spot_imgspot_imgspot_imgspot_img
Friday, April 19, 2024
spot_imgspot_imgspot_imgspot_img

KNPP တပ်ဖွဲ့ဝင် ၄ ဦး သေဆုံးမှု နိုင်ငံရေးနည်းလမ်းဖြင့်သာ အဖြေရှာသွားမည်၊ စိုးရိမ်တကြီးမဖြစ်ကြရန် KNPP ပြော

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

နှစ်ဖက်အကြား ထိတွေ့မှုကြောင့် ရ မိုင်ရှိ KNPP ယာယီဂိတ်စခန်းတာဝန်ကျ တပ်သား ၄ ဦး သေဆုံးခဲ့ပြီး အရပ်သား ၁ ဦး ပျောက်ဆုံးနေသည့်ကိစ္စအား ပြည်သူများ စိုးရိမ်တကြီးမဖြစ်ကြရန်နှင့် အပြုသဘောဆောင်သော နိုင်ငံရေးနည်းလမ်းဖြင့်သာ တုန့်ပြန်ဖြေရှင်းသွားမည်ဖြစ်ကြောင်း KNPP ၏ အတွင်းရေးမှူး(၂) ခူဒယ်နီယာယ်က ပြောကြားသည်။

“ကျနော်တို့ အကောင်းဖက်သွားတဲ့ အစီအစဉ်ပဲ စီစဉ်ထားတယ်။ အစိုးရအပေါ်လည်း အများကြီးမူတည်ပါတယ်။ အစိုးရက ပြစ်မှုကျူးလွန်တဲ့သူကို ဘယ်လို အရေးယူဆောင်ရွက်မလဲပေါ့။ ဒါကတော့ ဥပဒေလမ်းကြောင်းအတိုင်းပဲ။”ဟု ခူဒယ်နီယာယ်က ပြောသည်။

လွိုင်ကော် ရှားတောလမ်း ပါလောင်းကျေးရွာနှင့် ဒေါတချားကျေး ရွာကြား တွင်ရှိသော ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ၏ (၇)မိုင် ယာယီဂိတ်အား ဒီဇင်ဘာလ ၂ဝ ရက်နေ့ ၈ နာရီဝန်းကျင်ခန့်က တပ်မတော်စစ်သားများမှ လာရောက် ဝိုင်းဝန်းပိတ်ဆို့ရာက ကင်းစခန်းတာဝန်ကျ KNPP တပ်သား ၄ ဦးသေဆုံးခဲ့ခြင်းဖြစ်သည်။

(ကရင်နီ အရပ်ဘက်အဖွဲ့အစည်းများမှ KNPP တပ်ဖွဲ့ဝင်သေဆုံးမှုကို ဒီဇင်ဘာ ၂၂ နေ့ ညနေပိုင်းက လွိုင်ကော်မြို့တွင် ကန့်ကွက် ဆန္ဒဖေါ်ထုတ်နေစဉ်) – ဓါတ်ပုံ/ကန္တာရဝတီတိုင်း(မ်)

“ကျနော်တို့ ကေအဲန်ပီပီအနေနဲ့က ငြိမ်းချမ်းရေးကို သွားနေတဲ့အချိန်မှာ ဒါတွေကတော့ ဖြစ်တတ်တယ်။ သိပ်လည်း စိုးရိမ်စရာမလိုဘူး။ ကျနော်တို့ အဖွဲ့အစည်းကိုယ်၌က နီးနီးကပ်ကပ်ရှိနေသေးတယ် ဒါကတော့ စိုးရိမ်စရာမလိုဘူးပေါ့လေ။ ဒါပေမယ့် ဒီဟာမဖြစ်လာဖို့ အားလုံးက စိုးရိမ်နေရင်လည်း မထူးဘူး။ ပူးပေါင်းပါဝင်ကြဖို့လည်း လိုတယ်။ ပြည်သူပဲ ဖြစ်ဖြစ်၊ အစိုးရပဲဖြစ်ဖြစ်၊ တာဝန်ရှိတဲ့သူအားလုံး ပူးပေါင်းပါဝင်ဖို့လိုတယ်။”ဟု ခူဒယ်နီယာယ်က ပြောကြားသည်။

ဒီဇင်ဘာလ ၂၁ ရက်နေ့မှသာ ကေအဲန်ပီပီ၏ တာဝန်ရှိသူများမှ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်)နှင့် ဆက်သွယ်ညှိနှိုင်းခဲ့ပြီးမှ ရ မိုင် ကင်းစခန်းတာဝန်ကျ KNPP တပ်သား ၄ ဦး မည်သို့သေဆုံးခဲ့ကြောင်း အတည်ပြုနိုင်ခြင်း မရှိသေးသည့်အပြင် အရပ်သား ၁ ဦးမှာ ယနေ့အထိ ပျောက်ဆုံးနေဆဲဖြစ်သည်။

အခင်းဖြစ်ပွားခဲ့သော ရ မိုင် KNPP ကင်းစခန်းကို ဒီဇင်ဘာလ ၂၂ ရက်နေ့က တွေ့ရစဉ်

ဒကစ၏ အဆိုအရ အခင်းဖြစ်ပွားပြီး KNPP တပ်သား ၄ ဦး သေဆုံးခဲ့ကာ ၎င်းတို့၏ ရုပ်အလောင်းအား တပ်မတော်မှ မီးသဂြိ င်္ုလ်လိုက်ကာ အရိုးအိုးများကို မိမိတို့အား ပြန်လည်ပေးအပ်ခဲ့ပြီဟု ခူဒယ်နီယာယ်က ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ အခြေအနေများ တည်ငြိမ်နေပြီဖြစ်ကြောင်း ပြည်သူများ ပုံမှန်အတိုင်းသာ သွားလာလှုပ်ရှားနေနိုင်သည့် အနေအထားရှိကြောင်း ကယားပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမြင့်ဝေက ကန္တာရဝတီတိုင်း(မ်)သို့ တယ်လီဖုန်းဖြင့် ဖြေကြားသည်။

“တပ်မတော်နဲ့ ပြည်နယ်ဝန်ကြီးနဲ့ ကေအဲန်ပီပီနဲ့ သူတို့ဖာသာ ညှိနှိုင်းရှင်းလင်း တိုင်ပင်ဆွေးနွေးတိုင်ပင်ပြီးတော့ ပြည်နယ်တစ်ခုလုံးမှာ နဂိုမူလအတိုင်းပဲ သွားလာလှုပ်ရှားရတဲ့ အဆင့်မှာပဲ ဒီအတိုင်းပဲရှိတယ်။”ဟု လုံ/နယ်ဝန်ကြီး ဗိုလ်မှူးကြီးမြင့်ဝေက ပြောကြားသည်။

၎င်းဖြစ်ရပ်ကြောင့် ပြည်နယ်အတွင်း နှစ်ဦးနှစ်ဘက်မှ သဘောတူထားသော အပစ်ရပ်စာချုပ်ပါ အချက်များနှင့် ငြိမ်းချမ်းရေးဖြစ်စဉ် ဖေါ်ဆောင်နေမှုအား ထိခိုက်သွားမည်ကို စိုးရိမ်ကြောင်း ကရင်နီ အရပ်ဘက်အဖွဲ့အစည်းများမှလည်း ထုတ်ပြန်ကြေညာချက်တစ်ရပ်ကို ဒီဇင်ဘာ ၂၂ နေ့ ညနေပိုင်းက ထုတ်ပြန်ခဲ့သည်။

KNPP အရိုးအိုး ဓါတ်ပုံ – KNPP ဆက်ဆံရေးရုံး(လွိုင်ကော်)

သက်ဆိုင်ရာနှစ်ဦးနှစ်ဘက် တာဝန်ရှိသူများမှ ဖြစ်ရပ်အပေါ် မှန်ကန်စွာအဖြေရှာညှိနှိုင်း ဆောင်ရွက်မှု များပြုလုပ်ပေးပါရန်လည်း တောင်းဆိုကြောင်း ၎င်းထုတ်ပြန်ကြေညာချက်က တိုက်တွန်းထားသည်။

ယင်းကိစ္စမတိုင်ခင် ဒီဇင်ဘာလ ၁၉ ရက်နေ့ ညနေ ၅ နာရီအချိန်တွင် ရှားတောမြို့မှ ပြန်လာသော ဒကစ၏ ရိက္ခာယာဉ်များတွင် သစ်များသယ်ဆောင်သည်ဟု ဒေသခံများ သတင်းပေးချက်အရ အဆိုပါ ရ မိုင်ဂိတ်မှ KNPP တပ်သားများမှ စစ်ဆေးမှုပြုလုပ်ခဲ့ပြီး နောက်တစ်နေ့တွင် အဆိုပါ ကင်းစခန်းအား တပ်မတော်မှ ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။

အခင်းဖြစ်ပွားပြီးနောက် အဆိုပါနေရာသို့ KNPP မှ သွားရောက်စစ်ဆေးခဲ့ရာတွင် တိုက်ပွဲဖြစ်ပွားခဲ့သည့် လက္ခာဏာများ မတွေ့ရသည့်အပြင် မီးသဂြိ င်္ုလ်ထားသော အနေအထားများလည်း မတွေ့ရှိခဲ့ရကြောင်း အတွင်းရေးမှူး(၂) ခူဒယ်နီယာယ်က ပြောသည်။

“ကျနော်တို့ ခံစားရတာကတော့ မတရားဘူး။ တကယ်လို့ တိုက်ပွဲဖြစ်လို့ ကျတယ်ဆိုရင်တော့ တိုက်ပွဲဖြစ်ရင် အကျအဆုံးတော့ ရှိမှာပဲလေ။ စစ်တပ်မှာလည်း သူတို့ ဥပဒေရှိတာပဲ။ ဥပမာ ဘာမှ ခုခံမှုမလုပ်ဘဲနဲ့ လာတဲ့လူတစ်ယောက်ကို သူတို့ သတ်ပိုင်ခွင့်မရှိဘူး။ သူတို့ ဥပဒေကို သူတို့ ချိုးဖေါက်တာပဲလို့ ကျနော်မြင်တယ်။”ဟု ၎င်းက ဆိုသည်။

အဆိုပါအခင်းဖြစ်ပွားခဲ့သော ကင်းစခန်းနှင့် အနီးဆုံးနေရာရှိ ဈေးဆိုင်၏ ဆိုင်ရှင်ကို ကန္တာရဝတီတိုင်း(မ်)မှ သွားရောက်မေးမြန်းခဲ့ရာတွင်လည်း ဒီဇင်ဘာ ၁၉၊ ၂ဝ ရက်နေ့အတွင်း ယင်းနေရာများ၌ တိုက်ခိုက်ပစ်ခတ်သံများ တစုံတရာမကြားမိကြောင်း ပြန်လည်ဖြေကြားသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ဒကစ(လွိုင်ကော်)၏ တာဝန်ရှိသူအနက် တစ်ဦးဖြစ်သော ဗိုလ်မှူးမျိုးမင်း(၀၉၅၀၄၈၀၃၈)ထံသို့ ကန္တာရဝတီတိုင်း(မ်)က ဖုန်းဖြင့် ဒီဇင်ဘာလ ၂၂ ရက်နေ့ မွန်းတည့် ၂ နာရီက ၃ ကြိမ်တိတိ ဆက်သွယ်ခဲ့သော်လည်း ဖုန်းပိတ်ထားသည်။

အဆိုပါ ရ မိုင် ကေအဲန်ပီပီ ယာယီဂိတ်စခန်းသည် ၂၀၁၂ ခုနှစ် ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် လက်မှတ်ရေးထိုးထားပြီးနောက် တရားမဝင် သယ်ဆောင်လာသည့် သစ်တောထွက်ပစ္စည်းများနှင့် မူးယစ်ဆေးဝါးများကို စစ်ဆေးမှုများ ပြုလုပ်ရန် ရည်ရွယ်၍ ထားရှိခြင်းဖြစ်ကြောင်း သိရသည်။

ရိက္ခတင်ယာဉ်တန်းကို ဒီဇင်ဘာလ ၁၉ ရက်နေ့က ရှားတောမြို့ တာတမောနေရာတွင် တွေ့ရစဉ်

KNPP သည် အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) ကို လက်မှတ်ရေးထိုးနိုင်ရေး အတွက် အစိုးရနှင့် ညှိနှိုင်းနေသည့် အဖွဲ့ဖြစ်ကာ
ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တပ်ပေါင်းစု အဖွဲ့ဝင်လည်းဖြစ်သည်။

တပ်မတော်အစိုးရနှင့် ကေအဲန်ပီပီသည် ၁၉၉၅ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးခဲ့သော်လည်း ၃ လ အကြာတွင် တိုက်ပွဲပြန်ဖြစ်ပြီး ပျက်သွားခဲ့သည်။ သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက် ၂၀၁၂ ခုနှစ်တွင် ဆွေးနွေးမှုများ ပြန်လည် စတင်ခဲ့ပြီး ယခု NLD အစိုးရလက်ထက်တွင် ငြိမ်းချမ်းရေးအတွက် ညှိနှိုင်းနေဆဲ အခြေအနေမှာပင်ရှိနေသည်။

spot_img
spot_img

Recent posts