ကန္တာရဝတီတိုင်း(မ်)
ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ အတင်းအဓမ္မစုဆောင်းခံရတဲ့ PNO (ပအိုဝ်းပြည်သူ့စစ်) တပ်သားတစ်ဦးဟာ စစ်ကောင်စီတပ်သားတွေရဲ့ နှိပ်စက်မှုဒဏ်ကို မခံနိုင်တော့တာကြောင့် လက်နက်နှင့်တကွ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLA) တပ်ဖွဲ့ထံ ဝင်ရောက်ခိုလှုံလာခဲ့တယ်လို့ PNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံ က ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။
အဆိုပါ တပ်သားဟာ ပြီးခဲ့တဲ့ ဧပြီလ ၇ရက်နေ့မှာ ဝင်ရောက်ခိုလှုံလာခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
“သူက ဒီတောင်ကြီးမြို့မှာပဲ ပေါ်တာဆွဲခံရတယ်။ စစ်ကောင်စီက ပေါ်တာ ဆွဲသွားတယ်။ အဲ့တာ စစ်ကောင်စီက PNO ကိုပေးလိုက်တာပေါ့လေ။ PNO နဲ့အတူ တိုက်ခိုင်းတာပေါ့လေ။ အဲ့တာ ရှေ့တန်းမှာ စစ်ကောင်စီနဲ့အတူ သွားရတယ် တိုက်ရတယ်။ အဲ့တာ စစ်ကောင်စီနှိပ်စက်တာလည်းခံရတယ်။” လို့ ခွန်ရိန်းယံက ဆိုပါတယ်။
အဆိုပါ တပ်သားဟာ တောင်ကြီးမြို့မှာ အလုပ်လုပ်နေစဥ် ချစ်သူမိန်းကလေးကို သွားတွေ့ပြီး ပြန်လာရာကနေ စစ်ဆေးရေးဂိတ်တစ်ခုမှာ အတင်းအဓမ္မစစ်သားအဖြစ် စုဆောင်းခံခဲ့ရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ နှိပ်စက်မှုတွေကို မခံနိုင်တော့ပဲ ထွက်ပြေးလွတ်မြောက်လာတဲ့ အဆိုပါ PNO တပ်သားတစ်ဦးရဲ့ ထွက်ဆိုချက်ကိုလည်း ယမန်နေ့ ဧပြီလ ၁၆ ရက်နေ့မှာ PNLA ကထုတ်ပြန်ထားတာရှိပါတယ်။
ပအိုဝ်းဘာသာစကားနဲ့ စစ်ကောင်စီတပ်သားတွေရဲ့ နှိပ်စက်မှုအကြောင်းတွေကို ထွက်ဆိုလာတဲ့ အပေါ် ခွန်ရိန်းယံက အခုလို ပြန်လည်ပြောပြပါတယ်။
“PNO ပြည်သူ့စစ် ၁၂ဦးက ရှေ့တန်းမတက်ချင်လို့ အမိန့်မနာခံလို့ဆိုပြီး စစ်ကောင်စီက ပစ်သတ်လိုက်တယ်လို့ သူ့ထွက်ဆိုချက်ထဲမှာပါပါတယ်။ မျက်စိရှေ့မှာပဲလို့ပြောပါတယ်။ ပြီးတော့ ရှေ့တန်းမှာလည်း PNO ပြည်သူ့စစ်တွေကို စစ်ကောင်စီက လေးခွတွေနဲ့ ပစ်တာ၊ ဝါးဆစ်ပိတ်တွေနဲ့ ရိုက်တာ၊ ဓါးတွေနဲ့လှီးတာ သေတဲ့သူက သေ တာပေါ့လေ။ မသေတဲ့သူက ကျိုးတဲ့သူကကျိုး အများအပြားဖြစ်ကြတယ်ပေါ့။”လို့ ခွန်ရိန်းယံက ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်တွေဟာ ကျေးရွာအတွင်းရှိ ပြည်သူတွေရဲ့ စည်းစိမ်ပစ္စည်းတွေကို ခိုးယူတာ ဓားပြတိုက်တာတွေလည်း လုပ်နေတာရှိတယ်လို့ အဆိုပါ PNO တပ်သားတစ်ဦးရဲ့ ထွက်ဆိုချက်အရ သိရပါတယ်။
လက်ရှိမှာတော့ လက်နက်နဲ့အတူ ဝင်ရောက်ခိုလှုံလာတဲ့ တပ်သားတစ်ဦးကို ဆုငွေချီးမြင့်ကာ သူသွားချင်တဲ့နေရာ ပို့ဆောင်ပေးခဲ့တယ်လို့ PNLA တပ်ဖွဲ့ ဆီကနေ သိရပါတယ်။