ကန္တာရဝတီတိုင်း ( မ် )
ကရင်နီအမျိုးသမီးအစည်းအရုံး(KNWO) လက်အောက်ကနေ ဖွင့်လှစ်ထားတဲ့ အမျိုးသမီး စွမ်းရည်မြှင့်တင်ရေး စီမံကိန်း(WSP) ကျောင်းကနေ အပတ်စဥ် (၁၉) အတွက် ကျောင်းသူတွေကို မေလ ၅ ရက်နေ့မှာ စတင်ခေါ်ယူနေပြီလို့ သိရပါတယ်။
ကျောင်းမှာတော့ ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေး ၊ ငြိမ်းချမ်းရေး ၊ ပညာရေး ၊ အမျိုးသမီးအရေး ၊ အခြေခံအင်္ဂလိပ်စာ တွေအပြင် ကျောင်းပြင်ပလှုပ်ရှားမှုတွေကိုလည်း သင်ကြားပေးနေတယ်လို့ သိရပါတယ်။
ပညာသင်နှစ် ၁ နှစ်ကြာမြှင့်မှာဖြစ်ပြီး ကျောင်းတွင်း သင်ကြားမှု (၁၀) လ နဲ့ ကျောင်းပြင်ပလှုပ်ရှားမှု ၂ လ တာ ဖြစ်ပါတယ်။
ကျောင်းပြင်ပ လှုပ်ရှားမှုအနေနဲ့ အလုပ်သင်ဆင်းကာလ ၂လတာ အစီအစဥ်ကို ၂၀၂၅-၂၀၂၆ ပညာသင်နှစ်မှာ စီစဉ်ဆောင်ရွက်ထားတယ်လို့ ကရင်နီအမျိုးသမီး အစည်းအရုံး(KNWO) ရဲ့ ဥက္ကဌ မော်ဖရေမြာက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။
“CBO/CSO တွေမှာ အလုပ်သင်ဆင်းဖို့ရှိပါမယ်။ နောက်ပြီးလို့ရှိရင် အခြားနိုင်ငံ အခြားတက္ကသိုလ်တွေဖြစ်တဲ့ ပုံမှန် ကျမတို့ လုပ်ဖြစ်တဲ့ ကိုးရီးယားတို့ ၊ဖိလစ်ပိုင်တို့ နဲ့ Exchange လုပ်ပြီး ကျောင်းသားရင်းနှီးမှုတည်ဆောက်တာတွေ၊ ကျောင်းအတွေ့အကြုံဝေမျှကြတာတွေလုပ်တာရှိတယ်။ ပြီးတော့ အခြား ပညာရှင်တွေ ဖိတ်ပြီး အသိပညာ မျှဝေတာတွေ လုပ်တာရှိတယ်။”လို့ မော်ဖရေမြာက ဆိုပါတယ်။

လျှောက်ထားလိုသူ ကျောင်းသူတွေအနေနဲ့ မြန်မာစာ၊ အင်္ဂလိပ်စာ အခြေခံ အရေး၊ အဖတ် တတ်မြောက်ရမှာဖြစ်ပါတယ်။ အမှန်တကယ် ပညာသင်ယူဖို့ စိတ်အားထက်သန်စိတ်ရှိရမှာဖြစ်ပြီး ပညာသင်နှစ်ပြီးဆုံးအောင် တက်ရောက်နိုင်သူ ဖြစ်ရမယ်လို့ သတ်မှတ်ထားပါတယ်။
ကျောင်းလျှောက်ဖို့အတွက် မေလ ၅ ရက်နေ့မှာ လျှောက်လွှာစတင်ယူနိုင်ပြီး ၂၀၂၅ ခုနှစ် မေလ (၁၆) ရက်နေ့ နောက်ဆုံးထားလျှောက်လွှာ တင်ရမှာဖြစ်ပါတယ်။ လျှောက်လွှာကိုတော့
ကရင်နီ ဒုက္ခသည်စခန်းအမှတ်(၁) ၊ ရပ်ကွက်(၁၄) ၊ KNWO ရုံးမှာ လာရောက်ယူနိုင်တယ်လို့ ဆိုပါတယ်။
အဲ့ဒီနောက် စာတွေ့ စာမေးပွဲဖြေဆိုမှု နဲ့ အင်တာဗျူး မေးမြန်းမှုတွေကို ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဇွန်လ ၂ ရက်နေ့မှာ ဖွင့်လှစ်မယ့် အပတ်စဉ် ( ၁၉ ) အတွက် ကျောင်းသူ ၃၅ ဦး လက်ခံသွားမယ်လို့ မော်ဖရေမြာက ဖြည့်စွက်ပြောဆိုထားပါတယ်။
အမျိုးသမီး စွမ်းရည်မြှင့်တင်ရေး စီမံကိန်းဖြစ်တဲ့ (WSP) ကျောင်းကို ပြီးခဲ့တဲ့ ၂၀၀၆ ခုနှစ်ကတည်းက ဖွင့်လှစ်ထားတာပါ။