spot_imgspot_imgspot_imgspot_img
Thursday, April 18, 2024
spot_imgspot_imgspot_imgspot_img

“NCA ထိုးဖို့ထက် ယုံကြည်မှု တည်ဆောက်ဖို့ က အရေးကြီးတယ်”

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီ ခူးထဲဘူး

NCA ထိုးဖို့ ဖိအားပေးတိုက်တွန်းတာထက် သဘောတူညီထားချက်တွေကို အကောင်ထည်ဖော်ပြီး ယုံကြည်မှုတည်ဆောက်ပေးရင် အနာဂါတ်အပစ်ခတ်ရပ်စဲရေးဆီကို အမြန်ရောက်နိုင်မယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီ ခူးထဲဘူးက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၃ ရက်နေ့မှာ ပြည်နယ်အစိုးရ တာဝန်ရှိသူများနဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တို့ ၂၀၂၀ အတွင်း ပထမဆုံးအကြိမ် ပြန်လည်တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံဆွေးနွေးမှု အခြေအနေနဲ့ ပြည်နယ်အတွင်း အခြေအနေတွေကို ဗဟိုအလုပ်အမှုဆောင် ကော်မတီ ခူးထဲဘူးကို တွေ့ဆုံမေးမြန်းထားပါတယ်။

ကန္တာရဝတီတိုင်း(မ်) ။ ။ ဆရာတို့နဲ့ ပြည်နယ်အစိုးရနဲ့ တွေ့ဆုံဆွေးနွေးမှု အခြေအနေ ဘယ်လိုရှိလဲ။

ခူးထဲဘူး ။ ။ ကျတော်တို့က ပုံမှလစဉ်တွေ့ဆုံတဲ့အစည်းအဝေးပဲဖြစ်တယ်။ အဓိကကတော့ မြေပြင်မှာ ကရင်နီပြည်နယ်( ကယားပြည်နယ်) အတွင်းမှာ ဖြစ်ပျက်နေတဲ့ ပြသနာတွေကို ဝိုင်းဝန်းပြီးတော့မှ ဖြေရှင်းဖို့၊ နောက်ပြီးတော့ သဘောတူညီထားချက်တွေ အပေါ်မှာ လေးစားလိုက်နာဆောင်ရွက်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ အပြန်အလှန်တွေ့ဆုံ ဆွေးနွေးဖို့ပေါ့လေ။ သို့သော် မတွေ့တာကြာပြီဆိုတော့ ပုံမှန်လည်း မတွေ့နိုင်ကြဘူးပေါ့နော။ ၂၀၂၀ ခုနှစ်မှာဆိုရင် အခုမှ ပထမအကြိမ် ပြန်တွေ့ကြတာပေါ့လေ။

ကန္တာရဝတီတိုင်း(မ်) ။ ။ ဆရာတို့အနေနဲ့ လာမဲ့ ရှေ့ဆက် လုပ်ငန်းစဉ်တွေကို ဘာတွေကို အဓိက အကောင်အထည်ဖော်ဆောင်သွားကြဖို့ ဆွေးနွေးထားကြလဲ။

ခူးထဲဘူး ။ ။ အဓိက ဖွံ့ဖြိုးရေး ကိစ္စပေါ့။ ပထမ ကျတော်တို့ ဘက်က တင်ပြဆွေးနွေးတာကတော့ ဒီသဘောတူညီထားတဲ့ စပြီးတော့ အပစ်ခတ်ရပ်စဲရေး လုပ်တော့ ပြည်နယ်အဆင့်မှာသော်လည်းကောင်း၊ ပြည်ထောင်စုအဆင့်မှာသော်လည်းကောင်း၊ ကျတော်တို့ သဘောတူညီထားတဲ့ အချက်အလက်အပေါ်မှာ ပြည်နယ်အစိုးရကနေပြီးတော့ လေးစားလိုက်နာပေးဖို့ အကောင်အထည်ဖော်ပေးဖို့ ဆိုတဲ့ အချက်ကို ကျတော်တို့ တင်ပြတယ်။ အဲ့ဒါနဲ့ ဆက်စပ်ပြီးတော့မှ အခုဖြစ်ပျက်နေတဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ နောက်ပြီးတော့ သွားလာလုပ်ရှားမှုတွေပေါ့လေ။ တပ်ရဲ့ သွားလာလှုပ်ရှားမှုတွေက ကျတော်တို့ ဒီသဘောတူညီမှုတွေနဲ့ ကွာဟချက် ဖြစ်နေတယ်ပေါ့လေ။ ဆိုတော့ အဲ့ဒီအပေါ်မှာ လေးစားလိုက်နာပြီးတော့မှ အကောင်အထည်ဖော် ဆောင်ရွက်ပေးဖို့ ဒါမှသာလျှင် ကျတော်တို့ ရည်မှန်းထားတဲ့ အနာဂါတ် အပစ်ခတ်ရပ်စဲရေးကို ခိုင်မြဲစေမယ်။ နောက်ပြီး ငြိမ်းချမ်းရေးဖြစ်စဉ်ကိုလည်း အရွေ့တစ်ခု ဖြစ်သွားနိုင်တယ်ပေါ့လေ။ အဲ့လိုမျိုး တင်ပြတယ်ပေါ့လေ။ သို့မဟုတ်ရင် ဒုံရင်းဒုံရင်းပေါ့။ ပြည်နယ်အစိုးရကသော်လည်းကောင်း၊ တပ်ကသေ်ာလည်းကောင်း၊ NCA လက်မှတ်ထိုး နိုင်ငံရေးဆွေးနွေးပွဲတွေ ဝင်နိုင်ဖို့ ရွေးကောက်ပွဲတွေ ဝင်၊ လက်နက်တွေအပ်၊ နောက်ပြီးတော့ နိုင်ငံရေးထောင်၊ ထောင်ပြီးရင် ရွေးကောက်ဝင် အဲ့လိုပဲ ခနခန ပြောရင်တော့ ကျတော်တို့ အရွေ့တစ်ခုကို မသွားနိုင်ဘူး။ အဓိကကတော့ ကျတော်တို့ရဲ့ ဒီသဘောတူညီချက်ကို လေးစားလိုက်နာပေးပြီးတော့မှ အဲ့ဒါကို အကောင်အထည်ဖော်ပေးမယ်ဆိုရင် ယုံကြည်မှု တစ်ဆင့် ကျတော်တို့ တက်ရောက်နိုင်မှာပါ။ ယုံကြည် စိတ်ချရပြီဆိုရင် ကျတော်တို့ တစ်ဆင့်တစ်ဆင့် အရွေ့ကို သွားနိုင်မယ်လို့ အဲ့လို ပြန်ပြီးတော့ ညှိနှိုင်းကြတာပေါ့လေ။ နောက်ပြီး ဖွံ့ဖြိုးရေး သဘောတူညီချက်မှာကလည်း ရှိထားတယ်။ ကရင်နီပြည်သူ၊ ပြည်သားများအတွက် ဖွံ့ဖြိုးတိုးတက်ရေးပေါ့။ စီမံကိန်းတွေ ဆောင်ရွက်မယ်ဆိုရင် ကျတော်တို့ မစခင်ကတည်းကိုက ပူးပေါင်းဆောင်ရွက်ဖို့၊ ကွင်းဆင်းဖို့၊ သဘောတူညီချက် ရယူဖို့ အဲ့ဒါတွေပြီးမှ အကောင်အထည်ဖော်ဆောင်ရွက်ဖို့၊ ဆိုတော့ ဆင့်ကဲ ဆင့်ကဲ အတူတူ တွဲလုပ်သွားဖို့ အဲ့လိုမျိုး ကျတော်တို့ ချပြခဲ့ပါတယ်။ ဒီအပေါ်မှာလည်း ပြည်နယ်အစိုးရက ယခုလက်ရှိပေါ့လေ သူတို့နားလည်တာက တမျိုးလို့ အဲ့လို သူတို့ပြောပါတယ်။ အခုက ပူးပေါင်းဆောင်ရွက်မယ်ဆိုတာက ဒီတင်ပြထားပြီးမှ ဘတ်ဂျက်တွေ ကျလာပြီဆိုရင် အဲ့ဒီအပေါ်မှာ ပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့ အနေအထားမျိုး၊ နောက်ပြီးတော့ သဘောတူညီမှု ရယူမယ်ဆိုတဲ့ အခြေအနေမျိုး ဖြစ်နေတော့ ကျတော်တို့အတွက် ခက်ခဲတာပေါ့လေ။ ဒီအပေါ်မှာ ကျတော်တို့ အပြန်အလှန် နားလည်မှု ကွဲလွဲတာပေါ့။

ကန္တာရဝတီတိုင်း(မ်) ။ ။ ရှေ့ဆက်ကော ဆရာတို့ လစဉ်ပုံမှန် ပြန်လည်တွေ့ဆုံသွားဖို့ အစီအစဉ်ရှိလား။

ခူးထဲဘူး ။ ။ ရှိပါတယ်။ ကျတော်တို့ ကိုယ့်ရဲ့ ပြည်နယ်မှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက်၊ နယ်မြေတည်ငြိမ် အေးချမ်းသာယာရေးအတွက်၊ ငြိမ်းချမ်းရေး ရှေ့ဆက် အရွေ့တစ်ခု ဖြစ်နိုင်ဖို့အတွက်ကို ကျတော်တို့ အမြဲတမ်း ရှေ့ ဆက် ပုံမှန် တွေ့ဆုံမှု ဆုံးဖြတ်ချက်ချထားပြီးသား သို့သော် အစိုးရဖက်ကသော်လည်းကောင်း၊ ကျတော်တို့ အဖွဲ့အစည်းဖက်က မအားမလပ်ကြတာနဲ့ လစဉ် မလုပ်နိုင်ဘူး။ သို့သော် အနည်းဆုံးတော့ နှစ်လတစ်ခါပေါ့။ ပုံမှန်ကတော့ လုပ်ရမှာပေါ့နော။ မလုပ်နိုင်ရင်တော့ ဆက်တိုက်ပေါ့ အခြေအနေအပေါ်မှာ လုပ်သွားဖို့ ရှိပါတယ်။

ကန္တာရဝတီတိုင်း(မ်) ။ ။ ဆရာတို့နဲ့ ဒီအစိုးရတို့၊ တပ်မတော်တို့နဲ့ သဘောတူညီထားတဲ့အချက်တွေထဲမှာ ဘယ်အချက်ကို ချိုးဖောက်တာ အများဆုံးဖြစ်တယ်လို့ ပြောလို့ရနိုင်မလဲ။

ခူးထဲဘူး ။ ။ သူတို့အကြောင်းပြတာကတော့ နားလည်မှု လွဲမှားတယ်ပေါ့လေ။ ဒီသဘောတူညီချက်အပေါ်မှာပေါ့လေ။ တကယ်တမ်းဆိုရင် ဒီဖွံ့ဖြိုးရေးအပိုင်းမှာဆိုရင် အကောင်အထည်ဖော်တဲ့ နေရာမှာက ပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့နေရာမှာက သူတို့က ဖြစ်တာက ဘတ်ဂျက်ရလာပြီဆိုရင် ပူးပေါင်းဆောင်ရွက်ကြမယ်။ လုပ်ခွင့်ပေးဖို့။ လူထုနဲ့အတူ ပူးပေါင်းပါဝင်ပေးဖို့။ ဒါလုပ်မယ်။ လူထုအတွက်ပဲ။ ကျတော်တို့ဖက်က အဲ့လိုမျိုး မဟုတ်ဘူး ကျတော်တို့က ပူးပေါင်းဆောင်ရွက်မယ်ဆိုတာ အစကတည်းက ပရော့ဂျက်တစ်ခုကို လုပ်တော့မယ်ဆိုရင် ဒါကို လုပ်ချင်တယ်။ လုပ်မယ်ဆိုရင် လူထုကလည်း တကယ်သဘောတူရမယ်။ နောက်ပြီးတော့ ကျတော်တို့ဖက်ကလည်း လူထုအတွက် တကယ်အကျိုးရှိတဲ့ စီမံကိန်းမျိုးဆိုရင်တော့ ကျတော်တို့ အတူတူ လိုအပ်မှု အကဲဖြတ်ခြင်းကို ကျတော်တို့ လုပ်ရမလား။ ပြီးတော့မှ လူထုက တကယ်စိတ်ပါဝင်စားတယ်ဆိုရင် ကျတော်တို့ ကုန်ကျတဲ့ စရိတ်တွေကအစပေါ့လေ။ လူထုက ပါဝင်မှု ဘယ်လောက်ထိ အတိုင်းအတာရှိသလဲ။ လူထုက တကယ်လိုအပ်၊ မလိုအပ် ကျတော်တို့ ဆုံးဖြတ်ကြပြီးတော့ပေါ့။ ကျတော်တို့ အစကတည်းက စဉ်းစားကတည်းကိုက ပူးပေါင်းရမယ်ဆိုတဲ့ အနေအထားမျိုးမှာ ကျတော်တို့က အဲ့ဒါကို စဉ်းစားရမယ်။ ဒါကို ထည့်သွင်း သဘောတူထားတာပေါ့။ ဒါပေမဲ့ သူတို့ဖက်ကတော့ အဲ့လို မဟုတ်ဘူးပေါ့။ ငွေကြေး၊ ဘတ်ဂျက်တွေ ကျပြီးတော့မှ ဆောင်ရွက်မယ်ဆိုတဲ့ဟာမျိုးလောက်ပဲ ထားတာကို သူတို့ကတော့။ ကွဲလွဲတာပေါ့။ ကွဲလွဲတာတွေ့တော့ ဒါကို ပြည်နယ်အဆင့်မှာပဲ ပြောကြမယ်ဆိုရင် သိပ်ထိရောက်မှာ မဟုတ်ဘူးပေါ့။ ဒါကြောင့် ဒီပြည်ထောင်စု အဆင့်မှာ အဲ့ဒီကိစ္စကို ထည့်သွင်းပြီးတော့မှ KNPP ကနေ propose လုပ်ပြီးတော့မှ ထည့်သွင်း ဆွေးနွေးပေးဖို့ နောက် အဲ့ဒါကို သူတို့က ညွန်ကြားချက်ထုတ်လာမယ်ပေါ့လေ ပြည်နယ်အဆင့်ကို။ ဆက်လက် အကောင်အထည်ဖော်သွားဖို့ ဆုံးဖြတ်ချက် ချလိုက်တယ်။

ကန္တာရဝတီတိုင်း(မ်) ။ ။ NCA လက်မှတ်ရေးထိုးနိုင်ရေးနဲ့ ပတ်သက်ပြီးတော့ရော ပြည်နယ်အဆင့်မှာ ဆွေးနွေးဖြစ်ကြသေးလား။

ခူးထဲဘူး ။ ။ NCA ကတော့ ကျတော်တို့ မဆွေးနွေးဘူး။ ဒါပေမဲ့ သူတို့ကတော့ နည်းနည်းတော့ ပြောတာပေါ့။ ဘယ်လိုပဲ ဖြစ်ဖြစ် နိုင်ငံရေးကို သွားချင်တယ်။ ဖွံ့ဖြိုးရေးကို လွတ်လွတ်လပ်လပ် လုပ်ချင်တယ်။ နောက်ပြီးတော့ ကျတော်တို့ လူထုစည်းရုံးရေး ဆင်းချင်တယ်။ စီးပွားရေးကို ပိုမိုပြီးတော့မှ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ချင်တယ်ဆိုရင်တော့ KNPP ကနေ NCA လမ်းကြောင်းကိုသွားပြီးတော့မှ လက်မှတ်ထိုး၊ ပါတီထောင်၊ ရွေးကောက်ပွဲတွေ ဝင်ပေါ့။ ဒါမှ အဲ့ဒီမှာ ကျတော်တို့က နိုင်ငံရေး ဆွေးနွေးပွဲတွေ လုပ်နိုင်တယ်။ နောက် စီးပွားရေးလုပ်ငန်းတွေ ပိုမို တွင်တွင်ကျယ်ကျယ် လုပ်နိုင်တယ်။ ဖွံ့ဖြိုးရေး လုပ်ငန်းတွေကို လူထုနဲ့ ပူးပေါင်းပြီးတော့မှ ပြည်နယ်အစိုးရနဲ့ ပူးပေါင်းပြီးတော့မှ ရှင်းရှင်းပြောရရင် ၂၀၀၈ ဥပဒေရဲ့ အောက်မှာ တူတူလုပ်သွားဖို့ပေါ့လေ။ သူတို့က အဲ့လိုပဲ လမ်းကြောင်းပေးတာပေါ့နော။ အဲ့လိုတော့ သူတို့ ပြောလာတာ ရှိပါတယ်။

ကန္တာရဝတီတိုင်း(မ်) ။ ။ NCA နဲ့ ပတ်သက်ပြီးတော့ရော ဆရာတို့ဖက်က တစ်စုံတစ်ရာ ဖိအားပေးခံရတာမျိုးတွေ ရှိလား။

ခူးထဲဘူး ။ ။ ခုနက ပြောခဲ့သလိုပဲပေါ့။ ဖိအားပေးတယ်လို့ ပြောရမလား။ သူတို့ကတော့ အကြံပေးတယ်လို့ ပြောတာပဲ။ NCA ထိုး၊ ထိုးပြီးတော့ နိုင်ငံရေး ဆွေးနွေးပွဲတွေ လုပ်၊ ရွေးကောက်ပွဲဝင် နောက်ပြီးတော့ ဖွံ့ဖြိုးရေးတွေလုပ်၊ နိုင်ငံရေးပါတီထောင်၊ ရွေးကောက်ပွဲတွေဝင်လိုက်၊ အဲ့လိုမျိုးတွေပေ့ါ။ ဒါကိုတော့ ဖိအားပေးတယ်လို့ ပြောလို့တော့ ရမလားပေါ့။ သူတို့ဖက်ကတော့ အကြံပေးတာပါပေါ့။

ကန္တာရဝတီတိုင်း(မ်) ။ ။ ဆရာတို့ဖက်ကရော NCA လမ်းကြောင်းပေါ်ကို ဘယ်အဆင့်ထိ ရောက်နေပြီလို့ ပြောလို့ ရနိုင်မလဲ။

ခူးထဲဘူး ။ ။ ယုံကြည်မှု တည်ဆောက်တဲ့အခြေအနေအပေါ်မှာ မူတည်တယ်။ ပြည်နယ်အစိုးရနဲ့ သော်လည်းကောင်း၊ ပြည်ထောင်စု အစိုးရနဲ့ သော်လည်းကောင်း တွေ့တဲ့အချိန်မှာ ကျတော်တို့ကတော့ ခင်များတို့က လက်တွေ့ကျကျ ကျတော်တို့ကို ယုံကြည်မှု တည်ဆောက်ပြီးမှသာလျှင် ကျတော်တို့က NCA ကို ထိုးနိုင်မယ်ပေါ့။ သို့မဟုတ်ရင် အခုက ဖွံ့ဖြိုးရေးလုပ်မယ်ဆိုရင်လည်း ကျတော်တို့ သဘောတူညီထားတဲ့အတိုင်း မဖြစ်လာဘူး။ နောက်ပြီး ကျတော်တို့ စည်းရုံးရေးတွေ လုပ်ဖို့ကလည်း ကျတော်တို့ဆီမှာ လုပ်ပိုင်ခွင့်တွေ မရှိဘူး ဖြစ်နေတယ်။ ဆိုတော့ ကျတော်တို့က အခွင့်အရေး ဘာမှ မရှိဘူး။ နားလည်မှုလည်း ဘာမှ မရှိပေးနိုင်ဘူး ဆိုရင်တော့ ကျတော်တို့ ဒီ NCA လေးကို ပိုပြီး ဝေးလေလေပဲ ဖြစ်မယ်။ ဒါပေမဲ့ ကျတော်တို့ ယုံကြည်စိတ်ချမှု ရှိလောက်တဲ့ အနေအထားမျိုးကို သူတို့ အကောင်အထည်ဖော်ပေးနိုင်တဲ့ သဘောတူညီတွေကို အကောင်အထည်ဖော်ပေးနိုင်မယ်ဆိုရင်တော့ ကျတော်တို့ကတော့ လက်မှတ်ထိုးမှာပဲ။ ဒါပေမဲ့ ဘယ်အရာမှ သူတို့က လိုက်လျောတာ မရှိဘူးပေါ့နော။ ဥပမာ ဖွံ့ဖြိုးရေးဘာတွေ လုပ်မယ်ဆိုရင်လည်း ကျတော်တို့ကို အသိမပေးဘူး။ သူတို့ဘာသာ ဆောင်ရွက်ပြီးမှ ရလာမှ ပြောတာတို့၊ နောက်ပြီးတော့ တပ်မတော်ကလည်း သူတို့ အကျိုးအကြောင်း မပြောပြပဲနဲ့ သတင်းကြိုတင်မပေးပဲနဲ့ လှုပ်ရှားတာတို့ အဲ့လိုမျိုး ရှိတာကိုး။ ဆိုတော့ ကျတော်တို့က ဘယ်လိုမှ သူတို့ကို ယုံကြည်လို့ မရဘူးပေါ့လေ။ အဲ့လိုဖြစ်နေတယ်။

ကန္တာရဝတီတိုင်း(မ်) ။ ။ အခုလက်ရှိ ပြည်နယ်အတွင်းမှာ ဖြစ်ပျက်နေတဲ့ တောင်သူအရေးကရော ပြည်နယ်အစိုးရနဲ့ ဆွေးနွေးဖြစ်သေးလား။

ခူးထဲဘူး ။ ။ ဆွေးနွေးပါတယ်။ ဥပမာ ပြည်နယ်အတွင်းမှာဆိုရင် ဖွံ့ဖြိုးရေး လုပ်ငန်းတွေ၊ ငြိမ်းစုစီ ကိစ္စတွေပေါ့။ လူမှုအသင်းအဖွဲ့ရဲ့ လုပ်ရှားမှုတွေ၊ ပညာပေးမှုတွေကို ကန့်သတ်ထားတာတို့ ဘာတို့ကို တင်ပြဆွေးနွေးပါတယ်။ နောက်ပြီး ကျတော်တို့ အဖွဲ့အစည်းကနေသော်လည်းကောင်း သွားလာ လှုပ်ရှားမယ်ဆိုရင်လည်း ကျတော်တို့ အနေနဲ့ ပြည့်ပြည့်ဝဝ မရှိဘူးပေါ့လေ။ ကန့်သတ်ခံရတာတွေ ရှိတယ်စတာတွေကိုလည်း တင်ပြဆွေးနွေးပါတယ်။

ကန္တာရဝတီတိုင်း(မ်) ။ ။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာလည်း ဒီးမောဆိုမှာ ရှိတဲ့ (၁၀၂) တပ်ရင်းက ထီးဖိုးကလိုးအုပ်စုအတွင်းက ကျေးရွာတွေကို တပ်စခန်းပြုပြင်ဖို့ ဆိုပြီးတော့ သစ်၊ ဝါးတွေကို တောင်းယူတာတွေ ရှိတယ်လို့ သိရတယ် ဆိုတော့ ဒီအခြေအနေကိုရော ဆရာ ဘယ်လို သုံးသပ်ချင်ပါသလဲ။

ခူးထဲဘူး ။ ။ အမှန်ဆိုရင်တော့ စစ်တပ်က လူထုအပေါ်မှာ ဒါကတော့ အရင် အပတ်ခတ်မရပ်စဲခင်မှာ သူတို့ လုပ်နေကြပေါ့နော။ ဒါပေမဲ့ အခုကတော့ အပစ်ခတ်ရပ်စဲရေး လုပ်လိုက်ပြီဆိုရင် သူတို့က လူထုနားမှာ အကြွင်းမဲ့တောင်းစရာတော့ မလိုတော့ဘူးလေ။ သူတို့က လူထုကို တကယ့် အကာအကွယ်ပေးပြီးတော့မှ လူထုက ငါတို့ တကယ် ယုံကြည်အားကိုးရတဲ့ ပြည်သူ့ တပ်မတော် ဆိုရင်တော့ သူတို့က မတောင်းရင်လည်း လူထုက ပေးချင်ပေးမှာပေါ့လေ။ သဘောသဘာဝအရ ပြောတာပေါ့။ သို့သော် သူတို့က အမှန်ဆိုရင်တော့ မတောင်းသင့်တော့ပါဘူး။ သို့သော် သူတို့ တကယ်လိုအပ်လို့ လိုချင်တယ်ဆိုရင် သူတို့က လူထုရဲ့ သဘောတူညီမှုနဲ့ ဝယ်ရမှာ။ အဲ့လိုမျိုး ဖြစ်သင့်တာပေါ့လေ။ သူတို့ ပိုက်ဆံ ဘယ်လောက်ရှိရှိပေါ့ လူထုက မရောင်းချင်ဘူးဆိုရင်တော့ ယူဖို့ မလိုဘူးပေါ့။ အဲ့ဒါပါပဲ။

ကန္တာရဝတီတိုင်း(မ်) ။ ။ အခုဆိုရင် ဒေါဖုကျေးရွာနားမှာ တပ်မတော်ဖက်က တပ်စခန်းတိုးချဲ့ ထားတာရှိတော့ လူထုတွေဖက်ကလည်း စိုးရိမ်စိတ်တွေ ရှိနေကြသေးတယ်ဆိုတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ရော ဘာများ ပြောချင်ပါသလဲ။ ပြည်နည်အစိုးရနဲ့ တွေ့ဆုံတဲ့အခါမှာရော ဆွေးနွေးဖြစ်သေးလား။

ခူးထဲဘူး ။ ။ အမှန်ဆိုရင် ဒေါဖုရွာက စခန်းက သူတို့ လာမတည်ဆောက်သင့်ဘူး။ ဘာဖြစ်လို့လဲဆိုရင် အရင်တုန်းက တစ်ဖက်သတ် သူတို့က အပစ်ခတ်ရပ်စဲရေး ထလုပ်လိုက်တယ်။ ကျတော်တို့ကတော့ ၂၀၁၂ ခုနှစ် မတ်လကနေ စလုပ်လိုက်တယ်။ ဒီအပစ်ခတ်ရပ်စဲရေးက နှစ်ဦးနှစ်ဖက် သဘောတူညီမှု စစ်ရေးလှုပ်ရှားမှုတွေ၊ တပ်နေရာ ချထားမှုတွေက အခိုင်အလုံရှိထားရက်သားနဲ့ ၂၀၁၉ ခုနှစ်လောက်မှာ ထင်တယ်။ သူတို့ ထပြီးတော့မှ စီစဉ်လိုက်တာ တစ်ခုက သူတို့ တစ်ဖက်သတ် အပစ်ခတ်ရပ်စဲရေး လုပ်ပြီးတော့မှ အဲ့ဒီအတောအတွင်းမှာ သူတို့က မြန်မြန်လေး ရွေ့လျားလိုက်တယ်။ တပ်စခန်းတွေ လှုပ်ရှားမှုတွေကို ကရင်နီပြည်အတွင်းမှာဆိုရင် လေးနေရာပေါ့ သူတို့နေရာယူထားပြီးတော့မှ သူတို့ မပြန်တော့ပဲနဲ့ အဲ့ဒီအချိန်မှာ အမှန်ဆိုရင် အမိန့်က ထုတ်ထားပြီးသား။ ဒါကတော့ အမိန့်ထုတ်ထားပြီးပေမဲ့လည်း ဒီကိစ္စက သူတို့ ခရီးသွားနေတယ်။ လှုပ်ရှားနေတယ်။ အဲ့ဒီမှာ ရပ်တန့်ပြီးတော့ စခန်းထိုင်လိုက်တယ်။ အဲ့လိုမျိုး အကြောင်းပြရတာပေါ့လေ။ ဒါကတော့ မဖြစ်သင့်ဘူးပေါ့လေ။ ဒါကိုလည်း ကျတော်တို့ဖက်က ကန့်ကွက်ထားပါတယ်။ ဒါက မဖြစ်သင့်ဘူးပေါ့။ တပ်ကို လျော့ချရမဲ့အတူ ထပ်ပြီးတော့လုပ်တယ်ပေါ့။ ဒီကနေ့အထိလည်း အဲ့ဒါက အဆင်မပြေသေးပါဘူး။ အပစ်ခတ်ရပ်စဲရေး လုပ်ပြီး တပ်လှုပ်ရှားမှုတွေ၊ တပ်စခန်းတွေ လျော့ချလိုက်တော့ လူထုက စိတ်ဖိစီးမှုတွေကနေ သက်သာရာရတယ်လေ။ ဝမ်းသာတယ်လေ။ ဒါပေမဲ့ အခုက အဲ့လို ထပ်လုပ်လိုက်တော့ ဘယ်လိုမှ သူတို့က စိတ်သက်သာရာရမှာ မဟုတ်တော့ဘူး။ အရင်တုန်းကလို ပြန်ဖြစ်မှာကို စိုးရိမ်နေကြမှာပဲ။ ကျတော်တို့ကတော့ မလုပ်သင့်တော့ဘူးပေါ့။

ကန္တာရဝတီတိုင်း(မ်) ။ ။ ဟုတ်ကဲ့ ဆရာ့အနေနဲ့ ထပ်မံပြီး ဖြည့်စွက်ပြောချင်တာ ရှိသေးလား။

ခူးထဲဘူး ။ ။ လာတော့မဲ့ ၂၀၂၀ ရွေးကောက်ပွဲပေါ့နော လူထုကို ပြောချင်တာပေါ့လေ။ မှန်ကန်တဲ့ အများအတွက် ရပ်တည်ပေးပြီးတော့မှ လုပ်ဆောင်နိုင်မဲ့ ခေါင်းဆောင်ကို ရွေးချယ်ဖို့ပေ့ါနော။ တခါတလေကျရင်လည်း ပါတီက ပုံရိပ်တအားကောင်းတယ်။ သို့သော် ပုံရိပ်ကောင်းပြီး အကောင်အထည်ဖော်ပေးနိုင်မဲ့လူ မရှိရင်လည်း အဆင်မပြေဘူးပေါ့။ လက်တွေ့မှာ လူထုကို တကယ့်ကိုယ်စားပြုနိုင်မဲ့ ကိုယ်စားလှယ်တွေကို ရွေးချယ်တင်မြောက်ဖို့ ကျတော်တို့လည်း အားပေးပါတယ်။

ကန္တာရဝတီတိုင်း(မ်) ။ ။ ဟုတ်ကဲ့ အချိန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင့်။

spot_img
spot_img

Recent posts