spot_img
12.9 C
Loikaw
Monday 26, January 2026
spot_img
Homeသတင်းထိုင်းနိုင်ငံကိုရောက်ရှိတဲ့ နိုင်ငံတကာရောက် ကရင်နီလူထုတွေ နဲ့ KNPP တာဝန်ရှိသူတွေ တွေ့ဆုံ

ထိုင်းနိုင်ငံကိုရောက်ရှိတဲ့ နိုင်ငံတကာရောက် ကရင်နီလူထုတွေ နဲ့ KNPP တာဝန်ရှိသူတွေ တွေ့ဆုံ

-

ကန္တာရဝတီတိုင်း ( မ် )

ထိုင်းနိုင်ငံကို ရောက်ရှိနေကြတဲ့ နိုင်ငံတကာရောက် ကရင်နီလူထုတွေ နဲ့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ ( KNPP ) ရဲ့ တာဝန်ရှိသူတွေ ယမန်နေ့ (ဒီဇင်ဘာလ ၃၀ ရက်နေ့) မှာ တွေ့ဆုံခဲ့ကြပါတယ်။

အဆိုပါ တွေ့ဆုံဆွေးနွေးမှုမှာတော့ KNPP တာဝန်ရှိသူတွေကနေ ကရင်နီပြည်ရဲ့လက်ရှိအခြေအနေကို တင်ပြတာ၊ နိုင်ငံတကာရောက် ကရင်နီလူထုတွေရဲ့အခက်အခဲတင်ပြတာ ၊ အဖွဲ့လိုက်ဆွေးနွေးတင်ပြတာတွေ ၊ အမေးအဖြေကဏ္ဍနဲ့ ပြုလုပ်သွားကြပါတယ်။

ဒုက္ခမျိုးစုံကို ရင်ဆိုင်နေရတဲ့ ကရင်နီလူထုတွေအတွက် နိုင်ငံတကာကို ရောက်ရှိနေတဲ့ ကရင်နီလူထုထံကနေ များစွာသော အကူအညီရရှိပြီး အကျိုးရှိစွာ အသုံးပြုနေတယ်လို့လည်း KNPP ဥက္ကဌ ခူဦးရယ်က ပြောဆိုသွားပါတယ်။

“ကျနော်တို့ တစ်စိတ်တစ်ဝမ်းထဲ ဝေးဝေးနီးနီးပေါ့နော ဆက်ပြီးရပ်တည်ဖို့ စိတ်ဓတ်ခွန်အားပေးဖို့ မေတ္တာပို့သပေးဖို့ ဆုတောင်းပေးဖို့ ဒါလည်း ရပ်တည်တဲ့နည်းလမ်းတစ်ခုဖြစ်တယ်။ ဆိုတော့ ရောက်ရှိတဲ့နေရာကတော့ နီးတယ်ဝေးတယ်တာမဟုတ်ဘဲနဲ့ ထောက်ပို့မှုတွေ အပြန်အလှန်ပေးနေကြဆဲပဲဆိုတာ ကျနော်ယုံကြည်ပါတယ်။ သူတို့လည်းဆက်ပြီး ဒီလိုပဲ ပံ့ပိုးနေအုံးမယ်လို့ ယုံကြည်ပါတယ်။” လို့ KNPP ဥက္ကဌ ခူဦးရယ်က ပြောပါတယ်။

အာဏာသိမ်းပြီးနောက် ၄နှစ်တာကာလအတွင်း အမေရိကန် ၊ ဖင်လန် ၊ ကနေဒါ ၊ ဩစတေးလျ ၊ ဆွီဒင် ၊ နယူးဇီလန် အပြင် တခြားသောနိုင်ငံတကာရောက်ရှိနေကြတဲ့ ကရင်နီလူထုတွေဟာ ၂၀၂၁ခုနှစ်ကစပြီး စဉ်ဆက်မပြတ် ကူညီပေးနေတာရှိပေမယ့် လက်ရှိမှာတော့ လူနေမှုစရိတ်ကြီးမြင့်တာအပြင် တခြားသောအခက်အခဲတွေကြောင့် ပါဝင်ကူညီမှုဟာ လျော့နည်းလာတယ်လို့ သိရပါတယ်။

အမေရိကန်မှာရောက်ရှိတဲ့ ကရင်နီလူထုကနေ ဖွဲ့စည်းထားတဲ့ Karenni America Association ကနေ ပြည်နယ်အသီးသီး ၊ မြို့နယ်အသီးသီးက ကရင်နီအသိုင်းအဝန်းတွေနဲ့ တွေ့ဆုံပြီး အလှူငွေကောက်ခံတာ ၊ ရန်ပုံငွေ ရှာဖွေရေးအစီအစဉ်တွေ ပြုလုပ်ပြီး ကရင်နီလူထုအတွက် ဆောင်ရွက်နေလျက်ရှိတယ်လို့ Karenni America Association ၊ ဒါရိုက်တာ ခူးတီရယ်က ကန္တာရဝတီတိုင်း ( မ် ) ကို ပြောပါတယ်။

“အဓိက ဒီတစ်ခေါက်ပြန်လာလည်တာကလည်း အဓိက ဒီတစ်ခုပါပဲ ဒီဖက်က သူတို့ ဘာကူညီ နိုင်မလဲပေါ့။ ဒီလူကြီးတွေနဲ့ အဓိကပြန်တွေ့ချင်တယ်။ ပြီးတော့ အောက်ခြေ ရဲဘော်ရဲဖက် တွေနဲ့ သွားရောက်တွေ့ချင်တယ်၊ သူတို့ဆီကရလာတဲ့ information တွေကို ဟိုဖက်က ပြည်သူလူထုတွေက ကြားချင်တယ်။” လို့ Karenni America Association ၊ ဒါရိုက်တာ ခူးတီရယ်က ပြောပါတယ်။

နိုင်ငံတကာရောက် ကရင်နီလူထုတွေဟာ အွန်လိုင်းသော်လည်းကောင်း ၊ မြေပြင်သော်လည်းကောင်း အချိတ်အဆက်ရှိကြပြီး ကရင်နီအမျိုးသားရေးအတွက် ရရှိလာတဲ့ ရံပုံငွေတွေကို ကရင်နီ အရေးပေါ်ကယ်ဆယ်ရေး CTER-Karenni မှတဆင့် ကရင်နီလူထုကို အကူအညီပေးနေတာဖြစ်ပါတယ်။ ရရှိလာတဲ့အကူအညီတွေကို တော်လှန်ရေး နဲ့ လူသားချင်းစာနာထောက်ထားမှုအပိုင်းမှာ အဓိက ခွဲဝေသုံးစွဲနေတာဖြစ်ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ