spot_img
22.7 C
Loikaw
Wednesday 8, October 2025
spot_img
Homeသတင်းကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်ရှိ ဆေးဆိုင်တချို့မှာ ဆေးဝါးပြတ်လပ်မှုရှိနေ

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်ရှိ ဆေးဆိုင်တချို့မှာ ဆေးဝါးပြတ်လပ်မှုရှိနေ

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အတွင်းက ဆေးဆိုင်တချို့မှာ ဆေးဝါးပြတ်လပ်နေတာကြောင့် အသုံးများတဲ့ ဆေးတချို့ကို ဝယ်ယူလို့မရတော့ဘူးလို့ ဒေသခံတွေဆီကနေ သိရပါတယ်။

“ဆေးက ဝယ်ယူရတာ ခက်ခဲတာပေါ့။ သီတင်းကျွတ် မတိုင်ခင်က ကားမဝင်တော့ ဆေးနည်းနည်းပြတ်နေတာပေါ့။ အဓိက ထိုးဆေး၊ ဓာတ်ဆားက အစ ဒီ အသုံးများတဲ့ ဆေးတွေက ပိုပြတ်နေတာပေါ့”လို့ ဆေးဆိုင်ရောင်းသူတစ်ဦးက ပြောပါတယ်။

ပြည်နယ်အတွင်းကို ကုန်စည်ဝင်ရောက်မှု မရှိတော့တာကြောင့် ဆေးဝါးပြတ်လပ်နေတာဖြစ်ပါတယ်။ လိုအပ်တဲ့ဆေးဝါးတွေကို တခြားနည်းလမ်းတွေနဲ့မှာယူလို့ရပေမယ့်လည်း စျေးပိုပေးပြီး မှာယူနေရတယ်လို့ ဆေးဆိုင်ရောင်းသူက ဆက်ပြောပါတယ်။

“ဆေးမှာယူရတာ ခက်ခဲတယ် တစ်လနဲ့ တစ်လက မတူဘူး။ တစ်ခါဝယ်ယူရင် တစ်ခါစျေးက ပိုတက်လာတယ်” လို့ သူက ဆိုပါတယ်။

အခုလိုဆေးဝါးတွေပြတ်လပ်နေတာကြောင့် နာတာရှည်ရောဂါသည်တွေအတွက် အခက်အခဲ ရှိနေပါတယ်။

“တချို့ ဆေးပြတ်တာ ဟုတ်တယ်။ ဆေးပြတ်တော့ နာတာရှည် ဆေးသုံးစွဲရတဲ့သူတွေ အတွက်တော့ ခက်ခဲတာပေါ့နော။ ပြီးရင် အဝေးကနေ လာပြီး ဝယ်တဲ့လူတွေကော့ ဆေးမရှိတော့ သူတို့ ဒုက္ခရောက်တာပေါ့”လို့ ဆေးဆိုင်ရောင်းသူက ဆိုပါတယ်။

လက်ရှိမှာ ကရင်နီပြည်တွင်းကို ဝင်ရောက်လာနိုင်မယ့် ကုန်စည်လမ်းကြောင်းတွေကို အသုံးပြုလို့မရတဲ့အပြင် စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တွေကြောင့် ဆေးဝါးအပြင် တခြားကုန်စည် ပစ္စည်းများ ဝင်ရောက်မှုခက်ခဲနေတာဖြစ်ပါတယ်။

ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းမှာ ကုန်ပစ္စည်းနဲ့ ဆေးဝါးတွေပြတ်လပ်နေတာ တလ ဝန်းကျင်ရှိနေပြီလို့ ဒေသခံတွေက ပြောပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ