spot_imgspot_imgspot_imgspot_img
Friday, April 19, 2024
spot_imgspot_imgspot_imgspot_img

ဒေါဆိုရှေ့မြေယာအမှုကို ပလပ် လိုက်ပေမယ့် တောင်သူတွေ မြေယာပြန်လည်ရရှိဖို့ လိုလားနေကြ

Author

Date

Category

မော်မီမြာ

ဒီကနေ့ ကယားပြည်နယ်၊ ပြည်နယ်တရားရုံးမှာ ဒီးမောဆိုမြို့နယ် ဒေါဆိုရှေ့တောင်သူ ၁၇ ဦးရဲ့ တပ်သိမ်းမြေယာအမှုကို ပလပ်လိုက်ပြီဖြစ်ပေမယ့် တောင်သူတွေရဲ့ မြေယာတော့ ပြန်ရနိုင်တဲ့အခြေအနေ မရှိသေးပါဘူး။

တောင်သူတွေရဲ့ အမှုကိုလိုက်ပါဆောင်ရွက်ပေးတဲ့ ရှေ့နေလည်းဖြစ် လက်ရှိ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ ကနေ ၂၀၂၀ ရွေးကောက်ပွဲမှာ ဒီးမော့ဆိုမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးစောခူးတလေ ကအခုလို ရှင်းပြပါတယ်။

တောင်သူတွေနဲ့ ဝန်းရံသူတွေကို ကယားပြည်နယ်တရားလွှတ်တော်ရုံးမှ ကနေ အောက်တိုဘာလ ၁၅ ရက်နေ့ ရုံးမှာ မြင်တွေ့ရစဉ်။ ဓါတ်ပုံ – Khu Ta Lay_ Poe Reh Facebook Page

“ တကယ်တမ်းပြောရမယ်ဆိုရင်တော့ ဒီအမှုတော့ ကျနောတို့ ထပ်ပြီးတော့ ပြစ်ဒဏ်ထပ်မတိုးဘူး နောက်ဒဏ်ငွေလည်းထပ်မဆောင်ရဘူးဆိုတော့ ဒါကတော့ အမှုတစ်ခုအနေနဲ့ ကြည့်ရမယ်ဆိုရင်တော့ အားရကျေနပ်မှုရှိတာပေါ့။ ဒါပေမယ့် တစ်ခုရှိတာတော့ ကျနောတို့ ဒီတောင်သူတွေရဲ့ ဆုံးရှုံးသွားတဲ့မြေယာ တွေတော့ ပြန်မရဘူးပေါ့။ အဲ့ဒါတော့ အားရကျေနပ်မှုမရှိဘူးပေါ့။ ” လို့ ဦးစောခူးတလေက ပြောပါတယ်။

ဒေါဆိုရှေ့တောင်သူတွေရဲ့ တပ်သိမ်းမြေယာတွေက အခုလက်ရှိအချိန်မှာ ပြန်မရသေးပေမယ့် တောင်သူတွေအတွက် မြေယာပြန်ရယူဖို့ နည်းလမ်းရှာရမယ်လို့ ကရင်နီပြည်နယ်တောင်သူလယ်သမားသမဂ္ဂ ဥက္ကဌ ဖြစ်ခဲ့ဖူးတဲ့ လက်ရှိ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ ကနေ ၂၀၂၀ ရွေးကောက်ပွဲမှာ ဖရူဆိုမြို့နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်(၈)ကနေ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုတူရယ်က ဆိုပါတယ်။

“ မြေယာကိုပြန်မရနိုင်ဘူးလို့လည်း ပြောလို့မရဘူး ဥပဒေအတိုင်းသာသွားလို့ရှိရင် ဥပမာ ပုံစံ ၇ ရထားတဲ့ တောင်သူတချို့မြေတွေကို တပ်ကသိမ်းထားတယ် ဆိုတဲ့ပေါ်မှာ ကျနောတို့ ဘယ်လိုရအောင် ပြန်ယူရမလဲဆိုတဲ့ဟာ မျိုးပဲ နည်းလမ်းရှာနေတာပေါ့။ တောင်သူတွေရဲ့ ဒီရက် အမှုပလပ်တဲ့အခါကျတော့ တောင်သူတချို့ကပျော်ကြတာပေါ့။ ပျော်တယ်ဆိုတာထက် ပျော်တယ် ဒါပေမယ့်လို့ရင်ထဲက ပျော်တဲ့အပျော်မျိုးမဟုတ်ဘူး။ ရင်ထဲမှာတော့ စိတ်မကောင်းဘူပေါ့။ သူတို့မြေမှ ပြန်မရသေးတာ အမှု ပလပ်ရုံပဲရှိသေးတယ်။ ဥပဒေအရတော့ အမှုပလပ်တယ် တကယ့်မြေကတော့ ပြန်မရသေးတဲ့အပိုင်းကတော့ သူတို့ကတော့ စိတ်မကောင်းဖြစ်တာပေါ့။ ကျနောတို့လည်း စိတ်မကောင်းဘူးပေါ့။ ” လို့ ပြောပါတယ်။

တပ်သိမ်းမြေယာထဲမှာ ပါဝင်တဲ့ ဒေါဆိုရှေ့တောင်သူ ဦးပါးရယ်ကတော့ လုပ်ကိုင်စားသောက်ဖို့အတွက် သိမ်းဆည်းလိုက်တဲ့မြေယာ ဒါမှမဟုတ် လျော်ကြေးပြန်ပေးသင့်တယ်လို့ မျှော်လင့်နေပါတယ်။

“ တောင်သူဖက်ကနေဆက်ပြီး တရားရင်ဆိုင်ဖို့ အင်အားလည်းမရှိဘူး။ ဆက်ပြီးသွားချင်တာပေါ့ ဒါပေမယ့် ဘယ်လိုဖြစ်ဖြစ်ကျနောတို့ တောင်သူလည်း တရားဥပဒေအရဆိုလို့ရှိရင် မသိနားမလည်ဘူးပေါ့နော။ ကျနောတို့တောင်သူတွေက သိနားလည်တာက တစ်နှစ်ဘာစိုက်စားရမလဲ။ ကျနောတို့ရိုးရာဓလေ့ပေါ့ တရားဥပဒေတော့မဟုတ်ပါဘူး။ ကျနောတို့ရိုးရာဓလေ့အရ ဒီတစ်နှစ်ဘာစိုက်မလဲ နောက်နှစ်အတွက် ဖူလုံအောင်ကျနောတို့ ဘယ်လိုလုပ်မလဲ။ စသဖြင့် ကျနောတို့တောင်သူတွေက ဒီလောက်ပဲသိတာပေါ့။ ” လို့ ဦးပါးရယ်က ပြောပါတယ်။

ပြီးခဲ့တဲ့ ၆၈နှစ်မြောက် ကယားပြည်နယ်နေ့မှာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကယားပြည်နယ်ကို လာရောက်ချိန်မှာ ဗိုလ်ချုပ်ကြေးရုပ်ကိစ္စအပါအဝင်၊ မြေယာနဲ့ ပတ်သက်တဲ့ ကိစ္စကို ဖြေရှင်းပေးဖို့ တောင်းဆိုတာလည်းရှိခဲ့ပါတယ်။

အခုလက်ရှိအစိုးရလက်ထက်မှာ အခုလိုပြသနာတွေ ကြုံတွေ့ရတဲ့အတွက် နောက်တက်လာမယ့် အစိုးရသစ်အနေနဲ့ ဒီလို မြေယာကိစ္စတွေကို ဖြေရှင်းပေးဖို့ မျှော်လင့်နေကြပါတယ်။

ဒေါဆိုရှေ့တောင်သူ မြေယာအမှု ဟာဆိုရင် အမြောက်တပ်(၃၆၀)က ၂၀၁၉ ဇူလိုင်လကတည်းက ဒေါဆိုရှေ့တောင်သူ ၁၉ ဦးကို တရားစွဲခဲ့တာဖြစ်ပြီး တရားရုံးချိန်းခေါ်ဆိုမှု တွေလည်း တောင်သူတွေ အကြိမ်များစွာ ရင်ဆိုင်ခဲ့ရပါတယ်။

တပ်မတော်က တောင်သူတွေကို ပိုင်နက်ကျူးလွန်မှုပုဒ်မ ၄၄၇ ၊ ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှု ပုဒ်မ ၆/ ၁ စတဲ့အမှု ၆ခုနဲ့ တရားစွဲခံရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်မှာ တောင်သူတွေ ကိုထောင်ဒဏ်၊ ငွေဒဏ်ချမှတ် လိုက်ပြီး ချုပ်ရက်နဲ့ ပြန်လွှတ်မြောက်ရာမှာ စစ်တပ်ကမကျေနပ်လို့ ပြင်ဆင်ချက်ထပ်တင်ပြီး ဒီကနေ့မှာပဲ အမှုပလပ်လိုက်တာဖြစ်ပါတယ်။

လက်ရှိအစိုးရလက်ထက်မှာ တောင်သူတွေနဲ့ တောင်သူအရေးဆောင်ရွက်နေကြတဲ့ အရပ်ဖက်တွေစုစုပေါင်း အယောက် ၄၀ ကို စစ်တပ်က တရားစွဲထောင်ချခဲ့တဲ့ဖြစ်တွေခံခဲ့ကြရပါတယ်။

spot_img
spot_img

Recent posts