spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

နိုင်ငံခြားသားခရီးသည် လည်ပတ်ခွင့်မရှိသော ကယားပြည်နယ်ရှိ မြို့ ၃ မြို့အား ကန့်သတ်မှုမှ ပယ်ဖျက်

Author

Date

Category

စည်သူ

ယခင်က နိုင်ငံခြားသားခရီးသည်များ လည်ပတ်ခွင့်မရှိသော ဘောလခဲ၊ ဖားဆောင်း၊ မယ်စဲ့မြို့တို့ကို ကန့်သတ်နယ်မြေအဖြစ်မှ ပယ်ဖျက်ပေးလိုက်ပြီဖြစ်ကာ အဆိုပါမြို့များသို့ ၂၀၁၈ ဇန်နဝါရီလမှစ၍ ခွင့်ပြုမိန့်တင်စရာမလိုဘဲ သွားရောက်လည်ပတ်နိုင်ပြီဖြစ်သည်။

ထို့ပြင် ဒီးမော့ဆိုမြို့နယ်ရှိ ပန်ပက်ကျေးရွာနှင့် တနီးလာလဲကျေးရွာများတိုု့ကိုလည်း ကန့်သတ်နယ်မြေမှ ပယ်ဖျက်ပေးလိုက်ပြီဖြစ်သည်။

၂၀၁၆ ခုနှစ်က ပြည်နယ်အစိုးရမှာ ဖွင့်လှစ်ခဲ့သော မယ်စဲ့ကုန်သွယ်ရေးစခန်းမှတဆင့် နိုင်ငံခြားသားများဝင်ရောက်နိုင်ရန် ရည်ရွယ်ပြီး အဆိုပါကန့်သတ်နယ်မြေများအား ပယ်ဖျက်လိုက်ခြင်းဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားရေးမှူးဦးစီးဌာန(လွိုင်ကော်ရုံးခွဲ)၏ ပြည်နယ်တာဝန်ခံ ဦးလင်းဇော်ထွဋ်က ပြောသည်။

“ဒီမှာကိုယ်တို့ကတော့ မယ်စဲ့ နယ်စပ်ပေါက်ဖွင့်ဖို့အတွက် ရည်ရွယ်ထားပြီး ကန့်သတ်ပြီးပယ်ဖျက်ထားတဲ့သဘောပဲလေး။ ဟိုအရင်တုန်းကဆို အဲ့ဒီနေရာတွေက ကန့်သတ်နယ်မြေဖြစ်တယ်လေး။ ဘောလခဲ၊ ဖာဆောင်း၊ မယ်စဲ့တို့ဖက် သွားလို့မရဘူးလေး။ အခုလောလောဆယ်မှာ နယ်စပ်ပေါက်မဖွင့်သေးတော့ မရဘူးလေး ပြီးတော့ ဘောလခဲ၊ ဖာဆောင်းတံတားအဲဒီဖက်တွေ ပွန်ချောင်း၊ ထူးချောင်းတို့ဖက်ဆိုရင်လည်း အဲဒီနေရာတွေသွားချင်တယ်ဆိုရင်လဲ သွားလို့ရအောင် ကျွန်တော်တို့ကဖွင့်ပေးတဲ့သဘောပဲ။ ရွာတွေတော့မရဘူး၊ မြို့ပေါ်တွေမှာပဲရတယ်။”ဟု ပြည်နယ်တာဝန်ခံဦးလင်းဇော်ထွဋ်က ပြောသည်။

ယခင်က ကယားပြည်နယ်အတွင်းသို့ လာရောက်လည်ပတ်သည့် ပြည်တွင်းခရီးသွားဧည့်သည် ၂၀၁၆ ခုနှစ်တွင် ၁၆၉၉၄ ဦး ရှိရာက ၂၀၁ရ တွင် ၃၃၄၉၂ အထိတိုးတက်လာခဲ့ပြီး ထက်ဝက်ကျော်အထိ တိုးလာခဲ့ခြင်းဖြစ်သည်။

ယခင်က နိုင်ငံခြားသားခရီးသွားဧည့်သည်များမှ အဆိုပါနေရာများသို့ သွားရောက်လည်ပတ်လိုပါက အစိုးရဌာနသို့ အဆင့်ဆင့်ခွင့်ပြုချက်တောင်းခံရသဖြင့် ကြန့်ကြာမှုများ ဖြစ်ခဲ့သည်။

ယခုလမှစ၍ ကန့်သတ်ချက် အချို့အား ဖြေလျော့ပေးလိုက်ခြင်းကြောင့် အလုပ်လုပ်ရာတွင် ပိုမိုလွယ်ကူလာနိုင်သည်ဟု 9 Generation Force ခရီးသွားလုပ်ငန်းကုမ္ပဏီ ဒါရိုက်တာ ကိုနေမိုးအောင် ပြောသည်။

’’ပိုကောင်းလာမလားဆိုတော့ ပိုကောင်းလာပါတယ် ဘာလို့လည်းဆိုတော့ နောက်တစ်ခုကတော့ ကျွန်တော်တို့ခရီးသွားလုပ်ငန်းမှာ ပန်ပက်တို့၊ တနီးလာလဲတို့ပါ သွားရတာလေး။ အခုက Permission ခွင့်ပြုချက် မလိုတော့ဘူး။”ဟု ကိုနေမိုးအောင်က ပြောသည်။

ဟိုတယ်နှင့် ခရီးသွားညွှန်ကြားရေးမှူးဦးစီးဌာန(လွိုင်ကော်ရုံးခွဲ)၏ စာရင်းအရ ၂၀၁၁ ခုနှစ်တွင် ဟိုတယ် ၅ လုံးသာ ရှိရာက ၂၀၁ရ ခုနှစ်အရောက် ရ နှစ်အတွင်း ကယားပြည်နယ်အတွင်းရှိ ဟိုတယ်များ ၁ရ လုံးအထိရှိလာကာ အခန်းပေါင်း ၃၆၈ ခန်း အထိ တိုးတက်လာခဲ့သည်။

spot_img
spot_img

Recent posts