spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

လွှတ်တော်သက်တမ်း ၅နှစ်အတွင်း ဟစ်တိုင်ကိုအသုံးပြုခွင့်မရှိခဲ့ဘူးလို့ လွှတ်တော်ဥက္ကဌပြော

Author

Date

Category

နော်ဒွေးအယ်ခူ

ကယားပြည်နယ်လွှတ်တော်သက်တမ်း ၅ နှစ်ပြည့်သွားပေမယ့်လည်း လွှတ်တော်ဝန်းအတွင်းမှာစိုက်ထူထားတဲ့ ဟစ်တိုင်ကို အသုံးပြုခွင့်မရှိခဲ့ဘူးလို့ ကယားပြည်နယ်လွှတ်တော်ဥက္ကဌ ဦးလှထွေးက ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် (၂၀)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(ဒုတိယ)နေ့ အခမ်းအနားအစီအစဉ်မှာ ပြည်နယ်လွှတ်တော်သို့ နှုတ်ဆက်အမှာစကားပြောကြားရာမှာ ထည့်သွင်းပြောဆိုသွားပါတယ်။

“ကျတော်ရည်ရွယ်ချက်ကတော့ ဆန္ဒပြမယ် မကျေနပ်ချက်ဘာညာပြောမယ်ဆိုလို့ရှိရင် မြို့ထဲမှာ လူတွေရှုပ်မယ် ကားလမ်းတွေပိတ်မယ်ပေါ့။ ကျတော်တို့ကလည်း မကျေနပ်တာလည်း မြန်မာနိုင်ငံသား ဖြေရှင်းပေးရမှာလည်းမြန်မာနိုင်ငံသားပေါ့။ ပေါင်းစပ်ပေးတာလည်း မြန်မာနိုင်ငံသားဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီဟာဆောက်ခဲ့တယ်ပေါ့။ ဒါပေမယ့်စိတ်မကောင်းစွာနဲ့ ၅နှစ်တာ ပြည့်သွားတယ်။ ဒါကြီးက အသုံးပြုခွင့်မရှိခဲ့ပါဘူး။” လို့ လွှတ်တော်ဥက္ကဌ ဦးလှထွေးကပြောပါတယ်။

လွှတ်တော်ဟစ်တိုင်ကို စိုက်ထူရခြင်းရည်ရွယ်ချက်က ပြည်သူတွေရဲ့ ဆန္ဒတွေကို ဟစ်တိုင်မှာ လာရောက်ဖော်ထုတ် ပြီး သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်တွေ၊ အစိုးရတာဝန်ရှိသူတွေက လာရောက်ဖြေရှင်းပေးဖို့ အတွက် ရည်ရွယ်ခဲ့တာဖြစ်တယ်လို့ ဦးလှထွေးကဆိုပါတယ်။

ဒါပေမဲ့လည်း ပြီးခဲ့တဲ့ ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလအတွင်းမှာ ကရင်နီလူငယ်အင်အားစုအဖွဲ့က ဗိုလ်ချုပ်ကြေးရုပ်နဲ့ပတ်သက်လို့ ဝန်ကြီးချုပ် နှင့် စီမံ/ဘဏ္ဍာဝန်ကြီးကို နုတ်ထွက်ပေးရေး ဆိုတဲ့စာတန်း
ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး ဟစ်တိုင်တည်ရှိတဲ့နေရာမှာ ဆန္ဒထုတ်ဖော်တာ တစ်ကြိမ်သာ ရှိခဲ့ဖူးပါတယ်။ နောက်ပိုင်းမှာတော့ ဟစ်တိုင်က ငြိမ်းစုစီဥပဒေနဲ့ညှိတဲ့အတွက် အသုံးပြုခွင့်မရတော့ဘူးလို့ ဦးလှထွေးကပြောပါတယ်။

“ဒါတွေကို ဟန်ပြသဘောသာထားခြင်းကတော့ လုံးဝကို ဒီမိုကရေစီလည်းမဆန်သလို လွှတ်တော်ရဲ့ဆောင်ပုဒ် ”ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ၊ ပြည်သူ့မျှော်လင့်ချက် လွှတ်တော်ကဖော်ဆောင်ရွက်” ဆိုတဲ့အခြေနေတွေ လုပ်ဆောင်ဖို့အတွက် ဟစ်တိုင်ကလိုအပ်သလို ဒီအပေါ်မှာ စည်းကမ်းသတ်မှတ်ချက်တွေမထားဘဲနဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အရ ဒီမိုကရေစီစံချိန်စံနှုန်းအရ ခွင့်ပြုပေးသင့်တယ်။ အဲဒီလို ခွင့်ပြုမှသာလျှင် လွှတ်တော်နဲ့ဟစ်တိုင်ထားရှိရကျိုးနပ်လိမ့်မယ်။” လို့ ပြည်နယ်အရေး လေ့လာစောင့်ကြည့်သူ ကိုကျော်ထင်အောင်ကပြောပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ကန့်ကွက်ဆန္ဒပြမှု ဖြစ်ပွားပြီးတဲ့နောက်ပိုင်းမှာ ပြည်နယ်အစိုးရက ဥပဒေကိုအကြောင်းပြုပြီး ဆန္ဒဖော်ထုတ်မှုတွေကို ကန့်သခဲ့သလို၊ လွှတ်တော်ဥပဒေပိုင်းဆိုင်ရာအရ ပြည်ထောင်စုလွှတ်တော်က ပြည်နယ်လွှတ်တော်ကို ဗဟိုထိန်းချုပ်မှုတွေ အများကြီးလုပ်ဆောင်ခဲ့တာကြောင့် လွှတ်တော်ဟစ်တိုင်မှာ ဆန္ဒဖော်ထုတ်မှုတွေကိုခွင့်ပြုလို့မရတော့တဲ့ အနေအထားတွေ ရှိနေတယ်လို့ ကိုကျော်ထင်အောင်က သုံးသပ်ပြောဆိုထားပါတယ်။

“ငြိမ်းစုစီဥပဒေရှိတဲ့အတွက် အဲဒါနဲ့ငြိတယ်ဆိုပြီးတော့မှ မလုပ်ရတာပေါ့။ အရင်တုန်းက ဗိုလ်ချုပ်ကြေးရုပ်နဲ့ဆန္ဒပြပြီးတော့မှ ကျတော့်ဆီမှာတစ်ရက်လာတောင်းမယ်ဆိုပြီးတော့မှ ကျတော့်အနေနဲ့ တော်တော်လေးရှင်းခဲ့ရတယ်။ ပွင့်ပွင့်လင်းလင်းပြောတာ။ အမှန်က ကျတော်ပြောခဲ့သလိုပဲ ဆန္ဒပြတာလည်း မြန်မာနိုင်ငံသားပဲ။ အပြခံရတာလည်း မြန်မာနိုင်ငံသားပဲ။ ဖြေရှင်းပေးတာလည်း မြန်မာနိုင်ငံသားပဲ။ သုံးဦးသုံးဖက် သူလည်းသူအစာမကြေတဲ့ဟာပြောပြ။ ဒီကလည်းပဲ သူလုပ်ပေးနိုင်တာပြောပြ။ အလယ်ကလည်းဖြေလို့ရှိရင် ကောင်းမှာပဲ။ ပြည်သူအတွက်ပေါ့ အဓိကကတော့။ ” လို့ ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးလှထွေးက ဆက်ပြောပါတယ်။

ဒီဥပဒေတွေကို ပြင်ဆင်ပေးဖို့ကို ပြည်ထောင်စုကို တင်ပြထားခဲ့တာရှိတယ်လို့ ဦးလှထွေးကဆက်ပြောပါတယ်။

ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော်ကို ယမန်နေ့ ဇန်ဝါရီလ ၂၇ ရက်နေ့မှာ ၂၀ ကြိမ်မြောက်ပုံမှန်အစည်းအဝေးပြုလုပ်သွားခဲ့ပြီး အဲဒီရက်မှာပဲ လွှတ်တော် သက်တမ်းကုန်ဆုံးသွားခဲ့ပြီးဖြစ်ပါတယ်။

တတိယအကြိမ် ပြည်နယ်လွှတ်တော် သစ်ကိုတော့ လာမယ့် ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ ခေါ်ယူသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts