spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

CDM ရဲတွေကနေ ဖွဲ့စည်းထားတဲ့ ကရင်နီပြည်နယ်ရဲတပ်ဖွဲ့ (KSP)နှင့် တွေ့ဆုံမေးမြန်းခြင်း

ကန္တာရဝတီတိုင်း(မ်)

စစ်ကောင်စီက အာဏာသိမ်းပြီး CDM လုပ်တဲ့ ရဲတွေကနေ ဖွဲ့စည်းထားတဲ့ ကရင်နီပြည်နယ်ရဲတပ်ဖွဲ့(KSP)အနေနဲ့ ကရင်နီပြည်နယ်တွင်းက စစ်ကောင်စီလွှမ်းမိုးမှုမရှိတဲ့ နယ်မြေတွေမှာ ပြည်သူ့အကျိုး ဆောင်ရွက်ပေးနေတာတွေရှိပါတယ်။

KSPအဖွဲ့ရဲ့ လက်ရှိ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး KSP ပြန်ကြားရေးတာဝန်ခံ တစ်ဦး နဲ့ ကန္တာရဝတီတိုင်း(မ်)က ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။

မေး။ ။ ဆရာတို့ KSP(Karenni State Police) အနေနဲ့ လက်ရှိမှာ ဘာတွေ ဆောင်ရွက်နေ ပြီလဲ။

ဖြေ။ ။ ကျနော်တို့ကတော့ ရဲစခန်းတွေ စပြီးဖွင့်နေတယ်ပေါ့။ တတ်နိုင်သမျှ ကျနော်တို့လွှမ်းမိုးနိုင်မယ့် ဧရိယာပေါ့ စစ်ကောင်စီမရောက်တဲ့ဧရိယာမှာ ရှိတဲ့နယ်တွေမှာ ကျနော်တို့ စခန်းတွေစပြီးဖွင့်နေတယ်။ ဖွင့်ပြီးတော့မှ စခန်းတွေမှာ မိတဲ့အကျဉ်းသားတွေချုပ်ထားတယ်ပေါ့ အဲ့လောက်ထိပြီးပြီ။ ပြည်သူ့အကျိုးပြုလုပ်ငန်းပြောရမှာပေါ့။ ပြည်သူတွေကို ကူညီဖို့က ရပ်ရွာတွေမှာ ပြည်သူလူထုတွေကိုကူညီတဲ့အနေနဲ့ စပါး လိုက်ရိတ်ကူတာတို့ပုံစံမျိုးတွေ အဲ့မျိုးတွေလည်း ကျနော်တို့လုပ်နေတယ်ပေါ့။

မေး။ ။ ဆရာတို့ ရဲစခန်းဖွင့်နေတာရှိတယ် ဆိုတော့ ဘယ်နေရာမှာ အဓိကထားဖွင့်တာလဲပေါ့။

ဖြေ။ ။ စစ်ကောင်စီမလွှမ်းမိုးတဲ့နယ်မြေတွေပေါ့။ အခု အဲ့နေရာတွေမှာ ကျနော်တို့စပြီးဖွင့်ထားတယ်ပေါ့။ စစ်ကောင်စီမရောက်တဲ့နေရာတွေမှာ အရင်ကတည်းက အဲ့ရွာတွေမှာ သူတို့အာဏာလွှမ်းမိုးမှုမရှိပါဘူး။ အဲ့နေရာကိုခုထိလည်း စစ်တပ်က မရောက်နိုင်တော့ အဲ့နေရာမှာ တရားဥပဒေစိုးမိုးရေးအတွက်ပေါ့ ရဲစခန်းတွေဖွင့်ပြီးလုပ်ပေးနေတယ်ပေါ့။ ပြောရမယ်ဆို အခုဆို ကျနော်တို့ကိုလာတိုင်ကြတယ်ပေါ့ အဲ့လိုမျိုး ရပ်ရွာထဲမှာဆူပူတာတွေရှိရင် လာတိုင်တယ် ကျနော်တို့က သူတို့နဲ့ ညှိပြီးတော့မှ ဒီတစ်ယောက်ကတော့ ဆူပူသောင်းကျန်းနေတယ် အပြင်မှာထားရင် အဆင်မပြေဘူးဆိုတဲ့အတွက် ကျနော်တို့ကိုလာပြီးအကူအညီတောင်းတယ်။ ဆိုးသွမ်းပြီးတော့ မူးပြီးရမ်းကားနေတဲ့သူဆို ကျနော်တို့ထိန်းသိမ်းထားတယ်ပေါ့ အခြေအနေအပေါ်မူတည်ပြီးတော့မှ။ ပြီးတော့မှ အခု မုဒိမ်းမှုအဆင့်ထိလာတိုင်တယ် လူပျောက်တာတွေလည်းရှိတယ် အဲ့ဒါတွေလာတိုင်တယ်။ ပြီးတော့ မူးယစ်ဆေးဝါးကိစ္စတွေလည်း ကျနော်တို့ဖမ်းတယ်။ KNDF တို့ PDF တို့ KGZ တို့ကနေ ဖမ်းမိတဲ့စစ်ကောင်စီရဲ့ အဖွဲ့ဝင်တွေ CDM မလုပ်တဲ့ ရဲတပ်ဖွဲ့ဝင်တွေကိုဖမ်းမိတယ်ဆိုရင် ကျနော်တို့ဆီလာအပ်တယ်ပေါ့။ ထိန်းသိမ်းထားတယ် အဲ့လိုပုံစံမျိုးတွေ ကျနော်တို့လုပ်နေတယ် လောလောဆယ်။

မေး။ ။ ရဲစခန်း ဘယ်နှခုလောက်ရှိပြီလဲ။ ဘာတွေ လုပ်ဆောင်နေလဲပေါ့။

ဖြေ။ ။ အဲ့တာတော့ ပြောလို့မရသေးဘူး။ ရဲစခန်းတော့ တတ်နိုင်သမျှ အခုတိုးချဲ့ဖို့လုပ်နေတယ်။ လက်ရှိလုပ်နေတာလည်းရှိတယ် ပြီးသွားရင်လည်း တော်တော်များပြီပေါ့။

ပြီးတော့ ကျနောတို့ အခုလို ဖွဲ့နေရင်းတန်းလန်းနဲ့ အရင်ရဲတပ်ဖွဲ့အဟောင်းနဲ့မတူအောင် အခုလုပ်နေတဲ့ဟာက သင်တန်းတွေ ကျနောတို့ တက်နေတယ်ပေါ့။ နိုင်ငံတကာက အဖွဲ့အစည်းတွေနဲ့ ရဲ အကြောင်းနားလည်တဲ့ နိုင်ငံတကာပညာရှင်တွေနဲ့ အခုလက်ရှိမှာ ကျနောတို့ သင်တန်းတွေ လုပ်နေတယ်။ အဲ့သင်တန်းတွေကို ကျနောတို့က ဒီမှာ အပြီးသတ်ပြန်ချပေးမယ်။ ကျနောတို့ သူတို့ဆီကနေသင်တဲ့ တစ်ဖွဲ့ရှိတယ်ပေါ့။ သင်ပြီးတာနဲ့ သင်ထားတဲ့ဟာတွေကို ကျနောတို့ စခန်းတွေမှာ ပြန်လည် ပို့ချတယ်ပေါ့။ ဒီနိုင်ငံတကာ အဆင့်မီ တဲ့ ရဲတပ်ဖွဲ့ ဖြစ်ဖို့အတွက် နိုင်ငံတကာပညာရှင်တွေကနေ သင်ပေးတဲ့ဟာကို ကျနောတို့က တစ်ဆင့်သင်ယူပြီးတော့မှ အဲ့ရဲစခန်းတွေကို ကျနောတို့ အလှည့်ကျ စခန်းတစ်ခုချင်းစီ ကျနောတို့ သင်တန်းတွေ လိုက်ပေးနေတယ် လောလောဆယ်။ ပြီးတော့မှ KSPမဖွဲ့ခင်ကလည်း ကျနောတို့ ပြည်တွင်းက ပညာရှင်တွေနဲ့ လူ့အခွင့်အရေးတို့၊ အမျိုးသမီးအခွင့်အရေးတို့ ပြီးတော့ ဖယ်ဒရယ်နဲ့ ပတ်သက်ပြီးတော့ အဲ့သင်ခန်းစာတွေ ပြီးတော့မှ ကောင်းမွန်တဲ့အစိုးရဖြစ်ဖို့အတွက် သင်ခန်းစာတွေ ၊ လုံခြုံရေးပြုပြင်ပြောင်းလဲရေးဆိုင်ရာ စာတွေကို KSPမဖွဲ့စည်းခင်ကလည်း ကျနောတို့ သင်ခဲ့ရတယ်။ တပ်ဖွဲ့ဝင်တွေ မဖြန့်ချရသေးတော့ အကုန်လုံး စုစုစည်းစည်းသင်တယ်ပေါ့။ အခုက ဖွဲ့ပြီး တစ်နေရာစီမှာ တာဝန်ထမ်းဆောင်ကြတာ ဖြစ်တဲ့အတွက် နိုင်ငံခြားကနေ သင်တဲ့အဖွဲ့တစ်ဖွဲ့ရှိတယ်။ သင်ပြီးတော့ အဲ့အဖွဲ့ကနေ သင်တဲ့ဟာကို ကျနောတို့က ဒီစခန်းတွေမှာ ပြန်လည်ချပြတယ်ပေါ့။ အဲ့လိုပုံစံမျိုး။

မေး။ ။ ပြီးတော့ ဆရာတို့ဆီကို ဒလန်လို့ ယူဆရတဲ့ သူတွေ စတာတွေကို လာရောက်အပ်နှံတာတွေရှိတယ်ပေါ့။ အဲ့တာ ဆရာတို့အနေနဲ့ ဘယ်လို လက်ခံဆောင်ရွက်ထားလဲပေါ့။

အဖြေ။ ။ ဒလန်လို့ပြောပြီး လာပို့တာနဲ့ ဒလန်လို့ မသတ်မှတ်ဘူးပေါ့။ သူ့မှာလည်း လူ့အခွင့်အရေးနဲ့အညီ သူ့အခွင့်အရေးရှိတဲ့အတွက် ကျနော်တို့က ဒီသက်သေခံ ပစ္စည်းတွေကိုပဲ ကြည့်တာပေါ့။ တကယ်လို့ သူက ဒလန်လို့ ပြောပြီးတော့မှ သူတို့ဖမ်းလာတယ်။ ကျနော်တို့ ဆီလာပို့တယ်။ ဒါပေမယ့် အဲ့ဒီမှာ သက်သေတွေ ဘာတွေ မရှိဘူး။ သူဒလန်လို့ မယူဆရဘူး။ ဒလန်လို့ ပြောစရာသက်သေမရှိဘူးဆိုလို့ ရှိရင် ပြန်လွှတ်ပေးခဲ့တာတွေလည်း ရှိတယ်ခင်ဗျ။ နောက်ကျရင် ဒီလိုမျိုး ထပ်မဖြစ်ဖို့ ဒလန်မလုပ်ပါဘူးဆိုတဲ့ အာမခံမျိုးနဲ့ပေါ့။ သူတို့မှာလည်း သက်သေအလုံအလောက်မရှိဘူးဆိုတော့ အဲ့လို ပြန်လွတ်ပေးတယ်။ ဒလန်ဆိုပြီး ဖမ်းခေါ် လာတိုင်း ကျနော်တို့က ချက်ချင်းထိန်းသိမ်းလိုက်တာမျိုး မဟုတ်ဘူးပေါ့။ စုံစမ်းစစ်ဆေးမှုတွေ အရင်လုပ်တယ်။ ပြီးတော့မှ ဒလန်ဆိုတာ သေချာမှ ကျနော်တို့လည်း သူလုပ်တဲ့ပြစ်မှုပေါ် မူတည်ပြီးတော့မှ ကျနော်တို့ သူတို့ကို ထိန်းသိမ်းတာတွေ ဆက်လုပ်ပါတယ်။

မေး။ ။ ဆရာတို့ လုပ်ဆောင်ချက်ထဲမှာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီးတော့ ဖမ်းမိတာတွေရှိတယ်ပေါ့။ ဘယ်လို အရေးယူဆောင်ရွက်မှုတွေ ရှိလဲ။

ဖြေ။ ။ အရင်စစ်ကောင်စီလက်ထက်ကဆိုရင်တော့ မူးယစ်ဆေးဝါး ဆိုရင် ပြစ်မှု အရမ်းကြီးတယ်ဗျ။ မူးယစ်ဆေးဝါးဆိုလို့ရှိရင် လက်ဝယ်ထားရှိတာနဲ့တင် ငါးနှစ် ၇နှစ် အဲ့လိုမျိုးချတာရှိတယ်။ ကျနောတို့က မူးယစ်ဆေးဝါးပြဿနာလည်း ကရုစိုက်ရမယ့်ထဲပါနေတော့ ကျနောတို့က လောလောဆယ်တော့ တတ်နိုင်သမျှ မူးယစ်ဆေးဝါးလုပ်တဲ့သူတိုင်း ထောင်ဒဏ်နှစ်ရှည်ချဖို့ ကျနောတို့ မရည်ရွယ်ဘူး။ အရင်ဆုံး တတ်နိုင်သမျှသူ့ကို အသိပညာပေးမယ်။ ပြီးတော့ ကျနောတို့ အောက်ကသေးသေးလေးတွေ ဖမ်းမယ့်အစား သူ့ရဲ့ ပြဿနာ အရင်းအမြစ်ကို ရှာပြီးတော့မှ မူးယစ်ဆေးဝါး အမြစ်ပြုတ်ဖို့အတွက် အဓိက ရည်ရွယ်တာပေါ့။ အောက်က နည်းနည်းပါးပါး သုံးတဲ့လူ ရောင်းတဲ့လူပဲ လိုက်ဖမ်းနေမယ်ဆိုလို့ရှိရင် ကျနောတို့ ပြည်သူတွေပဲ ထောင်ထဲမှာ အကြာကြီးနေရမှာပဲ အဖတ်တင်မှာ ဖြစ်တဲ့အတွက် ကျနောတို့က အဓိက အောက်က အစွယ်လေးတွေကို Target ပစ်မှတ်ထားတာထက် ကျနောတို့ အဓိက အရင်းအမြစ်တွေပေါ့။ ဘာကြောင့်မူးယစ်ဆေးဝါးပြန့်နေတာလဲ ဘယ်လို စိုက်ပျိုးလဲ။ အဲ့လို အဓိက အရင်းအမြစ်တွေကို ရှာပြီးတော့မှ ကျနောတို့က အဓိကပင်မကိုပေါ့။ အရင်ခေတ်က စစ်ကောင်စီလုပ်သလို အကိုင်းအခတ်ပဲလိုက်ဖမ်းနေမယ်ဆိုရင် ကျနော်တို့ ပြည်သူတွေပဲ ထောင်ထဲမှာ ပုံနေတာမျိုး မဖြစ်ဖို့အတွက် ကျနောတို့ ရည်ရွယ်ပြီးတော့မှ အဲ့တာကို ကျနောတို့ Planတွေ ချပြီးတော့ လုပ်နေတယ်ပေါ့။ ကျနော်တို့ KSPက လူအရေအတွက်က နည်းသေးတယ်ပေါ့။ ကျနော်တို့အခု ပူးပေါင်းအဖွဲ့ဆိုတာက အကုန်ပါတယ်။ကျနော်တို့ KAပါတယ်။ KNDFပါတယ်။ KGZလည်းပါတယ်။ PDFလည်းပါတယ်။ ပြီးတော့မှ သူတို့ အဖွဲ့တွေလည်း အရှေ့မှာ သူတို့ သတင်းရတယ်ပေါ့။ ကျနောတို့ကို သတင်းပို့ပြီးတော့ ကျနောတို့နဲ့အတူတူဖမ်းတာမျိုး အဲ့လို ပုံစံမျိုးတွေလုပ်တယ်။ ပြီးတော့ ရပ်ရွာဥက္ကဌတို့ ပြည်သူလူထုတို့လည်း သတင်းပေးလို့ရှိရင် ရပ်ရွာအကြီးအကဲနဲ့ပေါင်းပြီးတော့မှ ကျနောတို့ သွားဖမ်းတာရှိတယ်။

မေး။ ။ ဆရာတို့ KSP ထဲမှာ အဖွဲ့ဝင်အသစ်တွေ ဝင်လာတာရှိလာ။

ဖြေ။ ။ ထပ်ဝင်လာတဲ့ သူတော့ မရှိသေးဘူး။ ၃၂၀နဲ့ စဖွဲ့စည်းတယ်။ ရဲတပ်ဖွဲ့ခါကျတော့ အပြင်လူ ဒီအတိုင်းခေါ်ပြီးတော့ ရဲလုပ်ငန်းတွေ လုပ်ခိုင်းလို့ မရဘူးပေါ့။ တာဝန်ယူမှု တာဝန်ခံမှုကြီးတဲ့အတွက် ကျနောတို့ ဥပဒေအကြောင်းကို နားလည်အောင် သင်ပေးဖို့လိုတယ်။ လူ့အခွင့်အရေးတွေလည်း မသင်ထားဘူး။ ဥပဒေ တွေ စည်းမျဉ်းစည်းကမ်းတွေလည်း နားမလည်ဘူးဆိုရင် လုပ်ငန်းလုပ်တဲ့အချိန်ကျသူတို့ အခက်အခဲဖြစ်မှာ ဖြစ်တဲ့အတွက် ကျနောတို့က သင်တန်းဖွင့်ပြီးတော့မှ လက်ခံဖို့ လုပ်ထားတယ်။ အခုက သင်တန်းဖွင့်ဖို့ လုပ်နေတုန်းပဲပေါ့။ဖွင့်လည်း မဖွင့်နိုင်သေးဘူး။ အဲ့ခါကျမှကျနော်တို့က လူသစ်တွေ ထပ်လက်ခံနိုင်မှာ။

မေး။ ။ ဆရာတို့ကော KSCC(ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ) နဲ့ချိတ်ဆက်ဆောင်ရွက်မှု ဘယ်လိုရှိလဲ။

ဖြေ။ ။ကျနော်တို့က KSCCရဲ့ ဦးဆောင်မှု အောက်မှာ ဖွဲ့စည်းခဲ့တာ။ ပြီးတော့ NUGနဲ့လည်း အချိတ်အဆက် ရှိတယ်ခင်ဗျ။ KSCCကော NUGရောပေါ့။ သူတို့နှစ်ခုလုံးက ကျနော်တို့မှာ လိုအပ်ချက်တွေ ဘာတွေရှိရင် သူတို့ရဲ့ လမ်းညွှန်မှုအတိုင်းပေါ့ ဘာလိုအပ်လဲ သူတို့နဲ့ ညှိနှိုင်းတာပေါ့ အကြံဉာဏ်ရယူတယ်ပေါ့။

မေး။ ။ ဆရာတို့ အနေနဲ့ကော ကိုယ့်ရဲ့ လုပ်ဆောင်ချက်တွေကို ကျေနပ်အားရမှုရှိလာ။

ဖြေ။ ။ကျေနပ်အားရမှုကတော့ အထိုက်အလျောက်တော့ ရှိတယ်ပေါ့။ ဒါပေမယ့် အပြည့်အဝမရှိဘူးဆိုတာက စစ်ကောာင်စီက ခံနေတဲ့အတွက် တချို့နေရာတွေဆိုရင် ကျနော်တို့ကို တိုင်ပေမယ့် သွားလို့မရတာ မျိုးရှိတယ်။ စစ်ကောင်စီတပ်တွေရှိနေတဲ့အတွက် အဲ့အချိန်မှာ ကျနော်တို့အတွက် နည်းနည်းအခက်အခဲရှိတယ်ပေါ့။ ဒါပေမယ့် နောက်ကျရင် ကျနောတို့က အရင်မြန်မာနိုင်ငံမှာရှိတဲ့ ရဲတပ်ဖွဲ့လိုမျိုး နာမည်ဆိုးနဲ့ ကျော်ကြားတာမဟုတ်ဘဲနဲ့ ကျနော်တို့က နိုင်ငံတကာအဆင့်ရဲပေါ့။ ဒီမြန်မာနိုင်ငံမှာ စံပြရဲတပ်ဖွဲ့ အဖြစ်ပေါ့ ပြည်သူလူထုကို အကောင်းဆုံးဝန်ဆောင်မှု ပေးသွားနိုင်ဖို့ပေါ့ အဲ့လိုပုံစံမျိုး ကျနောတို့ ရည်ရွယ်ထားတယ်။

spot_img
spot_img