Homeသတင်းတောင်ကြီးမှာ PSMS စနစ်နဲ့ စစ်ဆေးမှု စနစ်တကျပိုမို လုပ်ဆောင်သွားဖို့ စစ်ကောင်စီရဲ့ ထွေအုပ်က အမိန့်စာထုတ်ပြန်

တောင်ကြီးမှာ PSMS စနစ်နဲ့ စစ်ဆေးမှု စနစ်တကျပိုမို လုပ်ဆောင်သွားဖို့ စစ်ကောင်စီရဲ့ ထွေအုပ်က အမိန့်စာထုတ်ပြန်

-

ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်အတွင်း ဝင်ရောက်လာသူတွေကို People Survellaince and Management System (PSMS) စနစ် (ပြည်သူ့အချက်အလက် စောင့်ကြည့်မှုနဲ့ ထိန်းချုပ်မှုစနစ်) ကို အသုံးပြုစစ်ဆေးဖို့ တောင်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လ ၄ ရက်နေ့ နေ့စွဲနဲ့ အမိန့်စာထုတ်ပြန်ပါတယ်။

ဟိုတယ်၊မိုတယ်၊ တည်းခိုခန်းလုပ်ငန်းရှင်တွေနဲ့ ယာဉ်လိုင်းလုပ်ငန်းရှင်တွေက အဆိုပါ (PSMS)စနစ်ကိုအသုံးပြုပြီး စစ်ပြေး၊ ရဲပြေး၊ ရဲဘက်ပြေး၊ တရားခံပြေးတွေနဲ့ အကြမ်းဖက်သမားတွေကို ဖမ်းဆီးနိုင်ရေး နဲ့ CRPH၊ NUG၊ PDF တွေကို သူတို့ရဲ့ အွန်လိုင်းပေါ်ပြန့်နှံ့နေတဲ့ ဓါတ်ပုံ၊ ဗီဒီယိုတွေနဲ့ တိုက်ဆိုင် စိစစ်ပြီးဖမ်းဆီးဖို့ အမိန့်စာထုတ်ထားတာပါ။

လုပ်ငန်းရှင် အသီးသီးကနေ PSMS စနစ်နဲ့ စစ်ဆေးမေးမြန်းရာမှာ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းအတွင်း လာရောက်တည်းခိုသူတွေနဲ့ မြို့အဝင်/အထွက်နေရာ၊ ကားဂိတ်၊ ယာဉ်လိုင်းပေါ် စီးနင်းလိုက်ပါသူတွေ ရဲ့ ကိုယ်ရေးအချက်အလက်ဖြစ်တဲ့ အမည်၊ နိုင်ငံသားစိစစ်ရေးကဒ်ပြား အမှတ်တွေ သေချာစစ်ဆေးဖို့နဲ့ စစ်ဆေးခံသူအနေနဲ့လည်း ကြည်ဖြူစွာ အစစ်ဆေးခံဖို့ လိုအပ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဆိုပါ လုပ်ငန်းရှင် /တာဝန်ရှိသူ အသီးသီးကနေ သေချာမေးမြန်း စစ်ဆေးဆောင်ရွက်ပြီးမှသာ
သက်ဆိုင်ရာအုပ်ချုပ်ရေး အဖွဲ့အစည်း၊ လုံခြုံရေး အဖွဲ့အစည်းနဲ့ ရဲစခန်းဆီ တိကျတဲ့ အချက်အလက်တွေ ပေးပို့ထားရမှာ ဖြစ်ပြီး သတင်းအရသော်လည်းကောင်း၊ လိုအပ်ချက်အရသော်လည်းကောင်း စစ်ဆေးဆောင်ရွက်သွားဖို့ လိုအပ်ပါက ပူးပေါင်းဆောင်ရွက် သွားရမှာဖြစ်တယ်လို့လည်း သိရပါတယ်။

အဆိုပါ ဆောင်ရွက်ချက်တွေကို လိုက်နာခြင်းမရှိပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း တောင်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဆီက ထုတ်ပြန်ထားပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ