spot_img
20.7 C
Loikaw
Sunday 22, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်း၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖျက်သိမ်းတာဟာ ဖက်ဒရယ်ဒီမိုကရေစီအတွက် အလားအလာကောင်းဟု ကယားပြည်နယ်ဒီမိုကရက်တီပါတီ အတွင်းရေးမှူးပြော

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖျက်သိမ်းတာဟာ ဖက်ဒရယ်ဒီမိုကရေစီအတွက် အလားအလာကောင်းဟု ကယားပြည်နယ်ဒီမိုကရက်တီပါတီ အတွင်းရေးမှူးပြော

-


ကန္တာရဝတီတိုင်း(မ်)


ယမန်နေ့ မတ်လ ၃၁ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPHက ၂၀၀၈ ဖွဲ့စည်းပုံကို အပြီးသတ်ဖျက်သိမ်းလိုက်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။


ယခုလို ၂၀၀၈ အခြေခံဥပဒေကို ဖျက်သိမ်းလိုက်တာဟာ တိုင်းရင်းသားတွေလိုလားတောင်းတနေတဲ့ ဖယ်ဒရယ်ဒီမိုကရေစီကိုတည်ဆောက်ဖို့အတွက် အလားအလာကောင်းတစ်ရပ်ဖြစ်တယ်လို့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူး ဦးသဲရယ်ကပြောပါတယ်။


“ အဲ့တာကတော့ ကျနော်တို့ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့အတွက် ကောင်းတဲ့အလားအလာလို့ ပြောရမှာပေါ့နော်။ ဘာလို့လဲဆိုရင် ၂၀၀၈ အောက်မှာပဲဆက်သွားမယ်ဆိုရင် ကျနော်တို့တိုင်းရင်းသားတွေလိုချင်တဲ့ ဖယ်ဒရယ်ဒီမိုကရေစီစနစ်ကို ရချင်သလောက်ရမှာ မဟုတ်ဘူးပေါ့နော်။ ဆိုတော့ ကျနော်တို့ဒီ ၂၀၀၈ ကိုဒီလိုဖျက်သိမ်းလိုက်တဲ့အခါမှာ တစ်ဖက်ကစနစ်တစ်ခုကိုကူးပြောင်းတဲ့အခါမှာ ပိုပြီးတော့မှ အထောက်အကူပြုစေတယ်လို့ ကျနော်မြင်တယ်။” လို့ပြောပါတယ်။


၂၀၀၈ အခြေခံဥပဒေကိုဖျက်သိမ်းပြီးတဲ့နောက် နိုင်ငံရဲ့ ဥပဒေအသစ်ပြန်လည်ရေးဆွဲတဲ့အခါမှာ CRPH နဲ့ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးပြီး ပြည်သူလူထုတွေအားပေးထောက်ခံတဲ့ အခြေခံဥပဒေကို အတည်ပြုပြဌာန်းဖို့လိုတယ်လို့ ဦးသဲရယ် ကဆက်ပြောပါတယ်။

“ အဓိက ကတော့တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ဆွေးနွေးဖို့လိုတယ်ပေါ့။ CRPH ကဖျက်ချင်လို့ဖျက်ပြီးတော့မှ ရေးချင်လို့သူ့ဟာသူပဲရေးတာမျိုးတော့ မဖြစ်စေချင်ဘူး။ တစ်ကယ်ပြန်ပြီးတော့မှ အခြေခံဥပဒေတစ်ခုကို ပြန်လည်ရေးဆွဲတဲ့အခါမှာ တိုင်းရင်းသားတွေနဲ့ ဆွေးနွေးညှိနိုင်းပြီးတော့မှ အတည်ပြုပြဌာန်းဖို့တော့လိုတာပေါ့။ CRPH က သူတို့ဟာပဲသူတို့ရေးတယ် တစ်ကယ့်တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေနားလည်တဲ့ ပုဂ္ဂိုလ်တွေ ပါမလာဘူးဆိုရင်လည်း ၂၀၀၈ ပုံစံအတိုင်းပဲ ပြန်သွားနိုင်တဲ့အနေအထားမျိုးရှိတာပေါ့နော်။” လို့ပြောပါတယ်။


လက်ရှိမှာ CRPH ကဖွဲ့စည်းပုံဖျက်သိမ်းလိုက်ကြောင်း ကြေညာချက်ထုတ်ထားပေမဲ့ အာဏာသိမ်း စစ်ကောင်စီဖက်က တုန့်ပြန်မှုကိုစောင့်ကြည့်နေတယ်လို့ လည်းဆိုပါတယ်။


၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ အရင် စစ်အစိုးရလက်ထက်က ရေးဆွဲထားခဲ့တဲ့ ဥပဒေဖြစ်ပြီး အဓိကအားဖြင့် စစ်တပ် ကောင်းစားရေးကို အဓိကထား ရေးဆွဲထားခဲ့တဲ့ ဥပဒေဖြစ်ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ