spot_imgspot_imgspot_imgspot_img
Thursday, March 28, 2024
spot_imgspot_imgspot_imgspot_img

KNPDP အတွင်းရေးမှူး ဦးမြင့်မောင်မောင်နှင့် တွေ့ဆုံမေးမြန်းျခင္း

Author

Date

Category

ကရင်နီအမျိုးသားငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးပါတီ (KNPDP) ဟာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီကနေ ခွဲထွက်လိုက်တာ ၂၅ နှစ်ကျော်ရှိနေပြီး ယခင်စစ်အစိုးရလက်ထက်မှာ ကရင်နီပြည်နယ်အတွင်းရှိ ငြိမ်းချမ်းရေးယူခဲ့တဲ့အဖွဲ့စည်းတစ်ခုထဲက ဖြစ်ပါတယ်။

ကရင်နီ ပြည်နယ်ရဲ့ ငြိမ်းချမ်းစဉ်ဖြစ်စဉ်အကြောင်းအရာနဲ့ပတ်သက်ပြီး ၎င်းတို့အဖွဲ့အနေနဲ့ အမြင်သဘောထားဘယ်လိုရှိနေလဲဆိုတာနဲ့ပတ်သက်လို့ (KNPDP) အတွင်းရေးမှူး ဦးမြင့်မောင်မောင်နှင့် တွေ့ဆုံမေးမြန်းတာတွေကို တင်ပြလိုက်ရပါတယ်။


KNPDP အတွင်းရေးမှူး ဦးမြင့်မောင်မောင်

ကန္တာရဝတီတိုင်း(မ်)

မေး။ ။ လက်ရှိ NLD အစိုးရလက်ထက်မှာ ကရင်နီ ပြည်နယ်အဆင့် ငြိမ်းချမ်းရေးလုပ်ငန်းဖော်ဆောင်တဲ့နေရာမှာ ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ ငြိမ်းချမ်းရေးနဲ့ပတ်သက်ရင် ကေအဲန်ပီပီ(ကရင်နီအမျိုးသားတိုးတက်ရေးပါတီ)အနေနဲ့ကတော့ ပြည်နယ်အဆင့်ပစ်ခတ်ရပ်စဲထားတယ်။ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) ပေါ့။ တစ်နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်ရပ်စဲဖို့က သူတို့ကလက်မှတ်မထိုးသေးဘူး ဒါပေမယ့် ပြည်နယ်အနေအထားအရကတော့ စစ်ပြန်မဖြစ်ဖို့ သူတို့ဖက်ကလည်း တာဝန်ယူကတိပေးထားတာပေါ့နော။ အခုတက်လာတဲ့အစိုးရနဲ့ ကေအဲန်ပီပီကြားမှာပေါ့ ငြိမ်းချမ်းရေးကို ပူးပေါင်းဖော်ဆောင်ဖို့အခါ အစိုးရဖက်က နည်းနည်းအားနည်းချက်ရှိတာပေါနော။ အထူးသဖြင့်တက်လာတဲ့အစိုးရ ဝန်ကြီးချျုပ်လိုဟာမျိုးက နိုင်ငံရေးအတွေ့အကြုံမှာအားနည်းနေတယ် အားနည်းတဲ့အပိုင်းမှာရှိတယ်။ အဲ့ဒါကြောင့် ပြည်နယ်ရဲ့ငြိမ်းချမ်းရေးဟာ မျှော်လင့်သလောက် ကျနော်တို့ထင်ထားသလောက် အားမရဘူးပေါ့နော။ တိုးတက်မှုမရှိဘူးလို့ပဲပြောချင်ပါတယ်။ အရင် ဦးသိန်းစိန်အစိုးရလောက် မထိရောက်ဘူးလို့ပြောချင်ပါတယ်။

မေး။ ။ ငြိမ်းချမ်းရေးလမ်းကြောင်းမှာ ပိုပြီးထိရောက်အောင် သက်ဆိုင်တဲ့တာဝန်ရှိသူတွေက ဘာလုပ်သင့်တယ်လို့ ဆရာထင်လဲ။

ဖြေ။ ။ ခုနပြောသလိုမျိုးပဲ ငြိမ်းချမ်းရေးက တိုးတက်ဖို့ ပြည်နယ်မှာကော နိုင်ငံမှာကော တစ်နိုင်ငံလုံးအတိုင်းအတာအရ ကြည့်မယ်ဆိုရင် အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်ကြားမှာ ဦးဆောင်တဲ့အဖွဲ့အစည်း အစိုးရ ကျနော်တို့ပြည်နယ်ရဲ့အစိုးရနဲ့ကော ချိတ်ဆက်အားနည်းနေတာပေါ့။ လာမယ့် အစိုးရသစ်တက်လာရင်တော့ နိုင်ငံရေးကို ထဲထဲဝင်ဝင် လေ့လာသုံးသပ်တဲ့ ပုဂ္ဂိုလ်မျိုးပါလာရင်တော့ ပိုပြီးထိရောက် အောင်မြင်မယ်လို့ထင်ပါတယ်။

မေး။ ။ ကေအဲန်ပီပီနဲ့ အစိုးရက လစဉ်တွေ့ဆုံဆွေးနွေးမှုတွေရှိတယ်ပေါ့နော။ ပြည်နယ်အဆင့်တွေ့ဆုံဆွေးနွေးမှုအပေါ်ကော ဆရာ့အနေနဲ့ အားရကျေနပ်မှုရှိလား ဘယ်လိုမြင်လဲ။

ဖြေ။ ။ တပ်၊ ကေအဲန်ပီပီ၊ အစိုးရသုံးပွင့်ဆိုင်ပေါ့နော အထူးသဖြင့် ကျနော်တို့ပြည်နယ်မှာက သိပ်အားရမှုမရှိဘူးပေါ့နော။ ပြီးခဲ့တဲ့တစ်လောက ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံပေါ့နော ၂၁ပင်လုံမှာတော့ သဘောတူထားတာနည်းနည်းတော့ရှိတာပေါ့နော။ ဒါပေမယ့်ပြည်နယ်အနေအထားအရတော့ တိုးတက်မှုမရှိဘူး သိပ်အားရကျေနပ်မှုမရှိဘူးလို့ထင်တယ်။

မေး။ ။ ပြီးခဲ့တဲ့ စတုတ္တအကြိမ် ၂၁ပင်လုံညီလာခံမှာ ကေအဲန်ပီပီကိုဖိတ်ပေမယ့်လည်း ဆွေးနွေးခွင့်တော့မပေးဘူးပေါ့နော ဆိုတော့ ဒီအပေါ်မှာက ပြည်နယ်ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ်မှာသက်ရောက်မှုရှိတယ်လို့ ဆရာထင်လား။

ဖြေ။ ။ အဲဒါလည်းသိပ်မထိရောက်ပါဘူး။ ဆွေးနွေးခွင့်မပေးရင်တော့ ဒါလည်းအကျိုးမရှိဘူးပေါ့နော။ မတက်ရင်လည်းကောင်းပါတယ်။

မေး။ ။ လာမယ့် နိုဝင်ဘာလအတွင်းမှာ ရွေးကောက်ပွဲစတင်တော့မှာဖြစ်တယ် ဆိုတော့ ပြည်နယ်ရဲ့ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ ထဲထဲဝင်ဝင် ပါဝင်နိုင်ဖို့အတွက် ဘယ်လိုကိုယ်စားလှယ်လောင်းတွေကို ဆရာ့အနေနဲ့ လိုလားလဲ။

ဖြေ။ ။လာမယ့်ရွေးကောက်ပွဲပေါ့နော။ သိပ်မကြာတော့ဘူးပေါ့ အစိုးရအဖွဲ့ဖွဲ့နိုင်ဖို့ဆိုတာ ဒေသခံတွေမဲအများပါဖို့လိုတယ် ဒေသခံတွေလိုတယ်။ ငြိမ်းချမ်းရေးတကယ်လုပ်ပေးချင်တဲ့ စေတနာရှိတဲ့ပုဂ္ဂိုလ်မျိုး ပြီးတော့ ကျနော်တို့တိုင်းရင်းသားအစစ်အမှန်ဖြစ်ဖို့လည်းလိုတယ်။ ပြည်နယ်မှာရှိတဲ့ တိုင်းရင်းသား(၉)မျိုးထဲကလူဖြစ်မယ်ဆိုလို့ရှိရင် ပိုပြီးတော့ ငြိမ်းချမ်းရေးအတွက်ကော ကျနော်တို့ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကော လုပ်နိုင်မယ် စေတနာပိုရှိမယ်လို့ထင်ပါတယ်။

မေး။ ။ ကယားပြည်နယ်က ငြိမ်းချမ်းရေးရနေပြီလို့ ဆရာထင်လား ဘယ်လိုမြင်လဲ။

ဖြေ။ ။ ဒီကြားထဲမှာတော့ တိုက်ပွဲတွေမဖြစ်ဘူး ဒါပေမယ့် ငြိမ်းချမ်းရေးအစစ်အမှန်တော့မဟုတ်သေးဘူးပေါ့။ ဒါကတော့ လူထုကလည်း ရင်တထိတ်ထိတ်နဲ့ပဲရှိနေသေးတယ်ပေါ့ အပြည့်အဝ ၁၀၀ရာခိုင်နှုန်းမငြိမ်းချမ်းသေးဘူး။ အဲ့တော့ တပ်မတော်ပြောပြောနေတဲ့ ထာဝရငြိမ်းချမ်းရေးဆိုတဲ့ဟာတော့ သွားနိုင်ဖို့ကတော့ အချိန်တော်တော်လေးယူရအုံးမှာပါ ကျနော်တို့ပြည်နယ်အနေအထားအရကတော့။

မေး။ ။ ပြီးခဲ့တဲ့တစ်လောက ရှားတောဖက်မှာ တပ်နဲ့ ကေအဲန်ပီပီ နှစ်ဖက် ပစ်ခတ်မှုအနည်းငယ်ဖြစ်သွားခဲ့တယ်လို့ သိရတယ်။ သေနတ်သံပေါက်တော့ ပြည်သူထူထုအကြား စိုးရိမ်မှုတွေဖြစ်စေခဲ့တယ်ပေါ့နော။ ဒီအပေါ်မှာ နှစ်ဖက်ရဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ကို ဆရာ့အနေနဲ့ စိုးရိမ်ပူပန်မှုရှိလား။

ဖြေ။ ။ ကျနော်တို့ကတော့ တိုက်ပွဲပြန်ဖြစ်မလားဆိုတဲ့ဟာတော့ သိပ်မစိုးရိမ်ဘူးပေါ့။ ကေအဲန်ပီပီအနေနဲ့ကတော့ ကတိပေးထားပြီးသားဖြစ်တယ်ပေါ့။ ပစ်ခတ်မှုတစ်ခါတစ်လေဖြစ်တာကတော့ ညှိနှိုင်းဖြေရှင်းလို့ရတဲ့အနေအထားပါ။ စိုးရိမ်ပူပန်မှုသိပ်မရှိပါဘူး။

မေး။ ။ ပြီးခဲ့တဲ့ သြဂုတ်လအတွင်းမှာကျင်းပခဲ့တဲ့ စတုတ္တအကြိမ် ၂၁ပင်လုံညီလာခံမှာ မြောက်ပိုင်းအဖွဲ့ကိုမဖိတ်ဘူးပေါ့နော။ ပြီးတော့ ကေအဲန်ပီပီလည်းမတက်ရောက်ဘူးလို့သိရတယ်။ဆိုတော့ ရှေ့ဆက်လုပ်ငန်းစဉ်မှာ ဖော်ဆောင်မယ့် ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် ဘယ်လိုထိရောက်မှုရှိနိုင်လဲ။

ဖြေ။ ။ မြောက်ပိုင်းအဖွဲ့ကိုအစိုးရက မဖိတ်ဘူးပေါ့နော ဒါကတော့ အမှန်တကယ်က ဖိတ်သင့်တယ်ပေါ့။ သူတို့ကိုဖိတ်ခြင်းအားဖြင့် လာမယ့် ဆွေးနွေးပွဲတွေ ငြိမ်းချမ်းရေးအတွက် ပိုပြီးတော့ လူထုတွေက ပိုပြီး စိတ်ဝင်စားလာမယ် နိုင်ငံတကာကလည်း ပိုစိတ်ဝင်စားတယ်ပေါ့နော။ ဒါက ပိုပြီးအထောက်အကူပြုမယ်လို့ ကျနော်အနေနဲ့ မှတ်ချက်ပေးချင်ပါတယ်။

မေး။ ။ ကေအဲန်ပီပီအနေနဲ့ NCAလက်မှတ်ရေးထိုးဖို့ အဓိက စိန်ခေါ်ချက်က ဘာဖြစ်မလဲ။

ဖြေ။ ။ ကေအဲန်ပီပီအနေနဲ့ လက်မှတ်မရေးထိုးနိုင်တဲ့အပိုင်းမှာတော့ သူတို့ပြောပြောနေတာ အားလုံးသိပြီးသားပဲပေါ့။ တစ်နိုင်ငံလုံး ကျနော်တို့တိုင်းရင်းသားအားလုံး ပါဝင်ရေးဆိုတဲ့ မူပေါ့ အဲဒါကြောင့် သူတို့အတွက် စိန်ခေါ်မှုဖြစ်နေတယ်ပေါ့။ခုနပြောတဲ့ မြောက်ပိုင်းတို့ အေအေတို့ မပါဝင်လာလို့ သူတို့လည်းမထိုးနိုင်ဘူးလို့ ကျနော်အဲလိုမြင်တယ်။

မေး။ ။ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ လူထုတွေပါဝင်ဖို့ပြောပြောနေတာရှိတယ် တကယ့်ငြိမ်းချမ်းရေးအကောင်အထည်ဖော်တဲ့နေရာမှာ လူထုတွေရဲ့ ပါဝင်မှုအခန်းကဏ္ဍကို ဘယ်လိုမြင်လဲ။

ဖြေ။ ။ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ လူထုပါဝင်မှုအားနည်းတာကတော့ ဒါအမှန်ပါပဲ။ တပ်ပဲဖြစ်ဖြစ် အစိုးရပဲဖြစ်ဖြစ်ပေါ့ လူထုကိုနေရာမပေးဘူးပေါ့။ လူထုတွေကိုခေါ်တာတွေ ဆွေးနွေးတာတွေ သဘောထားယူတာတွေ သိပ်မရှိဘူးပေါ့ အဲဒါတော့ အားနည်းတာအမှန်ပဲ။

မေး။ ။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တိုင်းရင်းသားလက်နက်ကိုင်အားလုံး သွားနိုင်မယ့် ငြိမ်းချမ်းရေးလမ်းကြောင်းတစ်ခုဖြစ်ဖို့ ဆရာ့အနေနဲ့ တိုက်တွန်းချင်လဲ။

ဖြေ။ ။ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ကတော့ ထာဝရငြိမ်းချမ်းရေးဆိုတဲ့ဟာပေါ့ သွားနိုင်ဖို့က အများကြီးလိုပါတယ်။ တပ်ဖက်ကကော အစိုးရဖက်ကကော အားထည့်ဖို့နည်းနည်းလိုပါသေးတယ်။ အစိုးရဖက်က ထဲထဲဝင်ဝင်သိပ်မလုပ်ရှားနိုင်ဘူးလို့ ကျနော့်အနေနဲ့မြင်တယ်။ တပ်ကလည်း လျော့ပေးဖို့ နည်းနည်းလိုတာပေါ့နော အလျော့အတင်းလုပ်ပေဖို့ နည်းနည်းအရေးကြီးတယ်လို့ ကျနော်ထင်တယ်ပေါ့။

မေး။ ။ ပြည်နယ်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍသော်လည်းကောင်း၊ ငြိမ်းချမ်းရေးဖြစ်စဉ်သော်လည်းကောင်း ပိုမိုအကောင်အထည်ဖော်ဖို့အတွက် ကေအဲန်ပီပီက လက်မှတ်ရေးထိုးသင့်တယ်လို့ ဆရာထင်လား။

ဖြေ။ ။ NCA လက်မှတ်ရေးထိုးမှ ဖွံ့ဖြိုးရေးတွေလုပ်နိုင်မယ်ဆိုတဲ့ဟာကတော့ ဒါကသိပ်သဘာဝမကျဘူးပေါ့နော။ သူတို့ထိုးထိုးမထိုးထိုး တက်လာတဲ့အစိုးရတိုင်းမှာ တာဝန်ရှိပါတယ်။ NCA လက်မှတ်မထိုးလို့အကြောင်းပြချက်နဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ နှောင့်နှေးနေတာကတော့ သိပ်သဘာဝမကျပါဘူး။ ကျနော်တို့အဖွဲ့အနေနဲ့ကတော့ ထိုးထိုးမထိုးထိုး ထိုးပါလို့လည်းကျနော်တို့မပြောဘူး မထိုးနဲ့လို့လည်း မပြောဘူး။ ဒါပေမယ့် ဖွံ့ဖြိုးရေးလုပ်ငန်းနဲ့ပတ်သက်ရင်တော့ NCA လက်မှတ် ထိုးထိုးမထိုးထိုး လုပ်ရမယ့် တာဝန်ရှိတယ်လို့ ပြောချင်ပါတယ်။

မေး။ ။ မေးသွားတဲ့မေးခွန်းတွေနဲ့ပတ်သက်ပြီး ဆရာ့အနေနဲ့ ထပ်မံဖြည့်စွက်ပြောကြားချင်တာရှိသေးလားရှင့်။

ဖြေ။ ။ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ပတ်သက်ရင်တော့ ကျနော်တို့အဖွဲ့က ထဲထဲဝင်ဝင်သိပ်မပါဝင်ဘူးပေါ့နော ဒီထဲမှာ။ ကျနော်တို့ကတော့ ကျနော်တို့ပြည်နယ်ကော နိုင်ငံကောပေါ့ ငြိမ်းချမ်းချင်တာပေါ့ ငြိမ်းချမ်းမှ ဖွံ့ဖြိုးတိုးတက်မယ်ဆိုတဲ့ဟာ အားလုံးကလည်း သိထားပြီးသားပဲ။ အဲဒါကြောင့် အတတ်နိုင်ဆုံး နှစ်ဦးနှစ်ဖက်ပေါ့နော နိုင်ငံရေး အစိုးရကော တပ်ကော လက်နက်ကိုင်တွေကော အားလုံး ရည်မှန်းချက် ရည်ရွယ်ချက် တူတူဖြစ်ဖို့လိုတာပေါ့။ အတတ်နိုင်ဆုံးတော့ ငြိမ်းချမ်းရေးဖော်ဆောင်တဲ့နေရာမှာ တစ်ယောက်နဲ့တစ်ယောက် နားလည်မှု သည်းခံပြီးတော့ ပြည်နယ်ဖြစ်ဖြစ် နိုင်ငံဖြစ်ဖြစ် ငြိမ်းချမ်းအောင်လုပ်ပေးစေချင်တယ်ပေါ့နော။

spot_img
spot_img

Recent posts