spot_img
23 C
Loikaw
Thursday 2, October 2025
spot_img
HomeFact-Checkingဖယ်ခုံ PDF တပ်ခွဲ(၂) ဟာ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး အလင်းဝင်ဖို့ ဆွေးနွေးမှုတွေပြုလုပ်နေတယ် ဆိုတဲ့ သတင်းမှား

ဖယ်ခုံ PDF တပ်ခွဲ(၂) ဟာ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး အလင်းဝင်ဖို့ ဆွေးနွေးမှုတွေပြုလုပ်နေတယ် ဆိုတဲ့ သတင်းမှား

-

ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်အတွင်းမှာ စစ်ရေးလှုပ်ရှားဆောင်ရွက်နေတဲ့ ဖယ်ခုံ PDF တပ်ခွဲ(၂) ဟာ စစ်ကောင်စီနဲ့ ပူးပေါင်းပြီးအလင်းဝင်ဖို့ ဆွေးနွေးမှုတွေ လုပ်နေတယ်ဆိုတဲ့ သတင်းပေါ်ထွက်လာမှုဟာ သတင်းအမှားသာဖြစ်ကြောင်း ကန္တာရဝတီတိုင်း(မ်) ကနေ စုံစမ်းမြေမြန်းချက်အရ သိရှိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၉ ရက်နေ့မှာ “ Pekhon-PDF တပ်ရင်း (၂) တပ်ခွဲ (၂) ဆင်ဖြူရွာ တပ်ခွဲမှူး အောင်မင်းရဲ့
ဖခင်ဖြစ်သူ ဦးတင်အုန်း မှ တပ်မတော်စစ်ကြောင်းများနှင့် ချိတ်ဆက်ကာ စစ်ဘေးရှောင်ပြည်သူများ နေရပ်ပြန်နိုင်ရေး ကြိုးပမ်းနေပြီး ဒေသခံပြည်သူများအတွက် အားလုံးတာဝန်ယူဖြေရှင်းသွားမယ်။”လို့ စစ်ကောင်စီ လော်ဘီဖြစ်တဲ့ “ရှမ်း-ကယားဟစ်တိုင်” ဆိုတဲ့အကောင့်နဲ့ တယ်လီဂရမ်ချာနယ်မှာ ဖော်ပြထားပါတယ်။

အလားတူ ဩဂုတ်လ ၉ ရက်နေ့မှာတော့ “ဖယ်ခုံအင်းအရှေ့ဖက်ကမ်းမှာရှိတဲ့ Pekhon-PDF-2 တပ်ခွဲ 2 တပ်ခွဲမှူး အောင်မင်း ဦးဆောင် အဖွဲ့က တပ်မတော်စစ်ကြောင်းထံ အလင်းဝင်ရန်အတွက် ဆွေးနွေးမှုတွေပြုလုပ်နေတယ် “လို့ စစ်ကောင်စီ လော်ဘီဖြစ်တဲ့ “ရှမ်း-ကယားဟစ်တိုင်” ဆိုတဲ့ ဖေ့ဘွတ်ခ် နာမည်နဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ထပ်မံ ဖော်ပြထားတာရှိပါတယ်။

ဒါ့အပြင် အဆိုပါ အချက်အလက်တွေကို စစ်ကောင်စီရဲ့ ဝါဒဖြန့် ချာနယ်လို့ ယူဆရတဲ့ “Shan Gyi” ဆိုတဲ့ တယ်လီဂရမ်ချာနယ်မှာလည်း ဖော်ပြထားတာတွေ့ရပါတယ်။

အဆိုပါ သတင်းအကြောင်းအရာ ဖော်ပြချက်နဲ့ ပတ်သက်ပြီး မြေပြင်တော်လှန်ရေးတပ်ဖွဲ့ကို မေးမြန်းရာမှာ မြေပြင်မှာ တကယ်ပူးပေါင်းမှုမရှိကြောင်း အခုလိုပြောလာပါတယ်။

“အဲ့သတင်းနဲ့ ပတ်သက်ပြီး မေးကြည့်တာတော့ မြေပြင်မှာတော့ မရှိဘူးပြောကြတယ်။”လို့ ရှမ်းတောင် စစ်ဒေသခွဲ၊ PDF ဗျူဟာအမှတ်(၁) က ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

စစ်ကောင်စီ ဖော်ပြထားတဲ့ သတင်းအချက်အလက်တွေထဲမှာ ပျားစစ်ကြောင်းအဖွဲ့က Pekhon- PDF. တပ်ခွဲ ၂ အဖွဲ့ လက်အောက်ခံအဖြစ်ပူးပေါင်းပြီး စစ်ကောင်စီစစ်ကြောင်းထံ အလင်းဝင်ရန်အသင့်ဖြစ်နေပြီး လက်နက်ခဲယမ်းအချို့ကို အပ်နှံထားပြီလို့ ဖော်ပြထားပါတယ်။

လက်ရှိ ဖယ်ခုံအင်းအရှေ့ဖက်ကမ်းက မြေပြင်တော်လှန်ရေး တပ်ပေါင်းစုတွေဟာ အခြားဒေသကို ရောက်ရှိနေကြပြီဖြစ်တာကြောင့် အဆိုပါ သတင်းဟာ သတင်းအတုသာဖြစ်ကြောင်း မိုးဗြဲ PDF တာဝန်ရှိသူတစ်ဦးက သူ့ရဲ့ ဖေ့ဘွတ်ခ်စာမျက်နှာပေါ်မှာ ဖော်ပြထားတာရှိတယ်။

“ အရှေ့ဖက်ကမ်း တပ်ပေါင်းစုအားလုံးက အခြားဒေသမှာ ရောက်နေပြီမို့ စစ်ကောင်စီလော်ဘီတွေကို မယုံကြပါနဲ့ သတင်းအတုတွေပါ။“ လို့ မိုးဗြဲ PDF တာဝန်ရှိသူတစ်ဦးက သူ့ရဲ့ ဖေ့ဘွတ်ခ်စာမျက်နှာပေါ်မှာ ပြောဆိုထားပါတယ်။

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ဖယ်ခုံအင်းအရှေ့ဖက်ကမ်းမှာ ကျေးရွာ လူထုတွေဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၉ ရက်နေ့ကစပြီး စစ်ကောင်စီနဲ့ PNO တို့ရဲ့ စစ်ကြောင်းထိုးမှုကြောင့် စတင်တိမ်းရှောင်ခဲ့ကြကာ လက်ရှိအချိန်ထိ တိမ်းရှောင်နေကြဆဲ ရှိသလို ကျေးရွာအတွင်း ကျန်ရှိနေဆဲ ပြည်သူတွေရှိနေပါသေးတယ်။

အခုလို သတင်းအမှား ဖော်ပြထားချက်မှာလည်း ဖယ်ခုံ PDF တပ်ခွဲ(၂) ဟာ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး တိမ်းရှောင်ကြတဲ့ လူထုတွေ နေရပ်ပြန်နိုင်ရေး၊ ပြည်သူလူထု စားသောက်ကုန်တွေ တင်သွင်းပေးနိုင်ရေးအတွက် ပါဆွေးနွေးမှုပြုလုပ်ကြတယ်လို့ စစ်ကောင်စီ ထုတ်ပြန်ဖော်ပြချက်တွေမှာ ပြောဆိုထားပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ