spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

NLD အစိုးရမှ တပ်မတော်နှင့် ရင်ကြားစေ့ရေးကို ပိုမိုဦးစားပေးလုပ်ဆောင်နေဟုဆို

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရအနေဖြင့် တာဝန်ယူစဉ်ကာလတွင် တပ်မတော်နှင့် ပြန်လည်ရင်ကြားစေ့ရေးကိုသာ ဦးစားပေး လုပ်ဆောင်နေသည်ဟု ကယန်းအမျိုးသမီးအစည်းအရုံးက သုံးသပ်ပြောဆိုလိုက်သည်။

ယခုလ (၉) ရက်နှင့် (၁၀)ရက်နေ့တွင် ပြုလုပ်ခဲ့သည် ကယန်းအမျိုးသမီးအစည်းအရုံး၏ တတိယညီလာခံ၏ ပထမ ခြောက်လပတ် အစည်းအဝေးအပြီး ထုတ်ပြန်ကြေငြာချက်တွင် ထုတ်ပြန်ပြောဆိုလိုက်ခြင်းဖြစ်သည်။

ကရင်နီပြည်တွင်ဖြစ်ပေါ်နေသည့် ကရင်နီလူငယ်များကို ဖမ်းဆီးနေသည့်ပြသနာနှင့် တောင်သူများ၏ မြေယာများ စစ်တပ်မှ မတရားသဖြင့်သိမ်းဆည်းနေမှုကို အစိုးရမှ သိသော်လည်း အစိုးရအနေဖြင့် ပြည်သူတွေဘက်မှ ရပ်တည်ပေးခြင်းမရှိသည်ကို ကြည့်ခြင်းအားဖြင့် အစိုးရအနေဖြင့် တပ်မတော်နှင့် ရင်ကြားစေ့ရေးကို ပိုမိုအလေးပေးနေကြောင်း ကယန်းအမျိုးသမီးအစည်းအရုံး ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် မူထရေးဇာကပြောသည်။

၎င်းက “စစ်တပ်ကနေသိမ်းတဲ့ဟာကို မှားလားမှန်လားဆိုတာ လူထုကနေသိသလို လက်ရှိအစိုးရကလဲသိနေတယ်ပေါ့၊ ဒါပေမဲ့ ဒီအပေါ်မှာ တစ်စုံတရာဘာမှမပြောဘူး ဒီအတိုင်းဘဲလွတ်ထားပေးတယ်၊ တောင်သူတွေအနေနဲ့လည်း အချုပ်ကျခံပြီးအမှုရင်ဆိုင်နေရတာကို ကြည့်ခြင်းအားဖြင့် အစိုးရကစစ်တပ်နဲ့ပို ပြီး ရင်ကြားစေ့ရေးကိုသွားနေတာတွေ့ရတယ်ပေါ့နော် “ ဟုဆိုသည်။

လက်ရှိအချိန်စစ်တပ်မှတရားစွဲထားသည့် တောင်သူဦးရေမှာ ၂၂ ဦးရှိပြီး တရားစွဲဆိုခံရသည့် အထဲတွင်အမျိုးသမီး (၄) ဦးပါဝင်နေသည်ဟုလည်းသိရသည်။

တရားစွဲခံထားရသည့်အမျိုးသမီးများအနေဖြင့် တရားရင်ဆိုင်ရာတွင်အခက်အခဲများစွာရှိနေသဖြင့် တပ်မတော်မှ အမျိုးသမီးများကို တရားစွဲဆိုနေသည့်ကိစ္စကို ပြန်လည်သုံးသပ်သင့်သည်ဟု အမျိုးသမီးအခွင့်အရေးလှုပ်ရှားနေသည့်အဖွဲ့တစ်ခုဖြစ်သည့် Future Women Association မှ ဒါရိုက်တာ ဒေါ်စန္ဒာဝင်းကပြောသည်။

“ အမျိုးသမီးတွေကို တရားစွဲနေတာ မတရားမှန်းလူတိုင်းသိတယ်၊ အခုလို သူတို့တရားစွဲခံရပြီး အချုပ်ထဲကနေအမှုရင်ဆိုင်နေရတော့ သူတို့အတွက်၊ သူတို့မိသားစုအတွက် အခက်အခဲတွေအများကြီးရှိနေတယ်။” ဟုဆိုသည်။

ကယန်းအမျိုးသမီးအစည်းအရုံး၏ ထုတ်ပြန်ကြေငြာချက်များတွင် အချက် (၅) ချက်ပါရှိပြီး ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်တွင် တပ်မတော်မှ အလိုကျဦးဆောင်နေခြင်းကြောင့် ငြိမ်းချမ်းရေးဖြစ်စဉ်ရှေ့ဆက်မတိုးနိုင်ခြင်း၊ လက်နက်ကိုင်အကြား အပြန်အလှန်လေးစားမှုမရှိခြင်းနှင့် တပ်မတော်မှတိုင်းရင်းသားနယ်မြေတွင်စစ်အင်အားတိုးချဲ့နေခြင်း၊ တိုင်းရင်းသားလူမျိုးတို့၏သမိုင်းကို ဖော်ထုတ်သည့်ကရင်နီလူငယ်များကိုဖမ်းဆီးထောင်ချခြင်းနှင့် တောင်သူတို့၏လယ်မြေများကို စစ်တပ်မှမတရားသိမ်းပိုက်နေခြင်းများကို ပြင်းထန်စွာ ရှတ်ချကြောင်း နှင့် မဟာလူမျိုးကြီးဝါဒကို ဆက်လက်တွန်းလှန်သွားမည်ဖြစ်ပြီး စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် မိမိတို့နှင့် ခံယူချက်တူညီသည့် မဟာမိတ်အဖွဲ့အစည်းများနှင့် လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်းစသည့်အချက်များပါရှိသည်။

spot_img
spot_img

Recent posts