spot_img
16.2 C
Loikaw
Wednesday 11, February 2026
spot_imgspot_imgspot_imgspot_img
Homeကန္တာရဝတီတိုင်း(မ်)ဒီးမော့ဆို၊ ဖရူဆိုက စစ်ဘေးရှောင်တွေရဲ့ ဆောင်းသီးနှံကုန်စိမ်း အထွက်နှုန်း ယခင်နှစ်တွေထက် အောင်မြင်၊ ရောင်းချနိုင်တဲ့အထိ ဆောင်ရွက်နေကြ

ဒီးမော့ဆို၊ ဖရူဆိုက စစ်ဘေးရှောင်တွေရဲ့ ဆောင်းသီးနှံကုန်စိမ်း အထွက်နှုန်း ယခင်နှစ်တွေထက် အောင်မြင်၊ ရောင်းချနိုင်တဲ့အထိ ဆောင်ရွက်နေကြ

-

ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်၊ ဒီးမော့ဆို၊ ဖရူဆိုမြို့နယ်ထဲက စစ်ဘေးရှောင်လူထုတွေဟာ ဆောင်းသီးနှံ စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်လာသူများလာပြီး သီးနှံတွေ စိုက်ပျိုးဖြစ်ထွန်းအောင်မြင်နေသလို ကုန်စိမ်းအဖြစ် ပြန်လည်ရောင်းချတဲ့အခါ စျေးကောင်းရနေကြတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။
“မနှစ်တွေကထက် အများကြီးပိုလှတယ်၊ စိုက်တာမှန်တယ်၊ ပြီးတော့ စိုက်ထားတာ နေ့၊ ရက်၊ လမှန်တော့ အပင်ထွား အားပိုရှိတော့ ပိုလှတာပေါ့နော၊ ရောင်းရဖို့ ဆောင်ရွက်နေကြတာ။” လို့ စစ်ဘေးရှောင်အိမ်ရှင်မတဦးက ပြောပါတယ်။
ဒီးမော့ဆို၊ ဖရူဆိုမြို့နယ်က စစ်ဘေးရှောင်စခန်းတချို့မှာ အိမ်ရှင်မတွေ ဝင်ငွေရနိုင်အောင်၊ မီးဖိုချောင် အသုံးစရိတ် လျှော့ချနိုင်အောင်၊ တခြား စစ်ဘေးရှောင်နဲ့ ဒေသခံတွေကို ဟင်းသီးဟင်းရွက်နဲ့ ရိက္ခာခြောက်တွေ လဲလှယ်နိုင်အောင် အခုလို ဆောင်ရွက်ခဲ့ကြတာပါ။
“ကြက်သွန်ကလည်း လှပါတယ်၊ မထွက်သေးတော့ မသိဘူး၊ ဒါပေမယ့် မနှစ်ကလည်း ဟင်းလဲလှယ်စားကြတာ နည်းနည်းရကြတယ်၊ ကြက်သွန်ထွက်ချိန်က ကြက်သွန်ပေါ့၊ မုန်ညှင်းဆိုလည်း မုန်ညှင်းပေါ့၊ ဟင်းအစိုကနေ ဟင်းအခြောက်နဲ့လှဲတာပေါ့။ ဥပမာ ငရုတ်သီးခြောက်၊ မြေပဲ စသဖြင့်ပေါ့ အများကြီး သက်သာတယ်။”လို့ စစ်ဘေးရှောင် အိမ်ရှင်မတဦးက ဆိုပါတယ်။
ကရင်နီပြည်အတွင်း ဆောင်းသီးနှံတွေကို ပိုမို စိုက်ပျိုးနိုင်ဖို့အတွက် လူမှုအသင်းအဖွဲ့ကနေ မျိုးစေ့ချပေးတာအပြင် စိုက်ပျိုးရေး ကုန်ကျစရိတ်သက်သာတဲ့ နည်းလမ်းတွေကို မျှဝေတာလည်း ရှိနေပါတယ်။
စစ်ဘေးရှောင်စခန်းတွေမှာ စိုက်ပျိုးနိုင်တဲ့ နေရာအနေအထား တစ်ခုနဲ့ တစ်ခု မတူညီတာကြောင့် တချို့နေရာတွေမှာ စိုက်ပျိုးသူနည်းပါးသလို၊ မြေနေရာ အခက်အခဲတွေကြောင့် မစိုက်ပျိုးနိုင်တဲ့ စစ်ရှောင်စခန်းတွေလည်း ရှိနေပါတယ်။
လက်ရှိ စိုက်ပျိုးအောင်မြင်နေတဲ့ ဆောင်းသီးနှံတွေကတော့ ကြက်သွန်နီ၊ ကြက်သွန်ဖြူ အပြင် အခြားသီးနှံဖြစ်တဲ့ မုန်ညှင်း၊ ဆလတ်၊ နံနံပင် ၊ ပဲအမျိုးမျိုးတို့ ဖြစ်ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ