ရွေးကောက်ပွဲတွင်ရှုံးနိမ့်ခဲ့တဲ့ ကယန်းအမျိုးသားပါတီက ပြင်ဆင်မှုတွေပြုလုပ်ပြီး ထပ်မံကြိုးစားမည်

0
3257

ကန္တာရဝတီတိုင်း(မ်)

နိုဝင်ဘာ ၈ ရက်ကကျင်းပခဲ့တဲ့ ၂၀၂၀ ပါတီစုံ အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မဲဆန္ဒနယ်အားလုံးနီးပါး ရှုံးနိမ့်ခဲ့တဲ့ ကယန်းအမျိုးသားပါတီအနေနဲ့ ပြင်ဆင်မှုတွေ ပြုလုပ်ပြီး ထပ်မံကြိုးစားသွားမယ်လို့ ပါတီဥက္ကဌ ခွန်းဘီထူးက ပြောပါတယ်။

“ပြင်ဆင်မှုတွေဆက်ရှိလိမ့်မယ်။ ဒါကိုအားကောင်းအောင်ဆက်လုပ်ဖို့လိုလိမ့်မယ်ပေါ့။ ကျွန်တော်သုံးသပ်တာက အဓိက လူထုတွေရဲ့နိုင်ငံရေးအပေါ်မှာရချင်တဲ့စိတ်က လူထုပေးတဲ့မဲအပေါ်ကွဲတယ်လို့ယူဆတယ်။ ကျွန်တာ်တို့ လူထုတွေကို ပိုပြီးရှင်းလင်းတဲ့နိုင်ငံရေးချပြမှုတွေ ပါတီဖက်မှာအရမ်းအားနည်းလို့လား။ ကျွန်တော်တို့ကိုရှိပြီး အားပေးတာထက် ပါတီမူဝါဒကိုအားပေးတယ်၊ ပါတီရဲ့ရပ်တည်ချက်ကို အမှန်တကယ်အားပေးတဲ့အနေအထား ဖြစ်အောင် ဖန်တီးဖို့လိုအပ်တယ်။ တိုင်းရင်းသားတွေရဲ့နိုင်ငံရေးက ဒီထက်ပိုပြီးတော့ စုစည်းဖို့လိုအပ်တယ်”လို့ ခွန်းဘီထူးက ပြောပါတယ်။

ကယားလူထုအနေနဲ့ နိုင်ငံရေးကိုအကဲဖြတ်သည့်နေရာမှာ ထင်ရှားသူဖက်သို့ လိုက်ပါခြင်း၊ ပါတီအနေနဲ့ နိုင်ငံရေးပေါ်လစီများကို တိုင်းရင်းသားများအားထိထိရောက်ရောက်မပြောပြနိုင်ခြင်း၊ ကိုဗစ်ကာလဖြစ်ခြင်း၊ အနိုင်ရတဲ့ပါတီက ငွေအင်အားသုံးပြီးအလှူဒါနပြုလုပ်တဲ့အတွက် အားကိုးရတဲ့ အခြေအနေဖြစ်ခြင်း စတဲ့ အကြောင်းအရင်းတွေကြောင့် ရှုံးနိမ့်ရခြင်းဖြစ်တယ်လို့ ခွန်းဘီထူးက သုံးသပ်ပြောဆိုပါတယ်။

ကယန်းအမျိုးသားပါတီသည် ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ်ရဲ့ ပြည်နယ်လွှတ်တော်မှာ နှစ်နေရာ၊ အမျိုးသားလွှတ်တော်မှာ တစ်နေရာ၊ ပြည်သူ့လွှတ်တော်မှာ တစ်နေရာနဲ့ ကယန်းလူမျိုးတိုင်းရင်းသားရေးရာမှာ တစ်နေရာ၊ ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်ရဲ့ ပြည်နယ်လွှတ်တော်မှာတစ်နေရာ၊ ကယားပြည်နယ် ဒီမော့ဆိုမြို့နယ်ရဲ့ ပြည်နယ်လွှတ်တော်မှာ တစ်နေရာနဲ့ အမျိုးသားလွှတ်တော်မှာတစ်နေရာ၊ မယ်စဲ့မြို့နယ်ရဲ့ ပြည်သူ့လွှတ်တော်မှာ တစ်နေရာနဲ့ ပြည်နယ်လွှတ်တော်မှာ တစ်နေရာ မဲဆန္ဒနယ် စုစုပေါင်း ၁၀ နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။

ယင်းသို့ ဝင်ပြိုင်ရာမှာ ရှမ်းပြည်နယ်မှ ကယန်းရေးရာဝန်ကြီးတစ်နေရာသာ အနိုင်ရရှိခဲ့ပြီး ကျန်တဲ့နေရာအားလုံးမှာ ရှုံးနိမ်ခဲ့ခြင်းဖြစ်ပါတယ်။

“၂၀၂၅အတွက် ကျွန်တော်တို့က လူထုကိုအစေခံဖို့ပါပဲ။ ဒါပေမယ့် လူထုကို အလုပ်အကျွေးပြုတဲ့နေရာမှာ ပိုကောင်းတဲ့မူဝါဒနဲ့ ပိုကောင်းတဲ့ ပလက်ဖောင်းသွားနိုင်ဖို့က လူထုတွေကို မဲတောင်းဆိုခြင်းဖြစ်တယ်ပေါ့နော်။ ဒီအတွက်ကို ကျွန်တော်တို့က ပြင်ဆင်သွားမှာဖြစ်တယ်။ ပြန်ခြုံရရင် နံပါတ်တစ်ကတော့ မူဝါဒကိုဆက်အားကောင်းအောင် ပါတီအဖွဲ့အစည်းကောင်းအောင်လုပ်ရမယ်။ နံပါတ်နှစ်ကတော့ တိကျတဲ့နိုင်ငံရေးစည်းရုံးမှုတွေ၊ မူဝါဒတွေချပြနိုင်ဖို့ အင်မတန်လိုအပ်တယ်။ နံပါတ်သုံးက ကျွန်တော်တို့ပါတီရဲ့ ညွှန့်ပေါင်းမဟာမိတ်လိုမျိုးပေါ့၊ တိုင်းရင်းသားပေါင်းစုံနဲ့ တစ်နိုင်ငံလုံးအဆင့်မှာကျွန်တော်တို့ရဲ့ မဟာမိတ်ကြီးက ဝင်ပြိုင်ပြီးမှ အစိုးရဖွဲ့နိုင်လောက်ထိအင်အားကို ကျွန်တော်တို့ပြနိုင်ဖို့တော့ လုပ်သွားရမယ်” လို့ ခွန်းဘီထူးက ဆက်ပြောပါတယ်။

ကယန်းအမျိုးသားပါတီအနေနဲ့၂၀၁၀ခုနှစ်ရွေးကောက်ပွဲမှာ ရှမ်းပြည်နယ်တောင်ပိုင်းဖယ်ခုံမြို့ မဲဆန္ဒနယ် နှစ်နေရာမှာ အနိုင်ရရှိခဲ့ပြီး ၂၀၁၅ခုနှစ်ရွေးကောက်ပွဲမှာ ဖယ်ခုံမြို့နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် မဲဆန္ဒနယ်အားလုံးရှုံးနိမ့်ခဲ့ပြီး ၂၀၁၇ကြားဖြတ်ရွေးကောက်ပွဲမှာတော့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းမရှိပေ။

ကယန်းအမျိုးသားပါတီကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ၂၀၁၀ ခုနှစ် ဧပြီ ၂၆ ရက်နေ့မှာ လျှောက်ထားခဲ့ခြင်းဖြစ်ပြီး ၂၀၁၀ခုနှစ် မေ ၄ ရက်မှာ တည်ထောင်ခွင့်ရခဲ့ကာ ၂၀၁၀ ခုနှစ် မေလ ၂၀ ရက်နေ့တွင် မှတ်ပုံတင်ခဲ့ရရှိခဲ့တယ်လို့ သိရပါတယ်။