spot_imgspot_imgspot_imgspot_img
Monday, May 19, 2025
spot_imgspot_imgspot_imgspot_img

PNLO ရဲ့ ဌာနချုပ်ကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်၊ လူနေအိမ်တချို့ ထိခိုက်ပျက်စီး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်နယ်တောင်ပိုင်း ၊ မောက်မယ်မြို့နယ်အတွင်းမှာရှိတဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO/PNLA) ရဲ့ ဌာနချုပ်ကို စစ်ကောင်စီ နဲ့ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်(PNO) တို့က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ဌာနချုပ်အနီးနားက လူထုတွေရဲ့ နေအိမ်တချို့ ထိခိုက်ပျက်စီးသွားတယ်လို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်(PNLA) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

ယမန်နေ့ ဧပြီလ ၂၂ ရက်နေ့က မနက် ၈ နာရီကနေ ၁၁ နာရီအထိ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး လူထိခိုက်မှုတော့ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

“ဌာနချုပ် အနီးက ရွာတွေ နောင်ထောဝ်ကျေးရွာတွေကို ၈၀ မမ (လက်နက်ကြီး) တွေ ဟောင်ဝစ်ဇာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာ။ အနည်းဆုံး ၁၀ ကြိမ်ပေါ့လေ။ လူထုနေအိမ်တချို့ ပျက်စီးသွားတယ်။ လူထိခိုက်မှုတော့မရှိပါဘူး။ “ လို့ ခွန်ရိန်းယံက ဆိုပါတယ်။

ငလျင်ကူညီကယ်ဆယ်ရေးလုပ်ဆောင်ဖို့အတွက် စစ်ကောင်စီဟာ ဧပြီလ ၂ ရက်နေ့ကစပြီး ဧပြီလ ၂၂ရက်နေ့အထိ အပစ်ခတ်ရပ်စဲကြောင်းကြေငြာထားတာပါ။ ဒါ့အပြင် အပစ်ခတ်ရပ်စဲရေးကာလကို လည်း ဧပြီလကုန်အထိ ထပ်မံသက်တမ်းတိုး ကြေငြာထားသေးပေမယ့် လက်ရှိမှာတော့ ပစ်ခတ်တိုက်ခိုက်မှုတွေကို လုပ်ဆောင်နေဆဲဖြစ်တယ်လို့ ဒီကနေ့ ဧပြီလ ၂၃ ရက်နေ့မှာ PNLA က ထုတ်ပြန်ထားတာရှိပါတယ်။

ဒါ့အပြင် ပအိုဝ်းဒေသအတွင်းမှာ ပြည်သူတွေရင်ဆိုင်နေရတဲ့ သဘာဝဘေးအန္တရာယ် မြေငလျင်လှုပ်ပြီး နောက်ပိုင်းမှာလည်း တော်လှန်ရေးတပ်ဖက်က အပစ်ရပ်စဲထားပေမယ့် စစ်ကောင်စီဟာ မကြာခဏ တိုက်ခိုက်မှုတွေ လုပ်ဆောင်နေဆဲပဲလို့ ခွန်ရိန်းယံက အခုလို ဆက်ပြောပါတယ်။

“မြေငလျင်ဖြစ်ပြီးတဲ့နောက်ပိုင်းမှာ ပြန်လည်ထူထောင်ရေးတွေ ကျနော်တို့ ပအိုဝ်းဒေသမှာလည်း လူထိခိုက်သေဆုံးတာ နေအိမ် ပြိုတာလည်း ရှိတော့ ပြည်သူတွေရဲ့ ဒုက္ခကို ညှာတာတဲ့ အနေနဲ့ ကျနော်တို့ အပစ်ခတ်ရပ်စဲတာရှိပါတယ်။ ထိုးစစ်မလုပ်ကြဘူးပေါ့လေ။ ဒါပေမဲ့ စစ်ကောင်စီက အပစ်ရပ်ကြေငြာပြီးတာကိုမှ ကျနော်တို့ကို တိုက်ခိုက်တာရှိတာပေါ့လေ။”လို့ သူကဆိုပါတယ်။

အဆိုပါ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA ) ရဲ့ ဌာနချုပ်ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ကလည်း စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ဖူးပြီး လူထုကို ဝန်ဆောင်မှုပေးနေတဲ့ ဆေးခန်းပျက်စီးခဲ့ရတာရှိတယ်လို့ PNLA တပ်ဖွဲ့ဆီကနေ သိရပါတယ်။

spot_img
spot_img
spot_img

Recent posts