Homeသတင်းဆိုမိုဖေစိုးလေးမြို့နယ်က ကျေးရွာ ၃ရွာမှာ မိုးရေကြီးပြီး နေအိမ်အများစု ရေနစ်မြုပ်

ဆိုမိုဖေစိုးလေးမြို့နယ်က ကျေးရွာ ၃ရွာမှာ မိုးရေကြီးပြီး နေအိမ်အများစု ရေနစ်မြုပ်

-

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည်၊ ဆိုမိုဖေစိုးလေးမြို့နယ် ( တနည်းအားဖြင့် ရှားတောမြို့နယ်) အတွင်းက ကျေးရွာ ၃ ရွာမှာ မိုးရေကြီးပြီး ဒေသခံတွေရဲ့ နေအိမ်အများစု ရေနစ်မြုပ်သွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဆိုမို ဖေစိုးလေးမြို့နယ် အတွင်းမှာရှိတဲ့ ပွန်ချောင်း၊ ဆုဖဲလော နဲ့ နော်ပလု ဆိုတဲ့ ကျေးရွာသုံးရွာက နေအိမ်အများစု ရေနစ်မြုပ်တာဖြစ်တယ်လို့ ဒေသခံ လူငယ်အမျိုးသားတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“ မြို့ပေါ်မှာတော့ ဘာမှမဖြစ်သေးဘူး။ ပွန်ချောင်းဘေးက ကျေးရွာတွေတော့ ပါသွားတယ်။ တစ်ရွာလုံးတော့မဟုတ်ဘူး။ လောလောဆယ်တော့ ရေမြုပ်တဲ့ အိမ်တွေတော့ ရေမကြီးတဲ့ ခြံထဲမှာ နေကြတယ်”လို့ သူက ဆိုပါတယ်။

နေအိမ်နစ်မြုပ်သွားတဲ့ ဒေသခံတွေဟာ ရေမတက်လာနိုင်သေးတဲ့ စစ်ရှောင်စခန်းတချို့နဲ့ ပိုမြင့်တဲ့ အဆောက်အဦးတွေ၊ ခန်းမဆောင်တွေနဲ့ တခြားကျေးရွာတွေမှာ သွားရောက် တည်းခိုနေထိုင်ကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းပြီးနောက် ဒီကနေ့ စက်တင်ဘာလ ၁၂ ရက်နေ့မှာ ရေမြှင့်တက်ပြီး နေအိမ် ရေမြှုပ်သွားတာဖြစ်ပါတယ်။

“ဒီရက်ပေါ့နော်။ ထိခိုက်ပျက်စီးမှူအခြေအနေကတော့ မသိရသေးဘူး။ ရေပြန်ကျမှာ ပိုသိရမယ်။ လောလောဆယ် အိမ်တွေတော့ မြုပ်နေတယ်။ ပစ္စည်းတွေလည်း မသယ်မှီတာ မသယ်လိုက်ရသူ တွေရှိတယ်။ တချို့ဆို ဘာကိုဘာမှပါမလာဘူး”လို့ ဒေသခံလူငယ် အမျိုးသားတစ်ဦးက ဆက်ပြောပါတယ်။

လက်ရှိမှာ ရေကြီးနေသေးတာကြောင့် နေအိမ်နစ်မြုပ်တဲ့ ပျက်စီးမှုအပြင် အခြားသော ထိခိုက်ပျက်စီးမှုအခြေအနေကို မသိရှိရသေးပါဘူး။

အသက် ( ၇၀ )အရွယ် အမျိုးသားတစ်ဦးကလည်း အခုလို ရေဘေးဒဏ် ဆိုးဝါးတာကို ပထမဆုံးအကြိမ် ကြုံတွေ့နေရတယ်လို့ ပြောဆိုပါတယ်။

ဒါ့အပြင် ပွန်ချောင်းလည်း လတ်တလောမှာ ရေမြှင့်တက်နေတာကြောင့် အနီးအနားက ဒေသခံတွေ ၊ စစ်ဘေးရှောင်တွေဟာ တခြားနေရာကို တိမ်းရှောင်နေရပြီး လိုအပ်ချက်တွေ မြင့်မားနေတယ်လို့ သိရပါတယ်။

အဆိုပါ ရေနစ်မြုပ်သွားတဲ့ကျေးရွာထဲက ပွန်ချောင်းကျေးရွာမှာ အိမ်ခြေ ၅၀ ၊ ဆုဖဲလောကျေးရွာမှာ ၁၆၈ အိမ် နဲ့ နော်ပလုကျေးရွာမှာ ၄၉ အိမ်ရှိပါတယ်။

Karenni #KantarawaddyTimes #KarenniNews #ရှားတော #ရေကြီး #တိမ်းရှောင်နေရ #သဘာဝဘေးဒဏ် #လိုအပ်ချက်မြင့်မား

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ