spot_img
Wednesday, December 7, 2022
spot_img

COVID-19 ရောဂါထိန်းချုပ်ကာကွယ်ဖို့အတွက် မိမိနေအိမ်၌သာနေပြီး ပူးပေါင်းပါဝင်ဖို့ ကျန်းမာရေးတာဝန်ရှိသူတွေ တိုက်တွန်း

spot_imgspot_imgspot_imgspot_img

ကန္တာရဝတီတိုင်း(မ်)

လတ်တလောဖြစ်ပွားနေတဲ့ COVID-19 ရောဂါထိန်းချုပ်ကာကွယ်ဖို့အတွက် မိမိနေအိမ်၌သာနေပြီး ပူးပေါင်းပါဝင်ဖို့ ပြည်နယ်အတွင်း ကျန်းမာရေးတာဝန်ရှိသူတွေက တိုက်တွန်းပြောဆိုကြပါတယ်။

“အဓိကကတော့ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ ပြည်သူလူထုပူးပေါင်းဖို့က အင်မတန်အရေးကြီးပါတယ် ရောဂါပျံ့နှံမဖြစ်ပွားဖို့ အဓိက ပြည်သူလူထုက ပူးပေါင်းပါဝင်ဖို့ပါပဲ။ မိမိအိမ်မှာမိမိနေခြင်းအားဖြင့် ဒီရောဂါကို ကာကွယ်တားဆီးပြီးသားဖြစ်ပါတယ်။ အပြင်လျှောက်သွားလို့ ရောဂါကူးစက်လာရင် ကုသဖို့ အင်မတန်ခက်တဲ့ရောဂါဖြစ်ပါတယ် အဲဒါ ပြည်သူလူထုကို အသိပေးချင်ပါတယ်” လို့ ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်က တိုက်တွန်းပြောဆိုထားပါတယ်။

မိမိနေအိမ်၌သာနေခြင်းအားဖြင့် ရောဂါပျံ့နှံမှုမဖြစ်ပွားစေဘဲ ရောဂါကို ကာကွယ်တားဆီးရာရောက်တာကြောင့် အပြင်ထွက်လို့မှ ရောဂါကူးစက်ခံရရင် ကုသဖို့ ခက်ခဲတဲ့ရောဂါဖြစ်တဲ့အကြောင်း ဒေါက်တာ ဆက်ပြောပါတယ်။

ဒါ့အပြင် မိမိနေအိမ်၌သာနေထိုင်မယ်ဆိုရင် ရောဂါမရနိုင်သလို ပတ်ဝန်းကျင်က ရောဂါရှိတဲ့သူဆီက ကူးစက်တာဖြစ်တဲ့အတွက် အိမ်ကို ဧည့်သည်မလာဖို့ တားမြစ်ထားရမှာဖြစ်ပြီး မဖြစ်မနေ အပြင်ထွက်ပါက နှာခေါင်းစည်းတပ်ပြီးသွားသင့်တယ်လို့ ဆိုပါတယ်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ညွှန်ကြားထားတဲ့ ဆောင်ရန်၊ ရှောင်ရန် စည်းကမ်းများကို လိုက်နာသင့်ပြီး ထိန်းသိမ်းကာကွယ်သင့်တယ်လို့ လွိုင်ကော်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာခင်စန်းမြင့်က ဆိုပါတယ်။

ဒေါက်တာခင်စန်းမြင့်က “COVID-19 က ဗမာပြည်မှာမဖြစ်ခင်ကတည်းက တခြားနိုင်ငံတွေမှာ ကမ္ဘာ့ကပ်ရောဂါအဖြစ် ဖြစ်နေတာပေါ့နော။ အခုမြန်မာပြည်မှာလည်း ပိုးတွေ့တဲ့လူနာရှိလာပြီဆိုကတည်းကိုက ပြည်နယ်အစိုးရကကော ကျန်းမာရေးဌာနတွေကကော အသွားအလာတွေ ကန့်သတ်တယ် ကိုယ့်အိမ်မှာပဲနေ အိပ်ရေးဝအောင်အိပ် အာဟာရရှိတဲ့အစားအစာတွေစား။ မဖြစ်မနေသွားရတဲ့အချိန်ကျရင်လည်း လူစုလူဝေးကို မသွားရဘူး အနည်းဆုံး ၃ပေအကွာ အမှန်ဆို ၆ပေအထိ သတ်မှတ်တာ အနည်းဆုံးတော့ ၃ပေအကွာလို့တော့ ပြောထားတယ်လေ။ နှာချေ ချောင်းဆိုးရင်လည်း ကရုစိုက်ဖို့ ကျန်းမာရေးဌာနက ညွှန်ကြားထားတာကို လိုက်နာရင်အကောင်းဆုံးပေါ့” လို့ တိုက်တွန်းပြောဆိုထားပါတယ်။

လက်ရှိအချိန်မှာလည်း စားသောက်ဆိုင်တွေ၊ ဈေးတွေ ပိတ်ထားတယ်ဆိုပေမယ့်လည်း နေရာအချို့တွေမှာ လူူစုလူဝေးဖြစ်နေတုန်းဖြစ်တာကြောင့် ကိုယ်ပိုင်အသိစိတ်ဓတ်နဲ့ လူစုလူဝေးရှောင်ရှားဖို့ လိုအပ်တယ်လို့ဆိုပါတယ်။

“ဈေးဆိုင်တွေမှာ စားသောက်နေတာတွေ လူစုလူဝေးနဲ့မရှိဘူးဆိုပေမယ့် အပင်ရိပ်အောက်တွေမှာ ချောင်းဘေးတွေမှာ နားနေတယ်ဆိုရင်လည်းပဲ လူစုလူဝေးမလုပ်ဘဲနဲ့ တစ်ယောက်ကိုတစ်ယောက် ခပ်လှမ်းလှမ်းနေပြီးတော့ အသိစိတ်ဓတ်လေးနဲ့နေသွားမယ်ဆိုရင်တော့ အကောင်းဆုံးဖြစ်မယ်လို့ ယူဆပါတယ်” လို့ လွိုင်ကော်မြို့စည်ပင်သာယာရေးကော်မတီ အမှုဆောင်အရာရှိ ဦးသန်းထွန်းက ဆိုပါတယ်။

ဒါ့အပြင် ရပ်ကွက်အတွင်းက ဘိလက်ခုံဆိုင်တို့ ဘောလုံးကွင်းတို့ ဘော်လီဘောကွင်းတို့မှာ ညနေအချိန်မှာဆိုရင် လူစုလူဝေးဖြစ်နေတာကြောင့် လူစုလူဝေးမဖြစ်ဖို့အတွက် ရပ်ကွက်မှတာဝန်ရှိသူတွေက လိုက်လံနိုးဆော်ဖို့လိုတယ်လို့ ၎င်းကဆက်ပြောပါတယ်။

ဧပြီလ ၁၆ရက်နေ့က ထုတ်ပြန်ထားတဲ့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အမိန့်အမှတ် ၃၇/၂၀၂၀ အရ လူ ၅ဦးထက်ပိုတဲ့ စုဝေးခြင်းကို ပိတ်ပင်လိုက်ပါတယ်။

အစိုးရအဖွဲ့အဖွဲ့မှာ တာဝန်ထမ်းဆောင်ရန် လုပ်ငန်းခွင်သို့ သွားရောက်ခြင်း/ပြန်ခြင်း၊ ကုမ္ပဏီစက်ရုံအလုပ်ရုံတွေမှာ တာဝန်ထမ်းဆောင်ရန် လုပ်ငန်းခွင်သွားခြင်း/ပြန်ခြင်း၊ ခွင့်ပြုချက်ရရှိထားတဲ့ ဈေး/ကုန်တိုက်တွေမှာ ဈေးရောင်းဈေးဝယ်ပြုခြင်း၊ ခွင့်ပြုချက်ရရှိထားတဲ့ ကုန်စည်သယ်ယူပို့ဆောင်ခြင်း၊ တရားစီရင်ရေး ဆောင်ရွက်ခြင်း၊ ခွင့်ပြုချက်နဲ့အညီ ကိုဗစ်ကာကွယ်ရေးဆောင်ရွက်ခြင်း၊ အရေးပေါ်ကယ်ဆယ်ရေးဆောင်ရွက်ခြင်း၊ ကျန်းမာရေးအရ ဆေးရုံဆေးခန်းသိုပ သွားရောက်ခြင်း၊ နာရေးကိစ္စဆောင်ရွက်ခြင်း စတဲ့ကိစ္စတွေကလွဲပြီး လူ ၅ ဦးထက်စုဝေးမယ်ဆိုရင် လိုက်နာဖို့ပျက်ကွယ်ခဲ့မယ်ဆိုရင် ကူးစက်ရောဂါ ကာကွယ်နှိမ်နှင်းရေး ဥပဒေအရ အရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

Related Stories