spot_img
18.5 C
Loikaw
Saturday 21, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းသွေးတိုးရောဂါအခံရှိတဲ့ စစ်ရှောင်တစ်ဦး မိသားစုနဲ့ အဆက်အသွယ်မရခင် ဆုံးပါးသွားခဲ့ရ

သွေးတိုးရောဂါအခံရှိတဲ့ စစ်ရှောင်တစ်ဦး မိသားစုနဲ့ အဆက်အသွယ်မရခင် ဆုံးပါးသွားခဲ့ရ

-

ကန္တာရဝတီတိုင်း(မ်)

ဒီးမော့ဆိုအနောက်ဖက်ခြမ်း စစ်ရှောင်စခန်းတစ်ခုမှာ စစ်ရှောင်နေပြီး သွေးတိုးရောဂါ အခံရှိနေတဲ့ အသက် ၄၀ကျော်အရွယ် အမျိုးသားတစ်ဦး ရုတ်တရက် သတိလစ်ပြီး သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

အသက်သေဆုံးတဲ့သူကတော့ မိသားစုနဲ့ တကွဲတပြား စစ်ရှောင်နေရတာဖြစ်ပြီး မိသားစုဝင်တွေနဲ့ အဆက်အသွယ်မရခင် ဆုံးပါးခဲ့ရတာတာဖြစ်တယ်လို့ သေဆုံးသူအမျိုးသားနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

” သူ့မိသားစုက တစ်ခြားနေရာမှာစစ်ရှောင်တယ် သူခါကျတော့ နောက်မှရောက်လာတော့ သူဒီမှာတစ်ယောက်ထဲကျန်ခဲ့တော့ သူ့မိသားစုဆီသွားမယ်ဆိုပြီး သူများနဲ့သွားပို့ခိုင်းတော့ သူ့မိသားစုကိုမတွေ့ဘဲ ဒီမာဘဲပြန်ရောက်လာတာလေ နောက် သူ့အတွေးများလို့လားမသိ သူ့မိသားစုနဲ့မတွေ့ရတော့ အဲ့တာနဲ့လည်း ပါမယ်ထင်တယ်။ ” လို့ ပြောပါတယ်။

မတ်လ ၂၅ရက်နေ့က ဆုံးပါးသွားတာဖြစ်ပြီး ၂၆ရက်နေ့မှာ သဂြိုလ်ခဲ့ပါတယ်။ သေဆုံးသူဟာ ကလေး ၁၀ ယောက်ရဲ့ ဖခင်ဖြစ်ပြီး သူ့ရဲ့ အငယ်ဆုံးကလေးကတော့ KGအတန်း အရွယ်သာရှိသေးတာဖြစ်ပါတယ်။

သူရဲ့ အမျိုးသမီးနဲ့ သားသမီးတွေကိုဦးစွာ စစ်ရှောင်ခိုင်းပြီး သူကတော့ နောက်မှစစ်ရှောင်လာတာဖြစ်တဲ့အတွက် မိသားစုနဲ့ အဆက်အသွယ်မရခဲ့ဘူးလို့ သိရပါတယ်။ မိသားစုဝင်တွေနဲ့ အဆက်သွယ်မရတဲ့အတွက်လည်း စိတ်ဖိစီးမှုများပြီးသွေးတိုးတက် ဆုံးသွားတာဖြစ်တယ်လို့ နီးစပ်သူတွေက ဆိုကြပါတယ်။

သူကတော့ ဒီးမော့ဆိုအရှေ့ဖက်ခြမ်း ဒေါတချရွာဟောင်းမှာနေထိုင်တာဖြစ်ပြီး ဒီးမော့ဆိုအနောက်ဖက်ခြမ်းမှာ စစ်ရှောင်လာတာနှစ်ပတ်ကျော်ရှိနေတာဖြစ်ပါတယ်။

ဒီးမော့ဆိုအရှေ့ခြမ်းမှာဆိုရင် မတ်လဒုတိယအပတ်ကနေစပြီး စစ်ကောင်စီ စစ်ကြောင်းထိုးလာတဲ့အတွက် ဒီးမော့ဆိုအရှေ့ခြမ်း စစ်ရှောင် ၃သောင်းနီးပါး ဟာ ဒီးမော့ဆိုအနောက်ဖက်ခြမ်း၊ ဖရူဆို၊ လွိုင်ကော် တွေမှာ တိမ်းရှောင်ခဲ့ကြရတာဖြစ်ပါတယ်။

ဒီးမော့ဆိုအနောက်ဖက်ခြမ်းမှာဆိုရင်လည်း စစ်ရှောင်ထောင်နဲ့ချီ ရောက်ရှိလာတာတွေရှိနေပြီး စစ်ရှောင်ကလေးတွေဆိုရင်လည်း ဝမ်းပျက်ဝမ်းလျော ဖြစ်တာတွေ၊ အရေအပြားယားနာတာတွေလည်း ဖြစ်ပွားတာတွေ ရှိနေပါတယ်။

အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၃ ခုနှစ် မတ် လ အထိ စစ်ရှောင်ရင်း ဆုံးပါးသွားခဲ့ရတဲ့ စစ်ရှောင် ၁၃၀အထိ ရှိတယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) က မတ်လ ၁ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ