spot_imgspot_imgspot_imgspot_img
Friday, April 19, 2024
spot_imgspot_imgspot_imgspot_img

၆၅ နှစ်ပြည့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ထူထောင်ခြင်းအပေါ် အမြဲတမ်း ပါတီဗဟိုကော်မတီဝင် ခွန်းရီမာန်ထူးနှင့် တွေ့ဆုံမေးမြန်းခြင်း။

၁၉၅၇ ခုနှစ်မှာ စတင်ဖွဲ့စည်းတည်ထောင်ခဲ့တဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ဟာ ၂၀၂၂ ခုနှစ် မေလ ၂ ရက်နေ့မှာ ၆၅ နှစ်ပြည့်တဲ့ နေ့ ဖြစ်ပါတယ်။

ဘာကြောင့် KNPP ကို ဖွဲ့စည်းတည်ထောင်ဖို့ လိုအပ်ခဲ့တာလဲ။ ၆၅ နှစ်အထိ ရပ်လာခဲ့တဲ့ KNPP အနေနဲ့ ဘာတွေကို ဘယ်လောက်ထိ အောင်မြင်အောင် ဆောင်ရွက်ခဲ့ပါသလဲ။

၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်မှာ KNPP အနေနဲ့ ဘယ်လိုဆက်လက်ရပ်တည်နေပါသလဲ စတာတွေနဲ့ ပတ်သက်ပြီး ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ရဲ့ အမြဲတမ်း ပါတီ ဗဟိုကော်မတီဝင် ရီမာန်ထူး နဲ့ ကန္တာရဝတီတိုင်း(မ်) ရဲ့ တွေ့ဆုံမေးမြန်းမှုကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

မေး ။ ။ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ကို ၁၉၅၇ နှစ်မှာ တည်ထောင်ခဲ့တာဆိုတော့ မေလ ၂ ရက်နေ့ဆိုရင် ၆၅ နှစ်ပြည့်ပြီပေါ့နော။ ဆိုတော့ KNPP ကို မတည်ထောင်ခင်မှာ ကရင်နီတပ်မတော်ကို ဖွဲ့စည်းခဲ့ပြီးသားဖြစ်တယ်ပေါ့။ ဆိုတော့ အဲ့ဒီအချိန်တုန်းက KNPP ပါတီကို ဘာဖြစ်လို့ တည်ထောင်ဖို့ လိုအပ်ခဲ့တာလဲဆိုတာ ပြောပြပေးပါဦးရှင့်။

ဖြေ ။ ။ ကရင်နီပြည်ဟာ သီးခြားလွတ်လပ်ခဲ့တဲ့ ပြည်တစ်ပြည်ဖြစ်တယ်ဆိုတာ ကျနော်တို့ ပြည်သူတစ်ရပ်လုံးက လက်ခံထားတယ်။ ဒါပေမယ့်လို့ ဖဆပလ အစိုးရပေါ့နော။ သူတို့က ကျနော်တို့ နယ်မြေကိုလည်း လာရောက်ပြီးတော့ ကျူးကျော်တဲ့အတွက်ကြောင့် ကျနော်တို့ ကရင်နီတပ်မတော်ကို ခုခံတော်လှန်ရေးအနေနဲ့ ပါဝင်ဆင်နွှဲလာခဲ့တယ်။ ဒါပေမယ့် ဒီတပ်မတော်ကြီးနဲ့ပဲ ကျနော်တို့ တိုင်းပြည်ကို ဦးဆောင်သွားမယ်ဆိုရင်တော့ သိပ်အလုပ်မဖြစ်ဘူးဆိုပြီးတော့ တပ်မတော်ကို ဦးဆောင်တဲ့ နိုင်ငံရေးပါတီတစ်ခု ရှိကိုရှိဖို့လိုတယ်ဆိုပြီးတော့ အတွေးအခေါ်မျိုးနဲ့ ကျနော်တို့က ၁၉၅၇ ခုနှစ်၊ အမှတ် ၂ ခရိုင်ဆိုတဲ့ ကသိုးခီးရွာမှာ တည်ထောင်ခဲ့ပါတယ်။ ဆိုတော့ ဒီပါတီကနေပြီးတော့ တိုင်းပြည်ရဲ့ နိုင်ငံရေး၊ တိုင်းပြည်ရဲ့ အချုပ်အခြာအားလုံးကို ကျနော်တို့က မူပေါ်လစီတွေဆွဲပြီးတော့ ကျနော်တို့ ဆက်လက်ချီတက်သွားတာ ဖြစ်တယ်။ ဒါပေမယ့် ဒီနေ့ တချို့သော လူငယ်တွေရဲ့ အမြင်အရပေါ့နော ကျနော်တို့ လူတွေထဲက လူငယ်တွေရဲ့ အမြင်အရဆိုရင် သူတို့ပြောတယ် မင်းတို့ KNPP ဆိုတာက ကယားအဖွဲ့ပဲဆိုပြီးတော့ ပြောကြတယ်လေ။ ကျနော်ကတော့ ပြန်ပြောတယ် KNPP ဆိုတာ ကယားမျိုးနွယ်စုထဲက အဖွဲ့အစည်းမဟုတ်ပါဘူး။ ကျနော်တို့ တပြည်လုံးမှာရှိတဲ့ ပြည်သူလူထုတွေ အကျိုးကို ဆောင်ရွက်ဖို့ဖြစ်တဲ့ နိုင်ငံရေးပါတီ KNPP ဖြစ်ပါတယ်။ ကျနော်တို့ အဲ့လို စွတ်စွဲလို့တော့ မသင့်ဘူးလို့ ပြန်ပြောတယ်။ ဒါကတော့ KNPP ကို ထူထောင်ရခြင်းပေါ့နော။

မေး ။ ။ ဟုတ်ကဲ့။ ဆိုတော့ ဒီ KNPP ကို ထူထောင်ထားတာကကော လူထုအတွက် ဘယ်လောက်ထိ အရေးပါသလဲ။
ဖြေ။ ။ ဒီမိုကရေစီ ကျင့်သုံးတဲ့ နိုင်ငံတွေ အားလုံးက နိုင်ငံရေးပါတီရှိမှပေါ့ ပြီးတော့ ဒီတိုင်းပြည်ရဲ့ အုပ်ချုပ်ရေးလုပ်ငန်းမှန်သမျှကို ပါတီကနေပြီးတော့ ဦးဆောင်ပြီး လုပ်ရတာဖြစ်တယ်။ ဒါကြောင့် ပါတီက အရေးပါပါတယ်။

မေး ။ ။ ဟုတ်ကဲ့။ ဆိုတော့ KNPPအနေနဲ့က ဒီ ၆၅ နှစ်အထိရပ်တည်လာခဲ့ပြီပေါ့နော။ ဆိုတော့ ဒီ ၆၅ နှစ်အတွင်းကော KNPP အနေနဲ့ ဘာတွေကို ဘယ်လောက်ထိ အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့ပြီလဲပေါ့။ ပြီးတော့ ကနဦး ဖွဲ့စည်းထားတဲ့ KNPP နဲ့ လက်ရှိ ရပ်တည်နေတဲ့ KNPP က ဘာတွေ ကွာခြားသွားလဲ။ ရပ်တည်ချက်ပြောင်းလဲလိုက်တာမျိုးတွေ ရှိလား။
ဖြေ ။ ။ ဟုတ်ကဲ့။ ကျနော်တို့ ပါတီဖွဲ့စည်းလာပြီးတဲ့နောက်ပေါ့လေ ကျနော်တို့ တိုင်းပြည်မှာ အရင်ကတော့ ကရင်နီပြည် တစ်ပြည်လုံးပေါ့ စော်ဘွားစနစ်နဲ့ အုပ်ချုပ်လာခဲ့တယ်။ ဒါပေမယ့်လို့ ၁၉၄၇ ခုနှစ်မှာ စော်ဘွားစနစ်ကို ကျနော်တို့ မကျင့်သုံးတော့ပဲနဲ့ ကျနော်တို့က လွတ်လပ်သော ကရင်နီပြည်ကောင်စီဆိုပြီးတော့ အစိုးရပုံစံမျိုး ကျနော်တို့ ဖွဲ့စည်းလာတယ်။ အဲ့ဒီခါကျတော့ KNPP ကာလမှာ ကျနော်တို့က နယ်အဖြစ်ဆိုရင် အမှတ် ၁ ခရိုင်၊ အမှတ် ၂ ခရိုင် ၊ အမှတ် ၃ ခရိုင်ဆိုပြီးတော့ ဖွဲ့စည်းပြီးတော့ အုပ်ချုပ်ရေးကို ကျနော်တို့ ချမှတ်ခဲ့တယ်။ ကျန်းမာရေး၊ ပညာရေးအပြင် တခြားသော အားလုံးပေါ့ ချမှတ်နိုင်ခဲ့တယ်။ ပြီးတော့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုနဲ့ ပတ်သက်လာရင် အစကတော့ ကျနော်တို့ KNPP က အစက ကိုယ့်သမိုင်းကြောင်းအပေါ်မှာပေါ့နော။ ကျနော်တို့ သမိုင်းကြောင်းကသာ လွတ်လပ်ခဲ့တဲ့ နိုင်ငံ ဖြစ်တဲ့အတွက်ကြောင့် လွတ်လပ်ခဲ့တဲ့ နိုင်ငံ ပြည်လည်ရရှိဖို့အရေးပေါ့နော ကျနော်တို့က ကြွေးကြော်ခဲ့တယ်။ တိုင်းပွဲဝင်ခဲ့တယ်။ ဒါပေမယ့်လို့ ကမ္ဘာ့ရဲ့ အခြေအနေအရက ကျနော်တို့က အဲ့လို ကြွေးကြော်မယ်ဆိုရင်တော့ သိပ်တော့ အခြေအနေတော့ မကိုက်ညီဘူးဆိုပြီးတော့ ကျနော်တို့က ဒီ ၂၀၀၀ ခုနှစ်မှာ ကျနော်တို့က လွတ်လပ်ရေးကနေပြီးတော့ ကျနော်တို့က ဖက်ဒရယ်နိုင်ငံအဖြစ် ပါဝင်နိုင်ဖို့က ကျနော်တို့ အဲ့ဒီမှာပြောင်းလဲခဲ့တယ်။ အခုလည်းပဲ ကျနော်တို့က လွတ်လပ်ခဲ့တဲ့ ကရင်နီဆိုတာက ကျနော်တို့က သမိုင်းကြောင်းအရ ထားတယ်။ တကယ်တမ်းလက်တွေ့မှာ တခြားမျိုးနွယ်စု၊ တခြားတိုင်းရင်းသားတွေနဲ့ ပူးပေါင်းနိုင်ဖို့အတွက် ဆိုပြီးတော့ ကျနော်တို့က ဖက်ဒရယ်ကို ကျနော်တို့က ပြောင်းလဲသွားတယ်ပေါ့နော။ အမှန်က ကျနော်တို့ အရင်က လွတ်လပ်တဲ့ နိုင်ငံ၊ လွတ်လပ်တဲ့ တိုင်းပြည် ကျနော်တို့ ကြွေးကြော်တဲ့အချိန်မှာ ဗမာ့နိုင်ငံရေးသမားက အုပ်ချုပ်ရေးတွေက ဒီတိုင်းပြည်က ခွဲထွက်တယ်၊ ဟိုလူက ခွဲထွက် အဲ့လိုပြောလာတဲ့အချိန်မှာ ကဲ.. ဒါဆိုရင် ကျနော်တို့က ဖက်ဒရယ်ကို ပြန်သွားမယ်။ ဖက်ဒရယ်ကို ပြန်သွားလည်း သူတို့က လုံးဝလက်မခံပါဘူး။ ယနေ့အထိပါပဲ ပြောရမယ်ဆိုရင်။ အဲ့ဒါကြောင့် ဒီကာလမှာ ကျနော်တို့ရဲ့ နိုင်ငံရေး အခြေအနေကို သီးခြားလွတ်လပ်ရေးကနေပြီးတော့ ဖက်ဒရယ်ပြည်ထောင်စုအထိကို ကျနော်တို့ ရပ်တည်နေတယ်ပေါ့နော။

မေး ။ ။ ဟုတ်ကဲ့ရှင့်။ ဆိုတော့ KNPP ရဲ့ ရပ်တည်ချက်အတိုင်းကော ဒီ ၆၅ နှစ်အတွင်းမှာ ဘာတွေကို ဘယ်လောက်ထိ အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ပြီလဲပေါ့။
ဖြေ ။ ။ ဘယ်လောက်ထိ အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့လဲဆိုတာက ဒီကျနော်တို့ရဲ့ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍတို့မှာ ကျနော်တို့ကတော့ တော်တော်ကို လှုပ်ရှားနိုင်ပါတယ်လေ။ အခြေအနေပေးအပ်လာလို့ရှိရင် အဲ့ဒါတွေက ပိုမိုထင်ရှားတာပေါ့။ ဟိုတုန်းကတော့ ကျနော်တို့ ကျောင်းတွေ၊ ပညာရေးတွေ၊ ကျန်းမာရေးတွေ အဲ့ဒါတွေက မရှိသလောက်ပဲ တော်လှန်ရေးအစမှာ။ အဲ့ဒီတစ်ခုကတော့ နယ်တိုင်းမှာပေါ့ ခရိုင်တိုင်းမှာ ကျနော်တို့ လုပ်ဆောင်နိုင်တဲ့ သဘောမျိုး ဖြစ်ပါတယ်။

မေး ။ ။ ဟုတ်ကဲ့။ ဆိုတော့ KNPP အနေနဲ့က ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ်ကိုတော့ မရေးထိုးထားခဲ့ဘူးပေါ့နော။ ဒါပေမယ့် ပြည်နယ်အဆင့်ကိုတော့ ၂၀၁၂ မတ်လ ၇ ရက်နေ့မှာ ရေးထိုးခဲ့တယ်။ ဒီ သဘောတူညီချက်၊ ဆွေးနွေးတင်ပြခဲ့တဲ့အချက်တွေမှာဆိုရင် အချက် ၂၀ ပါဝင်ခဲ့တာကို တွေ့ရတယ်။ ဆိုတော့ ဒီ အချက် ၂၀ ထဲမှာရော အဓိက ဘာတွေကို အအောင်မြင်ဆုံးအနေနဲ့ အကောင်ထည်ဖော် ဆောင်ရွက်နိုင်ခဲ့လဲပေါ့။

ဖြေ ။ ။ ဒီ ဗမာ့စစ်အုပ်စုနဲ့ ကျနော်တို့ ငြိမ်းချမ်းရေးသဘောတူညီ ဆွေးနွေးတဲ့နေရာမှာ အခုမှ မဟုတ်ပါဘူး။ ၁၉၇၅ ခုနှစ်ကတည်းက ကျနော်တို့ အကြိမ်ကြိမ်လုပ်ခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းက ဗိုလ်ချုပ်ခင်ညွန့်လက်ထဲမှာ လုပ်ပါတယ်။ အဓိကက ကျနော်တို့ ပစ်ခတ်တိုက်ခိုက်တဲ့ဟာကို ကျနော်တို့က ရပ်ဆိုင်းနိုင်မှပဲ တိုးတက်ဖွံ့ဖြိုးမှု လုပ်ငန်းတွေကိုမှာ အားလုံးလုပ်နိုင်မယ်လို့ ကျနော်တို့ ယူဆတဲ့အတွက်ကြောင့် ကျနော်တို့က သူတို့နဲ့ အပေးအယူ လုပ်ခဲ့တယ်ပေါ့နော။

နောက်ပြီးတော့ လူမှုရေးဆိုင်ရာ ကိစ္စဝိစ္စတွေလည်း လုပ်မယ်ပေါ့နော။ ဒါပေမယ့် လူမှုရေးဆိုင်ရာလည်း ထင်သလောက်ကို ကျနော်တို့ မလုပ်နိုင်ဘူးလေ။ အစစအရာရာ သူတို့ရဲ့ လွှမ်းမိုးမှု အစစအရာရာ သူတို့ရဲ့ ချုပ်ကိုင်မှုက ရှိနေတယ်။ ဘာဖြစ်လို့လဲဆိုရင် သူတို့က ကျနော်တို့ကို တရားဥပဒေဘောင်ထဲကို ပြန်လာတဲ့လူလောက်ပဲ သူတို့က သဘောထားတဲ့အခါကျတော့ ကျနော်တို့ လိုချင်တဲ့အရာ၊ လုပ်ချင်တဲ့ အရာက ဘယ်လိုမှ လုပ်လို့မရဘူး။

အဓိက ကျနော်တို့ Target က အပစ်ခတ်ရပ်စဲဖို့ အဓိက ထားတယ်။ ဒါကြောင့် ကဲ.. ခင်ဗျားတို့ တပ်ရင်းတွေ မတိုးနဲ့ ကရင်နီပြည်နယ်မှာ ခင်ဗျားတို့ နယ်စပ်တစ်လျှောက်လုံးမှာ နယ်တွင်းထဲမှာ ခင်ဗျားတို့ တပ်စခန်းတွေ မတိုးနဲ့လို့ ကျနော်တို့ ပြောပါတယ်။ အဲ့တော့ သူတို့က ဘာပြောလဲဆိုရင် ခင်ဗျားတို့ ပြန်လာမှတော့ဗျား..ခင်ဗျားတို့ကို တိုက်စရာလိုတော့လို့လား။ မလိုတဲ့အတွက်ကြောင့် ကျနော်တို့ တပ်ရင်းတိုးစရာ ဘာရှိမလဲ သူတို့ပြောတယ်။ တကယ်တမ်းဆို ကျနော်တို့က အဲ့ဒီစကား မပြောချင်မှာဆိုရင် သူတို့တပ်ရင်းက ဆယ်ရင်းတောင် မရှိဘူး ကျနော်တို့ ကရင်နီပြည်မှာ။ စခန်းကတော့ နယ်စပ်မှာပေါ့ သူတို့က Out put လို့ ခေါ်တာပေါ့။

အဲ့ဒီတုန်းကလည်း အနည်းအကျဉ်းပဲ ရှိပါတယ်။ ဒါပေမယ့်လို့ သူတို့ အဲ့လိုပြောပေမယ့်လို့ဟာ ခင်ဗျားတို့ ပြန်လာခါမှတော့ ကျနော်တို့ ဘာတိုက်စရာလိုတော့မှာလဲပေါ့ တပ်ရင်းတိုးစရာလည်း မလိုဘူး။ စခန်းတည်ဆောက်စရာလည်း မလိုဘူးပေါ့ အဲ့လိုပြောပေမယ့်လို့ ကျနော်တို့ တကယ်တမ်း ပြန်လာတဲ့ခါကျတော့ အဲ့ဒီပြန်လာတဲ့ သုံးလအတွင်းက အခွင့်အရေးကို သူတို့ယူပြီးတော့ တခါတည်း တပ်ရင်းက ၁၀ ကနေပြီးတော့ ၂၀ ဖြစ်လာတာနော အဲ့ဒါ။

နောက်တစ်ခုက ဒီနယ်ခြားတပ်စခန်းဆိုပြီးတော့မှ ဥပမာ အရင်တုန်းက တောထဲဆို သူတို့ မရှိဘူး။ နောက် တခြားနေရာမှာလည်း မရှိဘူး။ ဒါပေမယ့် အခုအဲ့မှာ အားလုံး တည်ဆောက်တယ်။ ဒါကို ကျနော်တို့က ပြောတယ်။ ကျနော်တို့က သဘောတူညီချက်ထဲမှာ ကျနော်တို့က တပ်စခန်းတွေ မတိုးချဲ့၊ တပ်ရင်းတွေ မတိုးချဲ့ဘူး ကျနော်တို့ ပြောတယ်။ ဒါပေမယ့် သူတို့က ဒါက တိုင်းရေးပြည်ရေး၊ နိုင်ငံတော်အရေး၊ လုံခြုံရေး ခင်ဗျားတို့ ဘာမှ တားပိုင်ခွင့်မရှိဘူး။ ခင်ဗျားတို့က တရားဥပေဒဘောင်ထဲ ပြန်လာတဲ့သူတွေ ဖြစ်တဲ့အတွက်ကြောင့် တရားဥပဒေဘောင်ထဲမှာပဲ နေပါ။ သွားလာလှုပ်ရှားပါ။ ဒါပဲပြောတယ်။ အဲ့ဒါကြောင့် ယနေ့ထိ ဒီအချက်အလက်တွေက ဘာမှ အကောင်အထည်ဖော်လို့ မရဘူးလေ အဲ့ဒီတစ်ခု။ နောက်လူမှုရေးကိစ္စမှာလည်း ခုနက ကျနော်ပြောသလိုပဲ အစစအရာရာ သူတို့ရဲ့ ထိန်းချုပ်မှုအောက်မှာ နေတဲ့အခါကျတော့ ကျနော်တို့က လုပ်ချင်သလောက် လုပ်လို့ မရဘူး။ အခုထိ မကြာသေးခင်တုန်းက ကျနော်တို့ ကျေးရွာ ကျန်းမာရေးတွေဘာတွေ ကျနော်တို့ အကြီးကြီး လုပ်နေတာပဲလေ။ ဒါပေမယ့် အခု အာဏာပြန်သိမ်းလိုက်တဲ့အခါကျတော့ အဲ့ဒီဟာလည်း ကျနော်တို့ ဖျက်သိမ်းရတာပဲလေ။

မေး ။ ။ ဟုတ်ကဲ့။ ပြီးခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က တဖန် အာဏာပြန်သိမ်းလိုက်တယ်ပေါ့နော။ လက်ရှိအချိန်ထိဆိုရင် တစ်နှစ်ကျော်သွားပြီပေါ့။ ဆိုတော့ ဒီတစ်နှစ်ကျော်အတွင်းမှာကရော အာဏာသိမ်းလိုက်တဲ့ စစ်တပ်ကနေပြီးတော့ KNPP ကို တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းတာမျိုးတွေ ရှိလား။ ဘယ်နကြိမ်လဲ။ KNPP ဖက်က ဘယ်လိုတုံ့ပြန်မှုတွေ ပြုခဲ့ပါသလဲ။

ဖြေ ။ ။ ဒီစစ်အုပ်စုကနေပြီးတော့ ကျနော်တို့ တိုင်းရင်းသားတွေကို KNPP အပါအဝင်ပေါ့နော။ ဖိတ်ခေါ်တဲ့နေရာမှာ ၁၉၉၄ မှာကတည်းက သူတို့ဖိတ်ခေါ်ခဲ့တယ်။ ခင်ဗျားတို့ တပ်မတော်နဲ့ ပြန်လာပြီးတော့ ပူးပေါင်းပါ။ တိုင်းပြည်ထူထောင်ဖို့အတွက်ဆိုပြီးတော့ ဖိတ်ခေါ်တယ်။ အဲ့ဒီ ခင်ညွန့်ခေတ်ပေါ့နော။ အဲ့ဒါနဲ့ ကျနော်တို့ KNPP ကတော့ ၉၅ မှာ သူတို့နဲ့ ပြန်ပြီးတော့ ငြိမ်းချမ်းရေးစကား စပြောကြတယ်။

ဒါပေမယ့် အဲ့ဒီခေါ်ပြီးတာနဲ့ ချက်ချင်းဝင်သွားတဲ့ တိုင်းရင်းသားတွေက စစ်တပ်က ကျင်းပတဲ့ ညောင်နှစ်ပင် အမျိုးသားညီလာခံမှာ သူတို့တက်တယ်။ ခင်ဗျားတို့ တိုင်းရင်းသားတွေ ပြောချင်တဲ့အရာတွေ အားလုံးပြော၊ ခင်ဗျားတို့ တင်ပြချင်တဲ့အရာတွေ အားလုံးတင်ပြဆိုပြီးတော့ သူတို့ကမ်းလှမ်းတာရှိတယ်။ ဒါပေမယ့် တိုင်းရင်းသားတွေ တင်ပြတယ်၊ ဆွေးနွေးတယ်။ တခုမှ အရေးမယူပဲနဲ့၊ မှတ်တမ်းမတင်၊ သမိုင်းမဝင်ပဲနဲ့ ခေါက်ထားပြီးတော့ နောက်ဆုံးကျတော့ အဲ့ဒီညောင်နှစ်ပင် အမျိုးသားညီလာခံ ဘာဖြစ်သွားလဲဆိုတော့ တက်သွားတဲ့ တိုင်းရင်းသားတွေက စစ်တပ်ရဲ့ ၂၀၀၈ ဥပဒေကို သွားပြီးတော့ အတည်ပြုပေးတာနဲ့ အတူတူပဲလေ။ ဒါကြောင့် ဘာမှ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု ဖြစ်ဖို့က အလားအလာ မရှိဘူး။ သူတို့ရဲ့ စိတ်၊ သူတို့ရဲ့ ရည်ရွယ်ချက်အတိုင်း သူတို့လုပ်သွားတာပဲ ရှိတယ်လေ။

အခုလည်း ဒီလိုပဲ။ အခုလည်း အာဏာသိမ်းပြီးတဲ့နောက် တခါတည်း ဒီစစ်တပ်ကနေပြီးတော့ သဘောထားပျော့ပျောင်းသလိုလို သူများမကြိုက်တဲ့ လူတွေအားလုံးကို သူတို့ကောင်စီထဲမှာထည့် ၊ သူတို့မကြိုက်တဲ့ ပါတီတွေအားလုံးကို သူတို့အောက်မှာထည့် ဆိုတော့ တကယ့်ပျော့ပျောင်းတဲ့ တကယ့်သဘောထားကြီးတယ်ဆိုတဲ့ ပုံစံမျိုး ဖြစ်လာတယ်။ အဲ့လိုဖြစ်လာတယ်။

ဒါပေမယ့် တကယ်တမ်းကျတော့ သူတို့ရဲ့ ရပ်တည်ချက်က လုံးဝအပြင်မရောက်သွားအောင် သူတို့က နိုင်ငံတကာဖြစ်ဖြစ်၊ ဗမာပြည်မှာဖြစ်ဖြစ် သူတို့ရဲ့ သဘောထားကောင်းကြောင်း၊ သဘောထားကြီးကြောင်းကို သူတို့က အကောင်အထည်ဖော်ချင်တဲ့ သဘောမျိုး ဖြစ်ပါတယ်။ နောက်ပြီးတော့ လူတွေကို ဖိတ်ကြားတဲ့အချိန်မှာပေါ့နော။ KNPP ကိုဖိတ်ကြားတဲ့အချိန်မှာဆိုရင် ၂၁ ရာစု ပင်လုံညီလာခံမှာ တက်စေတာက ဘာလဲဆိုရင် ကဲ…သူတို့ပြောတဲ့ ရေးတဲ့ လူနာမည်ကလွဲရင် ဘယ်သူမှမတက်ရ။ ကြည့်နော….အဲ့လိုဖိတ်ကြားချင်တယ်ဆိုရင် ဘယ်သူပဲ ပို့ပို့ပေ့ါ လက်ခံရမယ်လေ။ အခုက မလက်ခံပဲနဲ့ ဥက္ကဌ၊ ဒုဥက္ကဌ ပဲ တက်ရမယ်။ ဘယ်သူမှ မတက်ရဘူးဆိုတဲ့ဟာမျိုးတွေပေါ့နော။ အဲ့ဒါတစ်ခု။ နောက်ပြီးတော့ တက်ပြန်တော့လည်း ကျနော်တို့က တက်ရောက်ပြီး နားထောင်ရုံပဲ။ ဘာအဓိပ္ပါယ်ရှိမလဲနော။ အဲ့ဒါကြောင့် ကျနော်တို့ ကရင်နီကတော့ လုံးဝ သူတို့ရဲ့ ဖိတ်ကြားချက်ကတော့ သွားရောက် တွေ့ဆုံဖို့၊ ဆွေးနွေးဖို့ကလည်း မလိုဘူးလို့ အဲ့လို သဘောထားချမှတ်လိုက်တယ် ဒီကနေ့အထိပဲ။ ကျနော်တို့ တခါမှ မတက်ဘူး။

ရုပ်သံဖြင့်ကြည့်ရန်

မေး ။ ။ ဟုတ်ကဲ့။ ဆိုတော့ ၂၀၂၁ ဒီအာဏာသိမ်းလိုက်တဲ့အချိန်မှာ စစ်ကောင်စီကို တော်လှန်နေကြတာက တော်လှန်ရေးအင်အားစု၊ အဖွဲ့အစည်း သီးသန့်မဟုတ်တော့ပဲ လူထုတွေပါ ပါဝင်လာတယ်ပေါ့နော။ ဒီလိုပါဝင်လာတဲ့အခါမှာ ၂၀၂၁ နွေဦးတော်လှန်ရေးလို့ အများက ခေါ်ကြတဲ့ ဒီတော်လှန်ရေးမှာပဲ တော်လှန်ရေးအင်အားစုတွေ၊ လက်နက်ကိုင်အင်အားစုတွေ အများကြီး ပေါ်ပေါက်လာတယ်။ ဒီအင်အားစုတွေကလည်း ကွဲပြားနေကြတာမျိုးတွေ ရှိတယ်ပေါ့။ ဒီကရင်နီပြည်နယ်အတွင်းမှာတင် အများကြီး ကွဲပြားနေကြတာတွေ ရှိတယ်။ ဆိုတော့ တော်လှန်အင်အားစု အဖွဲ့အစည်းတစ်ခုအနေနဲ့ ဝါအရင့်ဆုံးလို့ ပြောလို့ရမယ့် KNPP အနေနဲ့ကော ဒီလက်ရှိတော်လှန်ရေးမှာ ပေါ်ပေါက်လာတဲ့ တော်လှန်ရေး အင်အားစုတွေကို ဘယ်လိုပုံစံမျိုးနဲ့ စုစည်းနိုင်မလဲပေါ့နော။

ဖြေ ။ ။ တချိန်ကတော့ ကျနော်တို့ နယ်ဖက်မှာဆိုရင် KNPP က ကရင်နီရဲ့ သမိုင်းကြောင်းပေါ်မှာ ရပ်တည်ပြီးတော့ တိုက်ပွဲဝင်သွားတာပဲလေ။ ဒါပေမယ့် ဒီနှစ်ပေါင်း ၇၀ ကြားမှာကတော့ လူမျိုးစုအရပေါ့နော။ တဖွဲ့နဲ့တဖွဲ့ သူ့ပါတီကို သူထောင်ကြတယ်ပေါ့နော။ ထောင်ပြီးတော့ ရန်သူကို တိုက်ပွဲဝင်ခဲ့တယ်။ အဲ့ဒါကြောင့် ကျနော့်အနေနဲ့ဆိုရင် KNPP ရဲ့ အဖွဲ့ဝင်ဖြစ်တယ်။ KNPP ရဲ့ ဦးဆောင်မှုအောက်မှာ ကျနော်တို့ ပါဝင်တယ်။ ပါဝင်တဲ့အချိန်မှာဆိုရင် ဗမာလို့ပဲပြောမယ်နော့…ဗမာစစ်အုပ်စုနဲ့ တိုက်တာ နှစ်ဖွဲ့ပဲ ရှိတယ်လေ။ KNPP နဲ့ စစ်တပ်နဲ့ပဲ တိုက်ကြတာဖြစ်တယ်။ KNPP ကတော့ တိုက်တာကတော့ ပြည်သူတစ်ရပ်လုံးရဲ့ ကိုယ်စားပြုပေါ့နော။ ပြည်သူကောင်းစားရေးအတွက် ကိုယ်စားပြုတိုက်တာ ဖြစ်တယ်။

ဒါပေမယ့် အဲ့လိုတိုက်တဲ့အချိန်မှာ အခုဆိုရင် အခြေအနေက ပြည်သူတစ်ရပ်လုံးက ကိုယ်တိုင်ထပြီးတော့ လက်နက်ကိုင်တယ်၊ ကိုယ်တိုင်ထပြီးတော့ တိုက်ပွဲဝင်တယ်ဆိုတော့ ဒါကျနော်တို့ရဲ့ အခွင့်ကောင်းတစ်ခုပဲ။ နိုင်ငံရေးကို အပြောင်းအလဲလုပ်ချင်တယ်ဆိုရင် ဒီအချိန်၊ ဒီကာလမှာ အခွင့်ကောင်းဖြစ်တယ် ကျနော်တို့အတွက်။ ဒါပေမယ့်လို့ ကျနော်တို့ လက်နက်ကိုင်အဖွဲ့အစည်းတွေက မစုစည်းဘူး၊ မပူးပေါင်းဘူးဆိုရင်တော့ ပြည်သူကို လျစ်လျူရှုတာနဲ့ အတူတူပဲလေ။ သူတို့မှာ မခံနိုင်တဲ့အတွက် ထပြီးတော်လှန်တာ ကျနော်တို့ကတော့ ပြည်သူတစ်ရပ်လုံး အဲ့လိုဖြစ်နေတဲ့အချိန်မှာ ကျနော်တို့ ရည်မှန်းချက်ပန်းတိုင်ရောက်အောင် အနည်းဆုံးတော့ ကျနော်တို့ သီးခြားလွတ်လပ်တဲ့ ကရင်နီပြည် မရသည့်တိုင်အောင်လည်း အခုပေါ်ပေါက်လာတဲ့ ခေတ်သစ်လို့ဆိုရမှာပေါ့။

ဗမာပြည်ထောင်စုထဲမှာ ကျနော်တို့ ပြည်နယ်တစ်ခုအနေနဲ့ ပါဝင်ဖို့အတွက်က ကျနော်တို့ တိုက်ပွဲဝင်တာ အကောင်းဆုံးပဲလေ။ ဒါပေမယ့် ကိုယ့်ပါတီအရေးပဲ ဆက်လုပ်သွားမယ်။ သူ့ပါတီအရေးပဲ သူဆက်လုပ်သွားမယ်ဆိုရင်တော့ ဒီ နအဖ ကို တိုက်ပွဲဝင်ဖို့တော့ မလွယ်ဘူးလေ။ ကျနော်တို့ ညီအစ်ကိုတွေအားလုံး ညီအစ်ကိုဆိုတာက ကျနော်တို့ ကရင်နီပြည်မှာရှိတဲ့ လက်နက်ကိုင်ခဲ့တဲ့ အဖွဲ့အစည်းတွေအားလုံးက ဒီအချိန်အခါမှာ ကျနော်တို့ လုပ်လို့ရှိရင် ကျနော်တို့ ကရင်နီပြည်အရေးပဲ ကျနော်တို့ လုပ်သွားဖို့လိုတယ်။ ကိုယ့်အဖွဲ့အစည်းအရေး၊ ကိုယ့်ပါတီအရေး ဥပမာ ရှင်းရှင်းပြောတာပေါ့ဗျာ…အခုလုပ်နေတာ NLD အရေးမဟုတ်ဘူးလေ။ အဲ့ဒီအရေး မဟုတ်ဘူးလေ။ ပြည်သူတစ်ရပ်လုံးရဲ့ အရေးဖြစ်တယ်။ ထိုနည်းတူ တခြားပြည်နယ်မှာလည်း ဒီအတိုင်းပဲ။ ချင်းဆိုလည်း ချင်းပြည်နယ်အရေး ဖြစ်ရမယ်။ ရှမ်းလည်း ရှမ်းပြည်နယ်အရေး ဖြစ်ရမယ်။ ဒါ သူ့ရဲ့ အဖွဲ့အစည်းအတွက် လုပ်တာထက် စုပေါင်းပြီး လုပ်မယ်ဆိုရင် ကျနော်တို့ လိုချင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို ကျနော်တို့ ရောက်ရှိနိုင်မှာ ဖြစ်တယ်။ ဒါကတော့ ကျနော့်ရဲ့ အမြင်ပေါ့နော။

မေး ။ ။ KNPP အနေနဲ့ကလည်း တော်လှန်ရေးလုပ်လာတာ နှစ်ပေါင်းတော်တော်ကြာပြီပေါ့နော။ ဆိုတော့ ဒီတော်လှန်ရေးက ဘာလို့ ဒီလောက်ထိ ကြာခဲ့ရတာလဲပေါ့နော။ ဒီ ၂၀၂၁ အာဏာသိမ်းမှုမှာ လူထုတွေ ကိုယ်တိုင်ပါဝင်လာတဲ့ ဒီတော်လှန်ရေးကရော ဘယ်လောက်ထိ ကြာနိုင်မလဲ။ KNPP လုပ်လာခဲ့တဲ့ နှစ်ပေါင်း ၇၀ ကျော် ရှိလာတဲ့ တော်လှန်ရေးကို ဘယ်လို သင်ခန်းစာ ယူလို့ ရနိုင်မလဲပေါ့။

ဖြေ ။ ။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျနော့်ရဲ့အမြင်ဆိုရင် တချိန်ကဆို တိုက်ပွဲတွေကို ရန်သူ့တပ်စခန်းတွေကို ဝင်တိုက်တယ်ပေါ့။ ဥပမာ ယာဒိုတပ်စခန်းဝင်တိုက်တယ်တို့ပေါ့။ နှစ်ခြမ်းမကွဲခင်မှာ ဝင်တိုက်တယ်ပေါ့။ ဒီလိုသာ အခြေအနေမပေးရင် ကျနော်တို့က ၈၀ ခုနှစ်မှာ တမျိုးမျိုးပြောင်းလဲလာမယ်လို့ ကျနော်ကတော့ တွက်ဆထားတယ်။ ဒါပေမယ့်လို့ လုပ်ရင်းလုပ်ရင်း ကျနော်တို့က ၇၈ မှာ နှစ်ဖွဲ့ကွဲသွားတယ်။ ကွဲသွားတယ်ဆိုတဲ့နေရာမှာက တချို့က ပြောတာပေါ့လေ။ KNPP က ဖက်ဒရယ်ကို လက်မခံလို့ KNPP က ပြည်ထောင်စုကို လက်မခံလို့ ဆိုပြီးတော့ အဲ့လိုမျိုးပြောကြတာပဲလေ။ ကြားပါတယ်။

ဒါပေမယ့် အဲ့ဒီအချိန်မှာဆိုရင် ဘာဖြစ်လို့ ကွဲကြလဲဆိုရင်တော့ တချို့သော ကျနော်တို့ အဖွဲ့အစည်းတွေက ဗမာပြည် ကွန်မြူနစ်ပါတီ ဦးဆောင်မှု ခံယူမှသာလျှင် အောင်ပွဲခံမယ်လို့ ပြောတယ်။ KNPP နဲ့ဆိုရင်တော့ အောင်ပွဲမခံနိုင်ဘူး အဲ့လိုပြောကြတယ်လေ။ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ဦးဆောင်မှုအတိုင်းသာ လက်ခံနိုင်တယ်ဆိုပြီးတော့ နိုင်ငံရေးအရပေါ့။ ဒီကွန်မြူနစ်လမ်းစဉ်ကို သူတို့က လက်ခံပြီးတော့ သူတို့က အဲ့မှာပါဝင်တယ်။ ကျနော်တို့ နှစ်ခြမ်းကွဲသွားတယ်။ အဲ့လိုကွဲတဲ့အတွက်ကြောင့်က ကျနော်တို့က စုစည်းမှု မရှိတော့ ကျနော်တို့က ရန်သူပဲ တိုက်ရမလား အချင်းချင်းပဲ တိုက်ရမလားပေါ့နော။ အဲ့လိုတွေဖြစ်ကုန်တော့ ကြန့်ကြာကုန်တာတစ်ခု။

နောက်တစ်ခုက ကျနော်တို့မှာ လက်နက်ခဲယမ်း မီးကျောက် ဘဏ္ဍရေးနဲ့ ဆက်စပ်ပြီး အားနည်းတယ်။ ရန်သူက သူ့စက်ရုံရှိတယ်။ ပြည်ပနိုင်ငံကလည်း သူ့ကို ကူညီတယ်။ နောက်ပြီး ပြည်ပနိုင်ငံတွေမှာလည်း ဝယ်လို့ရတယ်။ လက်နက်ခဲယမ်း မီးကျောက်တွေပေါ့နော အဲ့လိုအဆမတန် ကွာဟတဲ့အခါကျတော့ ကျနော်တို့ တော်တော်လေး အားနည်းနေရတယ် ဒီလိုမျိုးဖြစ်နေတယ်။ ဒါပေမယ့် အခုကတော့ ကျနော်တို့ ယုံကြည်တာက ပြည်သူတစ်ရပ်လုံးက ပါဝင်လာပြီးတော့ ကျနော်တို့နဲ့ လက်တွဲပြီး တိုက်ပွဲဝင်တဲ့အတွက်ကြောင့် အနှေးနဲ့အမြန်ပေါ့လေ သိပ်ကြာမှာမဟုတ်ဘူးလို့ ကျနော်ယူဆတယ်။

ဘာဖြစ်လို့လဲဆိုရင် တချိန်က ကျနော်တို့ရဲ့ တော်လှန်ရေးကို ကမ္ဘာက ဘာမှအမြွက် ပြောသံဆိုသံ မကြားဘူးလေ။ ဒါပေမယ့် ဒီတော်လှန်ရေးမှာ လူထုတစ်ရပ်လုံးက ထကြွတဲ့ ဒီတော်လှန်ရေးမှာ နိုင်ငံတကာလည်း သိလာတယ်ပေါ့နော။ မြင်လာတယ်။ နောက်ပြီးတော့မှ ကျနော်တို့ကို ကူညီမှုလည်း သူတို့မှာ ဆန္ဒရှိလာတယ်ဆိုတာကို ကြားရမှာပါ။ နေ့စဉ်နဲ့အမျှပဲ။ အဲ့ဒါကြောင့် ကျနော်တို့ သူများကျနော်တို့ကို အားကိုးနိုင်အောင် ကျနော်တို့ကို ယုံကြည်နိုင်အောင် စုစည်းမှုကို ပြရမယ်။

ကျနော်တို့ အခု NUG က သူ့ရဲ့ ဖွဲ့စည်းပုံ သူ့ရဲ့လုပ်ဆောင်မှုတွေ အားလုံးက ဖက်ဒရယ်ပုံစံနဲ့ သူသွားဖို့လိုတယ်။ ဥပမာ ကရင်နီပြည် ၊ ချင်းပြည် ပြည်နယ်အလိုက်ပြောပေါ့နော။ အဲ့လိုမျိုး အဲ့ပြည်နယ်ကနေတဆင့် လုပ်သွားမယ်ဆိုရင်တော့ ပိုမှန်မယ်လေ။ ဥပမာ ပါတီတစ်ဖွဲ့၊ အဖွဲ့အစည်းတစ်ခု ဒီတိုင်းလုပ်မှာထက် ပြည်ထောင်စုပုံစံနဲ့ ပြည်နယ်တွေကို တိုက်ရိုက်ဆက်သွယ်၊ နောက်ပြီး ကျနော်တို့ ပြည်နယ်မှာလည်း ပြည်နယ်အစိုးရ၊ ဥပမာ ကရင်နီပြည်နယ်အစိုးရ၊ ချင်းပြည်နယ်အစိုးရ ဆိုပြီးတော့ အဲ့ဒီလို ကျနော်တို့ကို တိုက်ရိုက် ပြည်နယ်နဲ့သွား အဲ့လိုဆို ပိုမြန်တယ်။

နောက်ပြီးတော့ ကျနော်တို့ ပြည်နယ်အသီးသီးမှာလည်း ပြည်နယ်အစိုးရဆိုပြီးတော့ ကိုယ့်ဘာကိုထောင်ပြီးတော့ ခိုင်ခိုင်မာမာ ရှိဖို့လိုတယ်။ ကျနော်တို့ ဒီလက်နက်ကိုင်နဲ့ တိုင်းရင်းသားတွေ တစ်ပြည်နယ်၊ တစ်ပြည်နယ်အတွင်းမှာရှိတဲ့ တိုင်းရင်းသားတွေအားလုံးဟာ ပြည်နယ်ပုံစံနဲ့ စုစည်းပြီးတော့ အထက်ကနေပြီးတော့ ပြည်နယ်ကို တိုက်ရိုက်သွား။ PDF လို့ခေါ်တဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေလည်းပဲ ကရင်နီတပ်ဖွဲ့၊ ချင်းပြည်တပ်ဖွဲ့ စသဖြင့်ပေါ့နော အဲ့လိုဆိုရင်တော့ လွယ်တယ်။

နောက်ပြီးတော့ အဲ့ဒီ NUG အစိုးရကလည်း အဲ့ဒီပုံစံပဲ။ သဘောက ချုံပြီးပြောမယ်ဆိုရင် PDF တပ်ဖွဲ့က ပြည်နယ်တစ်ခုရဲ့ အောက်မှာ ရှိရမယ်။ ဘယ်နဖွဲ့ပဲ ရှိရှိ အဲ့ဒီအောက်မှာ ရှိရမယ်။ အဲ့ဒါဆိုရင်တော့ မကြာဘူး။ နောက်ပြီးအခုဆို ကမ္ဘာကလည်း နအဖ စစ်တပ်ကို အမျိုးမျိုးပြောဆိုနေတဲ့အချိန်မှာ နအဖရဲ့ အားနည်းချက်က အခုဆို ဘယ်လောက်ရှိလာလဲဆိုတာကို သိနေရတယ်။ သူတို့ရဲ့ အပြောအဆိုရ ကျနော်တို့ကို တခါတည်း တွေ့ချင်တယ်၊ ဆွေးနွေးချင်တယ်ဆိုကတည်းကိုက သူတို့မှာ သိပ်မခိုင်မာတော့ဘူးဖြစ်တယ်လေ။ စုစည်းမှုအားကနေပြီးတော့ ကျနော်တို့ သွားမယ်ဆိုရင် ပြည်သူလည်း အားတက်လာလိမ့်မယ်။ ဒါဆိုတော့ အောင်ပွဲက အမြန်ဆုံးပဲ။

မေး ။ ။ ဒီတော်လှန်ရေးမှာ စွန့်လွတ်အနစ်နာခံဆုံးက ပြည်သူလူထုလို့ ပြောလို့ရမှာပေါ့နော။ ဆိုတော့ သူတို့ရဲ့ စွန့်လွတ်အနစ်နာခံမှုနဲ့ ထိုက်တန်တဲ့ အာမခံချက်မျိုးအနေနဲ့ရော ဒီတော်လှန်ရေး အင်အားစု အဖွဲ့အစည်းတစ်ခုအနေနဲ့ ဝါအရင့်ဆုံးလို့ ပြောလို့ရမဲ့ KNPP အနေနဲ့ကော ဘယ်လိုအာမခံချက်မျိုးကို ပေးနိုင်မလဲပေါ့နော။

ဖြေ ။ ။ “အာမခံချက် ဘယ်လိုပေးနိုင်မလဲဆိုတာ ကျနော်တို့က ခုနကပြောတဲ့ အောင်ပွဲမြန်မြန်ရရှိဖို့ပဲ ကျနော်တို့လုပ်မယ်။ ပြည်သူနဲ့တွဲမယ်။ တခြားတိုင်းရင်းသားတွေနဲ့ တွဲမယ်။ ပြီးတော့ အခုဖွဲ့စည်းခဲ့တဲ့ NUG ရဲ့ မှန်ကန်တဲ့ ညွန်ကြားမှုအောက်မှာ ကျနော်တို့ သွားမယ်ဆိုရင်တော့ ပြည်သူပြည်သားတွေအနေနဲ့ မကြာပါဘူး လွတ်လပ်မယ်လို့ ယုံကြည်ပါတယ်။”

မေး ။ ။ ဆရာကြီးအနေနဲ့က ဒီတော်လှန်ရေးက လုံးဝအောင်မြင်မယ်လို့ တစ်ထစ်ချ ယုံကြည်ပါသလား။

ဖြေ ။ ။ “တော်လှန်ရေးလုပ်တာ မအောင်တာ တစ်ခုမှ မရှိဘူးလေ။ ဥပမာ တခြားနိုင်ငံကြည့်ပေါ့။ လုပ်ကြတယ်။ ဥပမာ ဗီယမ်နမ်လည်း အောင်တာပဲ။ ဒါကြောင့် ကျနော်တို့ ဗမာပြည်လို့ပဲ ပြောပြော၊ ကရင်နီပြည်ရဲ့ တော်လှန်ရေးကတော့ အောင်ကိုအောင်မှာပါ။”

မေး ။ ။ အခုလက်ရှိမှာ ကရင်နီလူထုတွေ အားလုံးနီးပါးက စစ်ဘေးရှောင်တွေ ဖြစ်ကုန်ကြပြီ။ ဆိုတော့ ဒီ ၆၅ နှစ်ပြည့်တဲ့ KNPP ထူထောင်ခြင်း နေ့မှာ ကရင်နီလူထုတွေကို ဘာတွေများ အမှာစကားပြောကြားချင်ပါသလဲ။

ဖြေ ။ ။ ကိုယ့်အရေးအောင်မြင်ဖို့ ကိုယ်နိုင်ဖို့ဆိုရင်တော့ အားလုံးက အနစ်နာခံကြရမှာပဲလေနော။ ဒါကြောင့် ပြည်သူတစ်ရပ်လုံးကလည်းပဲ တော်လှန်ရေးလုပ်ဆောင်နေတာ ဖြစ်တဲ့အတွက်ကြောင့် ကိုယ့်ဘဝနစ်နာမှုကိုတော့ သည်းခံပြီးတော့ လုပ်သွားဖို့ လိုတယ်လေ။ အဲ့ဒါကြောင့် လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေမှ မဟုတ်ဘူးလေ။ ပြည်သူတစ်ရပ်လုံးလည်း လက်နက်ကိုင်တော်လှန်ရေမှာ ပါဝင်လာတာဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ရဲ့ ရည်မှန်းချက် မရောက်မချင်းပေါ့နော ကျနော်တို့ သည်းခံပြီးတော့ နေကြဖို့ လိုတယ်လို့ပဲ ကျနော်ပြောချင်ပါတယ်။

မေး ။ ။ ထပ်မံဖြည့်စွက်လိုတာများ ရှိပါသလားရှင့်။
ဖြေ ။ ။ ဒီစစ်အုပ်စုပေါ့နော။ ဗမာလို့ ပြောရင်လည်း လက်ခံချင်မှ လက်ခံမှာပေါ့။ ဒါပေမယ့် ကျနော်တို့ တိုင်းရင်းသားတွေရဲ့ အမြင်အရတော့ အားလုံးဟာ ဗမာပဲလေ။ တကယ်တမ်းဆို ကျနော်တို့ တိုင်းရင်းသားတွေအားလုံးဟာ နိုင်ငံရေးနဲ့ ပတ်သက်လာရင် ဗမာနိုင်ငံရေးအုပ်စုတွေရဲ့ ဦးဆောင်မှုကို ကျနော်တို့ လက်ခံပြီးသားပါ။ လက်ခံပေမယ့်လို့ သူတို့ရဲ့ ဦးဆောင်မှုက ကလိမ်ကမာ ဖြစ်လို့ ပဲ တိုင်းရင်းသားတွေနဲ့ ပဠိပက္ခက ယနေ့အထိ ဖြစ်ခဲ့တယ်။

အခုလိုမျိုးပဲ ခင်ညွန့်ခေတ်တုန်းကလည်း သူကမ်းလှမ်းတယ်။ ကမ်းလှမ်းတို့ ကျနော်တို့ တိုင်းရင်းသားတွေ သူတို့နဲ့ ငြိမ်းချမ်းရေး ပြန်လုပ်တယ်။ သူတို့က ပြောတဲ့အတိုင်း ကမ်းလှမ်းတဲ့အတိုင်း မလုပ်ပဲနဲ့ သူတို့ရဲ့ ကြီးစိုးမှုအတိုင်းသာ ထုတ်ပြန်တဲ့အတွက်ကြောင့် အဲ့ဒါနဲ့ပဲ ပြန်ပြီးတော့ ပဋိပက္ခပြန်ဖြစ်တယ်ပေါ့နော။ အခုလည်းပဲ တခါ မင်းအောင်လှိုင်ကိုယ်တိုင်ကိုက ထပ်ကမ်းလှမ်းတယ်ပေါ့နော။ ကမ်းလှမ်းပေမယ့်လို့ အချက်အလက်၊ အခိုင်အမာ ကျနော်တို့ ယုံကြည်လက်ခံနိုင်တဲ့ ဥပမာ တိုင်းပြည်ကို ကျနော်တို့ ဘယ်လိုတည်ထောင်မလဲ စသဖြင့်ပေါ့။

အခုက တိုင်းပြည်ကို ငါတို့က ဖက်ဒရယ်နဲ့ ဒီမိုကရေစီစနစ်ကို အခြေခံထားတာပဲဆိုပြီးတော့ ၂၀၀၈ ဥပဒေအရပဲ ပြောတဲ့အခါကျတော့ ဘာမှ အဓိပ္ပါယ်မရှိဘူးလေ။ အဲ့လိုမဟုတ်ပဲ လာ..ကျနော်တို့ ဒီလိုဒီလို လုပ်ရအောင်ဆိုရင်တော့ အနှေးနဲ့အမြန်ပဲ ကျနော်တို့ အောင်ပွဲခံပြီး ငြိမ်းချမ်းရေး ရမှာပေါ့နော။ အခုလိုပဲ မလိမ့်တပတ် လုပ်တဲ့အခါကျတော့ တလဲလဲ ရှည်မှာပဲ တိုက်ပွဲကတော့။ အဓိကက သူတို့ရဲ့ ဦးဆောင်မှုကို တိုင်းရင်းသားက ခံယူပြီးသား။ အခုကြည့် တိုင်းရင်းသားတွေ ခံယူလည်းပဲ NCA ထိုးကြတယ်။ အခုလည်း လုပ်တုန်းပဲ ပြည်သူက လုံးဝကြည့်မရဘူး အဲ့ဒီ NCA ကို။ NCA ထိုးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေက လိုက်လုပ်တုန်းပဲ။ လိုချင်တုန်းပဲ။ တမ်းတတုန်းပဲ။ ဒါပေမယ့် သူတို့ဖက်ကနေပြီးတော့ စိတ်ထားမှန်ရဲ့လား။ စိတ်ထားကောင်းရဲ့လား။ မလိမ့်တပတ် လုပ်ဦးမလား ဆိုတဲ့ဟာတွေက မရှိမဖြစ်လေ။

NCA ဆိုကတည်းက လက်နက်ကိုင် တိုင်းရင်းသားအများစုသည် မိမိရဲ့ အမျိုးသားနိုင်ငံရေးလမ်းစဉ်နဲ့ လက်နက်ကိုင် လမ်းစဉ်ကို စွန့်လွတ်ပြီး တရားဥပဒေဝင် ၊ ထာဝရ ငြိမ်းချမ်းရေးယူဖို့ ဆိုပြီး ပြောလာကတည်းက NCA ဆိုတာ ဘာလဲ။ NCA ဆိုတာ လက်နက်ကိုင် တိုင်းရင်းသား တရားဥပဒေဘောင်ထဲ ပြန်ဝင်ရုံပဲ။ သူတို့ရဲ့ ၂၀၀၈ ဥပဒေအောက်သွားဖို့။ ၂၀၀၈ ဥပဒေကို မင်းအောင်လှိုင်က ဖျက်တယ်လို့ သူမပြောဘူး။ အဲ့ဒီမှာပဲ ဆက်သွားမယ်ဆို တလဲလဲပဲ။ အခွင့်အရေးတော့ တစ်ခုပေးမယ်။ ဒါပေမယ့် အဲ့ဒီအပေါ်မှာ စစ်တပ်က နိုင်ငံရေးကို ဦးဆောင်ရမယ်ဆိုရင် အဲ့ဒါ သွားပြီ။ အချုပ်အခြာက စစ်တပ်မှာပဲ ရှိရမယ်ဆိုကတည်းကတော့ ကျနော်တို့ ဘာမှ ပြုပြင်ပြောင်းလဲလို့ မရဘူးလေ။ ပြည်သူလည်း ဒီလိုပဲ ခံရမှာပဲ။ ဒါကြောင့် လုပ်မှလုပ်ရင် မှန်မှန်ကန်ကန်လုပ်၊ ဖြောင့်ဖြောင့်မတ်မတ်လုပ်။ မလိမ့်တပတ် မလုပ်နဲ့။ ငြိမ်းချမ်းရေးလိုချင်ရင် ဒါပဲ ပြောချင်တယ်။

မေး ။ ။ ခုနက ဆရာကြီးပြောသွားတဲ့ စကားအပေါ်မှာ နည်းနည်းထပ်ပြီး ဖြည့်မေးချင်တယ်ပေါနော။ ဆရာကြီးရဲ့ အသုံးအနှုန်းထဲမှာဆိုရင် ဗမာစစ်အုပ်စုလို့ ဆရာကြီးသုံးသွားတာမျိုးတွေရှိတယ်ပေါ့နော။ အရင်တုန်းကဆိုရင်တော့ စစ်အုပ်စုကို တိုင်းရင်းသားတွေက ဗမာလို့ပဲ မြင်ကြတယ်ပေါ့နော။ အခုလက်ရှိ ၂၀၂၁ စစ်တပ်က ထပ်မံ အာဏာသိမ်းလိုက်တဲ့အချိန်မှာ ဗမာတိုင်းရင်းသားတွေ ကိုယ်တိုင်က ဒီတော်လှန်ရေးမှာ ထဲထဲဝင်ဝင် ပါဝင်လာတာမျိုးတွေ ရှိတယ်ပေါ့နော။ ဒီလိုမျိုး သူတို့ကိုယ်တိုင် ပါဝင်တဲ့အတွက်ကော ဒီတော်လှန်ရေးကို ဘယ်လောက်ထိ အထောက်အကူပြုမယ်လို့ ဆရာကြီးမြင်ပါသလဲ။ ဆရာကြီးရဲ့အမြင်လေး ပြောစေချင်ပါတယ်ရှင့်။

ဖြေ ။ ။ အထောက်အကူပြတာပေါ့။ ဘာဖြစ်လို့လဲဆိုရင် ဟိုတုန်းကဆိုရင် တိုင်းရင်းသားနဲ့ စစ်အုပ်စုနဲ့ပဲ တိုက်ကြတယ်လေနော။ အခုဟာက ဗမာတပ်သာ ဖြစ်ပေမယ့်လို့ သူတို့က ဗမာပြည်သူလူထုကို မတရား ကျင့်သုံးတဲ့အခါကျတော့ မတရားဖိနှိပ်တဲ့ခါကျတော့ ဗမာပြည်သူတွေ ထကြွပုန်ကန်တယ်ဆိုကတည်းက ကျနော်တို့အတွက် အားပဲလေ။ ဟိုတုန်းကဆိုရင် ရှင်းရှင်းပြောမယ်ဆိုရင် ဗမာပြည်သူတစ်ရပ်လုံးက ကျနော်တို့ တိုင်းရင်းသားတွေကို သူပုန်ပဲမြင်တယ်။ သောင်းကျန်းသူပဲ မြင်ကြတာကိုး။ မူးယဇ်ဆေးဝါးထုတ်လုပ်သူပဲ မြင်ကြတယ်လေ။ အခုက အဲ့လိုမဟုတ်ဘူး။ အဲ့ဒီဗမာစစ်အုပ်စုအပေါ်မှာ သူတို့က ပြောင်းပြန်ဖြစ်နေတယ်။ အကြမ်းဖက်အဖွဲ့၊ မူးယဇ်ဆေးဝါးထုတ်တဲ့အဖွဲ့ စသဖြင့် မြင်လာတဲ့အခါကျတော့ ကျနော်တို့အတွက် အားအရှိဆုံးပဲ။ တချို့တောင်ပြောကြတယ် ပြည်မမှာပေါ့နော သူတို့ရဲ့ PDF တွေကို တောင့်တောင့်တင်းတင်း လုပ်ပေးဖို့ အားပေးဖို့ ဒါမှလည်း ကျနော်တို့ တိုင်းရင်းသားတွေအတွက်က အနည်းနဲ့အများ ပေါ့ပါးလာမှာပေါ့နော။ ကျနော်တို့ ဝိုင်းတိုက်တဲ့အခါကျတော့ ကျနော်တို့အားလုံး လိုချင်တဲ့ ပန်းတိုင်ရောက်မှာ သေချာတယ်။ အဲ့ဒါကြောင့် ကျနော်တို့ သူတို့ကို အားပေးရမယ်။ ထောက်ခံရမယ်။

ကျေးဇူးတင်ပါတယ်။

spot_img
spot_img