spot_img
20.5 C
Loikaw
Friday 3, October 2025
spot_img
Homeသတင်းနှစ်သစ်ကူးညကို ဗုံးခိုကျင်းထဲ ဖြတ်သန်းရတဲ့ စစ်ဘေးရှောင်များ

နှစ်သစ်ကူးညကို ဗုံးခိုကျင်းထဲ ဖြတ်သန်းရတဲ့ စစ်ဘေးရှောင်များ

-

ကန္တာရဝတီတိုင်း ( မ် )

၂၀၂၅ နှစ်သစ်ကူးညမှာ ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းကို စစ်ကောင်စီ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးရှောင်တွေနဲ့ ဒေသခံတွေဟာ ဗုံးခိုကျင်းထဲမှာပဲ နှစ်သစ်ကူးညကို ဖြတ်သန်းခဲ့ရပါတယ်။

နှစ်သစ်ကူးည ၁၂ နာရီမတိုင်ခင်အချိန် ဗုံးကြဲခံရတဲ့နေရာအနီးမှာ နေထိုင်တဲ့ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက သူရဲ့ အတွေ့အကြုံကို အခုလိုပြောပါတယ်။

“မနေ့က ၁၂နာရီဝန်းကျင်ပေါ့။ new year ကြိုဆိုနေတယ်လေ မနေ့က အဲ့ခါကျတော့ မီးပုံဘေးမှာထိုင်ပြီး မီးလှုံကြတယ်ပေါ့။ လေယာဉ်လာကြဲသွားတော့ ကိုယ်လည်း လန့်‌တယ်ပေါ့။ ကလေးကအိပ်ပျော်နေတော့ ကလေးတွေကိုချီပြီး‌တော့မှ ဗုံးခိုကျင်းမှာ သွားပုန်းနေရတယ်။ ခနနေကျရင် နောက်တခါထပ်လာမှာ စိုးရိမ်တယ်ပေါ့နော်”လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

အဲ့ဒီ တိုက်ခိုက်မှုကြောင့် ထိခိုက်မှုမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိသလို ၂၀၂၄ခုနှစ်ရဲ့ နောက်ဆုံးနေ့ ၊ နှစ်သစ်ကူးနေ့ကို ကြိုဆိုနေကြတဲ့အချိန် ဒီလို ဗုံးကြဲတိုက်ခိုက်မှုဟာ ပြည်သူတွေကို မပျော်ရွှင်ရအောင် နည်းအမျိုးမျိုးနဲ့ ဖိနှိပ်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

“new year မှာ ပျော်ရွှင်ရမယ့်ဟာကို သူတို့(စစ်ကောင်စီ) က စိတ်ဒဏ်ရာ ထပ်ခါထပ်ခါလာပေးတယ်။နှစ်သစ်မှာဆို ပျော်ရွင်ချင်တယ်လေနော် သူတို့ (စစ်ကောင်စီ ) ရဲ့လုပ်ရပ်တွေက ပြည်သူတွေကို နှိပ်စက်နေတာ၊ ပြည်သူတွေကို ခြောက်လန့်နေတာ၊ ပြည်သူတွေကို ဖိနှိပ်နေတယ်။”လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ဆက်ပြောပါတယ်။

ယမန်နေ့ ( ဒီဇင်ဘာလ ၃၁ ရက်နေ့ ) နှစ်သစ်ကူးနေ့ တစ်ရက်ထဲမှာပဲ လွိုင်ကော်အရှေ့ခြမ်းမှာရှိတဲ့ ဆင်စခန်း စစ်ရှောင်စခန်း လေယာဉ်နဲ့ ဗုံးကြဲခံရတဲ့အတွက် ထိခိုက်သေဆုံးသူနဲ့ ဒဏ်ရာရသူတွေ ရှိခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက် ၂၀၂၁ခုနှစ်ကနေ ၂၀၂၄ခုနှစ် ၊ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ကရင်နီပြည် နဲ့ ကယန်းဒေသတွေမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုအရေအတွက် (၁၇၆၅) ကြိမ် နဲ့ အရပ်သားသေဆုံးမှု (၅၃၆) ဦးရှိတယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) က ဒီကနေ့ ဇန်နဝါရီလ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ