့ ကိုယ်ကလည်း ဒီ ဒေသခံ မဟုတ်ဘူးပေါ့နော။ ဒီလိုမြေတွေနဲ့လည်း အသားမကျသေးဘူးပေါ့နော။ အသေးစိတ်ကစ လိုက်ညှိယူရတယ်။ အချိန်လည်းတော်တော်ပေးရတယ်ပေါ့နော။ နည်းပြတွေရဲ့ သင်ပြမှုလည်း ကောင်းတာပေါ့နော။ စိတ်ရှည်တယ် ကောင်းကောင်းမွန်မွန်လည်း သူက သင်ပြပေးတယ်။ သင်တန်းသားအချင်းချင်းတွေဆိုရင်လည်း ကူညီပေးကြတယ်ပေါ့နော။ နားမလည်တာ ပြောပြပေးကြတယ်။ ” လို့ စစ်ရှောင်အမျိုးသမီးတစ်ဦး ဖြစ်တဲ့ ဒေါ်ရိုစလင်းက ပြောပါတယ်။


ဒေသအရင်းအမြစ်တွေကို အသုံးပြုပြီး စစ်ရှောင်အမျိုးသမီးတွေအတွက် စတင် ဦးတည်အကောင်အထည်ဖော်ခဲ့တဲ့ မြေအိုး ပြုလုပ်နည်းဟာ အခုဆိုရင် စစ်ရှောင်အမျိုးသမီးတွေသာမက ဒေသခံ အမျိုးသမီးတွေအတွက်ပါ အခွင့်အလမ်းရရှိလာပြီး ဒေသထွက် ပစ္စည်းတစ်ခုအနေနဲ့ ဦးတည်လာနေပြီ ဖြစ်ပါတယ်။

စစ်ရှောင်အမျိုးသမီးတွေ ပြုလုပ်ထားတဲ့ မြေအိုး တွေကို သင်တန်းစတင်ဖွင့်လှစ်ပေးခဲ့တဲ့ WWFက မှာယူနိုင်ကြောင်း ဆိုရှယ်မီဒီယာမှာ ချပြခဲ့ပြီး အွန်လိုင်းကနေ မှာယူမှုတွေ၊ တခြားဒေသက မှာယူမှုတွေအပြင် အနီးအနားကျေးရွာတွေကလည်း အသုံးပြုဖို့ မှာယူနေကြတာတွေလည်း များပြားနေတယ်လို့ WWFဒါရိုက်တာ မရိုစီကျော်က ဆိုပါတယ်။

“ ရောင်းတာတော့ မရောင်းရသေးဘူးပေါ့နော။ မှာထား တာတွေတော့ အများကြီးပဲပေါ့နော။ ဒီဖက်မှာတွေက မြေအိုးတွေကို အချောသပ်ပေါ့နော။ ပြီးစီးတဲ့အထိတော့ မထွက်လာသေးဘူးပေါ့နော။ မီးဖုတ်ရမယ့် အပိုင်းတွေ ချိတ်သုပ်ရမယ့် အပိုင်းတွေ အများကြီး ကျန်နေသေးတယ်ပေါ့နော။ ခုဏက ပြောသလိုမျိုး ရာသီဥတုကြောင့် ဒါတွေကို အချိန်အတိုင်းအတာအတို အတွင်း ထုတ်လုပ်ဖို့အရမ်းခက်ခဲတယ်ပေါ့နော။ ရောင်းချတာတော့ မရှိသေးဘူး။ မှာယူတဲ့ဟာတွေတော့ အများကြီးပေါ့နော ကျမတို့ ရရှိထားတယ်ပေါ့ အော်ဒါတော့။ “ လို့ WWFဒါရိုက်တာ မရိုစီကျော်က ပြောပါတယ်။

သင်တန်းကာလ ပြီးလို့ သင်တန်းသူတွေ ကိုယ်ပိုင်လေ့လာတဲ့ အချိန်မှာ ကိုယ်တိုင် မြေအိုးတွေကို ပြန်လည်ပြုလုပ်လျက်ရှိနေပြီဖြစ်ပြီး ရောင်းချလို့ရတဲ့ အဆင့်ထိတော့ မရောက်ရှိသေးပေမယ့် စစ်ရှောင်ကနေ စတင်ခဲ့တဲ့ မြေအိုးလုပ်ငန်းဟာ မှာယူအားပေးသူ များပြားလျက်ရှိနေတာဖြစ်ပါတယ်။

မြေအိုးပြုလုပ်တဲ့နေရာမှာလည်း လွယ်ကူတဲ့ အလုပ်တစ်ခုတော့ မဟုတ်ပါဘူး။ မြေသား သွားသယ်ယူရတဲ့နေရာမှာ အမျိုးသမီးတွေအတွက် ခက်ခဲတာတွေ ၊ အခြောက်ခံနေရာမှာ ရာသီဥတုကြောင့် ခက်ခဲကြန့်ကြာတာတွေလည်း ရှိနေပါတယ်။ လက်ရှိမှာဆိုရင် မှာယူမှု များနေပေမယ့် ပေးပို့နိုင်ဖို့ အချိန်အတိုင်းအတာ တစ်ခုအထိ ယူရတဲ့အတွက် မှာယူမှု လျော့ကျသွားမှာကို စိုးရိမ်နေကြပါတယ်။

“ ကျမတို့ ကို တခြားဒေသက မှာယူတဲ့ မြေအိုးတွေ ကို အချိန်မှီပြန်အကြောင်းမပြန်နိုင်တာရှိတယ်။ ဒီဆက်သွယ်ရေးပေါ့နော။ ဒီဖက်မှာ ဆက်သွယ်ရေးလမ်းကြောင်းတွေကလည်း မရှိဘူးပေါ့နော။ comunicationတွေက ပြတ်တောက်နေတယ်။ နောက်တစ်ခုက လမ်းပန်းဆက်သွယ်ရေးပေါ့ မြေအိုး သွားပြီးတော့ ပို့ရမယ့်ဟာတွေပေါ့နော။ ဒါတွေကလည်း ကျမတို့ဖက် စိန်ခေါ်မှုလို ဖြစ်နေတယ်ပေါ့။ “ လို့ မရိုစီကျော် က ဆက်ပြောပြပါတယ်။

ပြုလုပ်ထားတဲ့ မြေအိုးတွေကို အရွယ်အစား၊ အစားအစားအလိုက် ဒေသက သတ်မှတ်ထားတဲ့ စျေးနှုန်းပေါ်မူတည်ပြီး သယ်ယူခ၊ လုပ်အားခ တွေ တွက်ချက်ပြီး ပြန်လည်ရောင်းချသွားမှာ ဖြစ်တယ်လို့ဆိုပါတယ်။ ဈေးနှုန်းကတော့ အနည်းဆုံး ၂ထောင်ကျပ်ကနေစပြီး အရွယ်အစားအပေါ် မူတည်ပြီး ဈေးနှုန်းပြောင်းလဲမှုရှိနိုင်ပါတယ်။

လက်ရှိမှာဆိုရင် ရိုးစင်း တဲ့ မြေအိုးပြုလုပ်နည်းကို စတင်ပြုလုပ်နေကြပြီ ဖြစ်သလို စျေးကွက်ထဲ ပိုတွင်ကျယ်ဖို့ စိတ်ဝင်စားမှုပိုကောင်းအောင် မြေအိုးတွေမှာ ပုံဖော်တာတွေ ပန်းရိုက်တာတွေ ထပ်မံ ပြုလုပ်နိုင်ဖို့ ကြိုးစားသွားမယ်လို့ ဆိုကြပါတယ်။

“ ကိုယ်က ဒီဒေသခံလည်း မဟုတ်ဘူး။ ဒီမှာ စစ်ရှောင်ရင်းနဲ့ တကူးတက လာသင်ကြားခွင့်ရတယ်။ သူများထက် ပိုပြီးတော့ ထူးခြားတယ်။ ဘာလို့လဲဆို ဒီရွာက ဒေသခံတွေတောင် မလုပ်နိုင်ဘူးလေ တချို့ဆို။ ကိုယ်က စစ်ရှောင်လည်း ဖြစ်သေးတယ်။ အဲ့လိုလည်း လုပ်နိုင်တဲ့အတွက် ကိုယ့်အတွက်လည်း အကျိုးကျေးဇူးဖြစ်တယ်။ ကောင်းကောင်းမွန်မွန်နဲ့အရည်အသွေး ပြည့်မှီတဲ့အိုး လုပ်နိုင်ခဲ့မယ်ဆိုရင်တော့ စျေးကွက်မှာလည်း လူကြိုက်များမှာပဲလေနော။ စျေးကွက်တွေမှာ ဖြန့်နိုင်ခဲ့မယ်ဆိုရင် ကိုယ့်အတွက် အကျိုးကျေးဇူးလည်းရမယ်။ ကိုယ့်အတွက် ဝင်ငွေ တစ်နိုင်တစ်ပိုင်လည်း ဖြစ်မယ်။ ကိုယ့်အတွက် အကျိုးကျေးဇူးဖြစ်သွားမယ်လို့ ကျမယုံကြည်ပါတယ်ရှင့်။ “ လို့ ဒေါ်ရိုစီလင်းက ပြောပါတယ်။

စစ်ရှောင်အမျိုးသမီးများ မြေအိုးပြုလုပ်နေကြပုံ



WWFကနေပြီး အခုလို စစ်ရှောင်နေရာတွေမှာ အမျိုးသမီးတွေအတွက် ရည်ရွယ်ပြီး တစ်နိုင်တစ်ပိုင်လုပ်ငန်းတွေကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိနေသလို ကျောင်းပညာရေးနဲ့ တွဲပြီး အသက်မွေးဝမ်းကြောင်း Life Stay ခေါင်းစဉ်အောက်ကနေပြီး ကလေးတွေကို သင်ကြားပေးဖို့ ရည်ရွယ်ထားတာတွေလည်း ရှိတယ်လို့ မရိုစီကျော်က ဆိုပါတယ်။

ဒေသရဲ့ အမှတ်အသား တစ်ခုလည်း ဖြစ်မယ့် မြေအိုး လုပ်ငန်းကနေ ထွက်ရှိလာတဲ့ ပစ္စည်းတွေကို တစ်ဖက်တစ်လှမ်းကနေ ပါဝင်ကူညီ အားပေးနိုင်တယ်လို့ တိုက်တွန်းထားပါတယ်။ လိုအပ်ချက်တွေရှိနေသေးပေမယ့် စစ်ရှောင် အမျိုးသမီးကနေ စတင်ခဲ့တဲ့ တစ်နိုင်တစ်ပိုင်လုပ်ငန်းနဲ့ ပတ်သက်ပြီး ကျေနပ်အားရမှုရှိကြောင်း မရိုစီကျော်က အခုလို ပြောဆိုထားပါတယ်။

“ ကျမအနေနဲ့ကတော့ ကျေနပ်တယ်ပေါ့နော။ ဒါကတော့ ကနဦး အစပြုလိုက်တဲ့ သင်တန်းပေါ့။ ဒါပေမယ့် စစ်ရှောင်တွေပဲ မဟုတ်ပဲနဲ့ ဒေသမှာရှိတဲ့ လူထုတွေအပါအဝင် ဝင်ငွေ တစ်ဖက်တစ်လမ်းရအောင် ကျမတို့ ဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ထားတယ်ပေါ့။ အခုဆိုရင်မြေအိုးတွေ မှာယူတဲ့အပေါ်မှာ စစ်ရှောင်တွေ လုပ်ပြီးတော့မှ ပို့ပြီးတော့မှ ရောင်းချနိုင်တာ မဟုတ်ပဲနဲ့ အရမ်းများလာတဲ့အတွက် ဒီဒေသ ခံ ကလူထုတွေ ပါပါပေါ့နော။ တတ်နိုင်သလောက် သူတို့ လုပ်ဆောင်နိုင်တဲ့အရေအတွက်ကို ကျမတို့ ကနေပြီး ပြန်ပြီးတော့ ရောင်းချဖို့ အစီစဉ် ရှိတယ်ပေါ့နော။ ဒါပေမယ့် ခုဏက ပြောသလိုမျိုး ဒီထက် ကျယ်ကျယ်ပြန့်ပြန့်လုပ်ဖို့ လိုအပ်လာမယ်။ ဒီ လုပ်ငန်းကို တိုးချဲ့မယ်ဆိုလို့ရှိရင်တော့ ဒီမြေအိုး အရည်သွေး မြင့်တဲ့ မွမ်းမံ သင်တန်းတို့ ကို ကျမတို့ သေချာ ပြန်လုပ်ဖို့တော့ လိုတယ်ပေါ့။ “

spot_img
spot_img