spot_imgspot_imgspot_imgspot_img
Thursday, April 18, 2024
spot_imgspot_imgspot_imgspot_img

CDM ကျောင်းဆရာနဲ့ ပညာရေးကောလိပ်ပထမနှစ်ကျောင်းသားကို စစ်ကောင်စီက ထောင်ဒဏ်ချမှတ်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

လွိုင်ကော်ပညာရေးကောလိပ်ကျောင်းဆင်း CDM ပြုလုပ်ထားတဲ့ ကျောင်းဆရာ ကိုခူးလယ်ဝါးနဲ့ လွိုင်ကော်ပညာရေးကောလိပ်ပထမနှစ်ကျောင်းသား မောင်စည်သူတို့ကို လွိုင်ကော်မြို့နယ်တရားရုံးမှ မတ်လအတွင်းမှာ ထောင်ဒဏ်အသီးသီးချမှတ်လိုက်ပါတယ်။

လွိုင်ကော်ပညာရေးကောလိပ် DTEdအပတ်စဥ်(၂၁/၁၆)ဆင်း၊ CDM ပြုလုပ်ထားတဲ့ ကျောင်းဆရာ ကိုခူးလယ်ဝါးကို ၂၀၂၁ခုနှစ် စက်တင်ဘာလ ၆ရက်နေ့မှာ စစ်ကောင်စီကဖမ်းဆီးခဲ့ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က) ဖြင့် ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့ပါတယ်။

အကြမ်းဖက်မှုကိုကျူးလွန်သူ၊ ကျူးလွန်ရန် အားထုတ်သူ၊ အားပေး ကူညီသူ၊ လှုံ့ဆော်သူ သို့မဟုတ် ကြံရာပါအဖြစ် ဆောင်ရွက်မှု စတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးပြီးနောက် ၇လအကြာမှာ လွိုင်ကော်မြို့နယ်တရားရုံးက မတ်လ ၁၄ရက်နေ့မှာ အမိန့်ချမှတ်လိုက်တာဖြစ်ပါတယ်။

“ထိုသို့ မတရားအမိန့်နှင့်အတူ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရသူ ကိုခူးလယ်၀ါးမှာ ကျွန်ုပ်တို့ ပညာရေးကောလိပ်ကျောင်းသားသမဂ္ဂများ ကိုယ်စားပြုကော်မတီ(RCofECSUs)စတင်ဖွဲ့စည်း တည်ထောင်ခဲ့စဥ်ကပင် လွိုင်ကော်ပညာရေးကောလိပ်ကျောင်းသားများသမဂ္ဂမှ ကျောင်းသားခေါင်းဆောင်တဦးအဖြစ် ဦးဆောင်ပါဝင်ခဲ့သူတဦးဖြစ်ပြီး ၂၀၂၁ခုနှစ် အာဏာသိမ်းမှူအပြီး နွေဦးတော်လှန်ရေးကာလတွင်လည်း တရားမျှတမှုနှင့်ဖက်ဒရယ်ဒီမိုကရေစီကို လိုလားတောင့်တနေသော အဖိနှိပ်ခံပြည်သူလူထုဖက်မှ ရဲဝံ့စွာရပ်တည်ခဲ့သူ၊ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်များကို ဦးဆောင်ပါဝင်ကာတော်လှန်ခဲ့သော CDMကျောင်းဆရာ တဦးလည်း ဖြစ်ပေသည်။”လို့ ပညာရေးကောလိပ်ကျောင်းသားသမဂ္ဂများ ကိုယ်စားပြုကော်မတီက မတ်လ ၂၉ ရက်နေ့မှာ ရေးသားထုတ်ပြန်ထားပါတယ်။

အလားတူ လွိုင်ကော်ပညာရေးကောလိပ်မှ ပထမနှစ်ကျောင်းသားဖြစ်တဲ့ မောင်စည်သူကို မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁) ဖြင့် စွပ်စွဲပြီး လွိုင်ကော်မြို့နယ် တရားရုံးမှ မတ်လ ၁၄ ရက်နေ့မှာ ထောင်ဒဏ်သုံးနှစ် ချမှတ်ခဲ့ပါတယ်။

ပညာရေးကောလိပ်မှ ကျောင်းဆရာလောင်းလျာများအပါအဝင် စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက် အကြမ်းမဖက် အာဏာဖီဆန်ရေးလုပ်ရှားမှု CDM မှာပါဝင်ပြီး လက်နက်ကိုင်တော်လှန်တိုက်ပွဲမှာ ကျဆုံးခဲ့သူ (၁၀)ဦးထက်မနည်း ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် အနယ်နယ်အရပ်ရပ်မှ အကျဉ်းထောင်အသီးသီးမှာလည်း ပညာရေးကောလိပ်ကျောင်းသားသမဂ္ဂအဖွဲ့ဝင်ကျောင်းသား နဲ့ ဖမ်းဆီးခံရ ပညာရေးကောလိပ်ကျောင်းသား၊ ကျောင်းသားဦးရေ ၃၀ ကျော် ရှိနေတယ်လို့ ပညာရေးကောလိပ်ကျောင်းသားသမဂ္ဂများ ကိုယ်စားပြုကော်မတီက ထုတ်ပြန်ထားပါတယ်။

spot_img
spot_img

Recent posts